သတင်း

ရသေ့တောင်မြို့နယ် ချိန်ခါလီရွာ၌ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းတွေ့ရှိ

ဇူလိုင် ၁၃ တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် ဦးထွန်းမောင်စိန်ဟု ယူဆရသူ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ၎င်း၏နေအိမ် အိမ်သာကျင်းထဲတွင် တွေ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။ 

ဦးထွန်းမောင်စိန် ပျောက်ဆုံးနေခဲ့ပြီး ၁၈ ရက်အကြာတွင် ၎င်း၏နေအိမ်ရှိ အိမ်သာကျင်းထဲတွင် ရုပ်အလောင်းတစ်လောင်း ပုပ်ပွလျက်တွေ့ရှိရသဖြင့် ယင်းရုပ်အလောင်းမှာ ဦးထွန်းမောင်စိန်ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။ 

“စစ်တပ်က ရွာထဲကို ဝင်လာတဲ့အချိန်မှာ ကျွန်တော့်ယောက္ခမကို ဆိုင်ထဲမှာတွေ့လို့ အိမ်နောက်ဘေးလမ်းဝနားမှာ ပစ်သတ်ခဲ့တာပါ။ အိမ်ရှင်မ ရှေ့မှာ ပစ်သတ်ခဲ့တာ။ အလောင်းကို ကိုယ့်အိမ်ထဲက အိမ်သာတွင်းထဲကနေ တွေ့ရပါတယ်။ အခု ကျွန်တော့်ယောက္ခမကို ဆယ်လို့မရရင်လည်း ရတဲ့အထိ ဆယ်ယူပြီး ဆွေမျိုးတွေနဲ့ ရွာကလူတွေကို အကူအညီတောင်းပြီး သင်္ဂြိုဟ်ဖို့လုပ်နေပါတယ်” ဟု ဦးထွန်းမောင်စိန်၏ သမက် ဦးမောင်ပုယေက ပြောသည်။

လူဦးရေ ၆၅၀ ခန့်နေထိုင်သည့် ချိန်ခါလီရွာ၏ တစ်မိုင်ခန့်အကွာ ကိုးတန်ကောက်ရွာအနီးတွင် ဇူလိုင် ၁၂ နှင့် ၁၃ တို့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအပြီး အသက် ၆၀ ကျော်အရွယ် ဦးထွန်းမောင်စိန် ပစ်သတ်ခံရသည်ကို ၎င်း၏ဇနီးဖြစ်သူကိုယ်တိုင် တွေ့မြင်ခဲ့ရသည်ဟု မိသားစုဝင်များက စွပ်စွဲထားသည်။ 

“စစ်တပ်က ပစ်တာပါ။ အဲဒီနေ့က ကျွန်မတို့အရင်ထွက်ပြေးသွားကြတာဆိုတော့ ပစ်သတ်တဲ့အကြောင်းကို ကျွန်မတို့အမေပဲ သိမှာပါ။ ကျွန်မတို့ကလည်း အမေပြောလို့သိတာပါ။ အမေရှေ့မှာ ပစ်သတ်ခဲ့တာလို့ ပြောပါတယ် ”ဟု ဦးထွန်းမောင်စိန်၏ သမီး ဒေါ်မြင့်မြင့်အေးက Myanmar Now ကို ပြောသည်။

တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မိသားစုဝင်များက စွပ်စွဲပြောဆိုထားသော်လည်း တပ်မတော်က ထိုသို့ပစ်ခတ်ခြင်းမရှိကြောင်းနှင့် တိုက်ပွဲဖြစ်နေချိန်တွင် ထိမှန်သွားခြင်းသာဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။

“တိုက်ပွဲဖြစ်တော့ ဟိုပစ်၊ ဒီပစ် ပစ်ကြရင်းနဲ့ ထိတာနေမှာပေါ့။ ဒီအတိုင်းတော့ တပ်က မပစ်ပါဘူး။ ပစ်စရာလည်း အကြောင်းမရှိဘူး။ ရန်သူက ပစ်တယ်။ ကိုယ်ကလည်းပြန်ပစ်တယ်။ အဲလို ပစ်ကြ၊ ခတ်ကြရင်းနဲ့ ထိတာနေမှာပေါ့။ ဒါကတော့ ပြောလို့မရဘူးပေါ့။ သက်သက်ကြီးပစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ မရှိပါဘူး” ဟု ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။

ချိန်ခါလီရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်မှုရှိခဲ့သောကြောင့် ဒေသခံ ရွာသား သုံးဦးလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားပြီး ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများနှင့် စစ်တွေမြို့အထိ ထွက်ပြေးခိုလှုံခဲ့ကြသည်။

ရွာအတွင်းပိတ်မိနေခဲ့သည့် အသက်ကြီးပိုင်း ၁၀ ဦးခန့်ကို ဇူလိုင် ၁၄ က ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖများနှင့် အရပ်ဘက်အဖွဲ့အစည်းများက သွားရောက်ကယ်ထုတ်ခဲ့စဉ် အဆိုပါပစ်သတ်ခံရသည်ဆိုသည့် ဦးထွန်းမောင်စိန်၏ အလောင်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ချိန်ခါလီ ရွာသားတစ်ဦးက ပြောသည်။

ချိန်ခါလီရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားအားလုံးနီးပါးမှာ ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ အငူမော်ကုန်တန်း၊ သံ‌ချောင်း၊ လောင်းချောင်းကျေးရွာများနှင့် နီးစပ်ရာ ဆွေမျိုးများရှိသည့်ရွာများသို့ ထွက်ပြေးခိုလှုံနေကြရသည်။

၎င်းအပြင် ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ သံချောင်းရွာသားတစ်ဦးကို ယနေ့ နံနက်ပိုင်းက ချိန်ခါလီကျေးရွာနှင့် သံချောင်းကျေးရွာကြား မယူတောင်ကျော်လမ်း တောတွင်းတစ်နေရာတွင် မြေပြင်ပေါ်သို့ ခေါင်းစိုက်ပြီး သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ နံနက်ပိုင်း ၈ နာရီခန့်တွင် ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် သံချောင်းကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားတွင်ရှိသည့် မယူတောင်ဘက်သို့ မျှစ်ခူးရန်သွားခဲ့ရာ ပြန်ရောက်မလာ၍ ရွာသားများက ယနေ့နံနက်ပိုင်း လိုက်လံရှာဖွေစဉ် ထိုသို့သေဆုံးလျက်တွေ့ရှိရသည်ဟု သံချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်က မိန့်ကြားသည်။

“မနေ့က မနက်ပိုင်းကနေသွားတာ ညနေ ၆ နာရီလောက်မှာ သူ ပြန်မရောက်တာကို သိကြတယ်။ ရွာသားတွေကလည်း ညဘက်ကြီးဆိုတော့ ဒီမှာက နယ်မြေတွေကလည်း သိပ်ပြီးရှင်းလင်းနေတာ မဟုတ်ဘူးလေ။ ဒီနေ့မနက် ၆ နာရီလောက်မှာ သွားရှာတဲ့အချိန်မှာ အသေတွေ့တယ်” ဟု မိန့်ကြားသည်။

သေဆုံးသွားသူမှာ သံချောင်းကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ၆၂ နှစ်အရွယ် ဦးဝေတင်မောင်ဖြစ်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များလည်း မတွေ့ရ၍ မည်သည့်အတွက်ကြောင်းသေဆုံးသွားသည်ကို မသိရဟု အဆိုပါဆရာတော်က မိန့်ကြားသည်။

ဇူလိုင် ၁၄ နှင့် ၁၅ တွင်လည်း ရသေ့တောင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက် ၊ အောင်ဗလ၊ ပေါက်တောပြင် ရွာသားများနှင့် မောင်တောမြို့နယ် တောင်ပိုင်းရှိ အင်းဒင်ကျေးရွာ၊ အင်းဒင်ကျေးရွာသစ်(အောင်သုခ)၊ အင်းဒင်အလယ်ရွာ၊ ပဲရုံကျေးရွာမှ လူဦးရေ ၃,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။ 

အဓိက ထွက်ပြေးနေရခြင်းမှာ ထပ်မံတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု နေရပ်စွန့်ခွာထွက်ပြေးနေကြသူများက ပြောဆိုထားသည်။

Show More

Related Articles

Back to top button