သတင်း

ကျောက်ဖြူတွင် အမျိုးသမီးသုံးဦးကို အကြမ်းဖက်ဥပဒေဖြင့် တပ်ကအမှုဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီးသုံးဦးကို တပ်မတော်က အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်ချမ်းမြေ့အောင်က ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဒေါ်ဗြားမ၊ အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်လှသန်းခင်နှင် အသက် ၃၇ နှစ် အရွယ် ဇာတ်မင်းသမီးတစ်ဦးကို ဇူလိုင် ၂၂ ညပိုင်းတွင် ကျောက်ဖြူမြို့ရှိ ၃၄ တပ်ရင်းက ကားဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင် မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ 

“တရားလိုက တပ်က ခင်ဗျာ။ အကြမ်းဖက်အဖွဲ့အစည်းနဲ့ဆက်သွယ်လို့ အမှုဖွင့်တာ။ သူတို့ကို ရမန် ဒီနေ့ယူတယ်။ ဒီနေ့ကနေ နောက်ထပ် ၁၅ ရက်အထိ ယူတယ်။ ဖမ်းထားတာက အမျိုးသမီးသုံးယောက်ပဲ။ အမျိုးသားမပါဘူး။ သူတို့စခန်းမှာ ရှိတယ်”ဟု ဒုရဲအုပ်ချမ်းမြေ့အောင်က Myanmar Now ကို ပြောသည်။

အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)/ ၅၂ (က) ဖြင့် အမှုဖွင့်ခဲ့ပြီး တပ်က ခေါ်ဆောင်သွားစဉ်က ကျေးရွာ တာဝန်ခံ ဦးမောင်ထောင်လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။ 

ဒေါ်ဗြားမမှာ ကျေးရွာအတွင်း ဈေးဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်ကာ ဒေါ်လှသန်းခင်မှာ လယ်အလုပ် လုပ်ကိုင်သူဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ရေနံဒွိန်ကျေးရွာတွင် ပြုလုပ်ကျင်းပမည့် ဘုရားပွဲတွင် ဇာတ်ကရန် ရောက်ရှိနေသည့် ဇာတ်မင်းသမီးတစ်ဦးဖြစ်ကြောင်း ၎င်းရွာသားများထံမှ သိရသည်။ 

ရေနံဒွိန်ကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် အမျိုးသမီး သုံးဦးခေါ်ဆောင်ခံရသည်ကို ကြားသိကြောင်း ကျောက်ဖြူမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က အတည်ပြုပြောဆိုထားသည်။

ရေနံဒွိန်ကျေးရွာတွင် ပြီးခဲ့သည့် ‌နွေရာသီအတွင်းက ငြိမ်းချမ်းရေးအလိုတော်ပြည့်ဘုရားစေတီ တစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီး ထိုဘုရားစေတီပွဲအတွက် ကျေးရွာအတွင်း ဆန်ကောက်ခံခဲ့၍ သံသယနှင့် ခေါ်ဆောင်ခံရခြင်းဖြစ်သည်ဟု ဒေါ်ဗြားမ၏သား ကိုအောင်ရွှေက ပြောသည်။

“ကျွန်တော်တို့ရွာမှာ ဆန်ကောက်တာက သာရေးဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ်၊ အလှူခံတာဆိုလည်း ဆန်ကောက်ပြီး ပေးကြတာရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီက တည်ထားကိုးကွယ်တဲ့ ဘုရားစေတီပွဲ လုပ်ဖို့လို့ ဆန်ကောက်ကြတာပါ။ အဲဒီမှာ ကိုဗစ်နိုင်တင်းနဲ့ လူကြီးတွေက ဇာတ်မချရ ( ဇာတ်ပွဲ)၊ ပွဲမလုပ်ရဆိုတော့ ဘုရားပွဲက မလုပ်ဖြစ်လိုက်ဘူး” ကိုအောင်ရွှေက ပြောသည်။

၃၄ တပ်ရင်းမှ တပ်မတော်သားများသည် ရေနံဒွိန်ကျေးရွာသို့ ညနေပိုင်းတွင် ကားဖြင့်ရောက်ရှိလာပြီး ၁၀ နာရီခန့်တွင် တပ်ရင်းသို့ ကားဖြင့်တင်ဆောင်ကာ ခေါ်ဆောင်သွားသည်ဟု ကျေးရွာတာဝန်ခံ ဦးမောင်ထောင်၏သားဖြစ်သူ ကိုစိုးလင်းထွန်းက ပြောသည်။

“ကျွန်တော့်အဖေကိုတော့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာပါ။ အခုတော့ ကျောက်ဖြူရဲစခန်းမှာပါ။ မိန်းမတွေကိုကျတော့ ရွာမှာ ဆန်ကောက်လို့ AA ကို ပေးဖို့ ဆန်ကောက်တာလား ဘာလား၊ အဲလိုပုံစံမျိုးနဲ့ ခေါ်သွားတာလို့ ထင်ရပါတယ်။ ကျေးရွာမှာ ဆန်ကောက်တယ်ဆိုတာကလည်း လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ စစ်ဘေးရှောင်တွေကို အလှူပေးဖို့ ကောက်ကြပါတယ်” ဟု ကိုစိုးလင်းထွန်းက ပြောသည်။

ဘုရားစေတီပွဲကျင်းပပြုလုပ်ရန် ပြီးခဲ့သည့် သုံးလခန့်က ဆန်ကောက်ခံခဲ့ခြင်းဖြစ်ကာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ပွဲလမ်းသဘင် တားမြစ်ထားသည့်အတွက် ပွဲမလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပွဲမကျင်းပဖြစ်၍ ဇာတ်သဘင်အဖွဲ့သားများအားလုံး ပြန်သွားကြသော်လည်း အဆိုပါဇာတ်မင်းသမီးမှာ ကလေးများနှင့် ဖြစ်၍ ထိုကျေးရွာအတွင်း အခြေချကျန်ရှိနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် တိုက်ပွဲပြင်းထန်နေပြီး AA (ရက္ခိုင့်တပ်မတော်) နှင့် ပတ်သက်ဆက်နွှယ်သည်ဟု သံသယဖြင့် ဒေသခံများကို တပ်မတော်ဘက်မှ ခေါ်ယူစစ်မေးမှုများ ရှိနေပြီး ဇူလိုင် ၁၅ က တပ်မတော်ကဖမ်းဆီးစစ်ဆေးနေသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာမှ အမျိုးသားခြောက်ဦးအနက် တစ်ဦး သေဆုံးခဲ့သည်။

ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာတွင် ဇွန် ၂၈ ရက်တွင် တပ်မတော်က လူငါးဦးကို ဖမ်းဆီးခဲ့ပြီး AA နှင့် မပတ်သက်ဟုဆိုကာ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဇူလိုင် ၆ တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သော်လည်း ကျန်သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း ထားဆဲဖြစ်သည်။ 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ AA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်းနှင့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၅ အရလည်း မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ယခုနှစ် မတ် ၂၃ တွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ပုဒ်မ ၅၂(က) အရ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

Show More

Related Articles

Back to top button