ဆောင်းပါး

ပစ်မှတ်ထားခံနေရသည့် ရခိုင်ဒေသ တော်လှန်ရေးအင်အားစု

ရခိုင်ဒေသတွင် တိုက်ပွဲများ ၂ နှစ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အပစ်ရပ်ရန် ကမ်းလှမ်းရာ ရက္ခိုင့်တပ်တော် (AA) က လက်ခံခဲ့သည်။

စစ်ပွဲ ရပ်ထားနိုင်သဖြင့် ဗိုလ်ချုပ်ကြီးများက ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွက် အာရုံစိုက်ပြီး ကြိုတင် ပြင်ဆင်ရန် အချိန် ၃ လ ရသွားသည်။

အပစ်ရပ်လိုက်ခြင်းသည် ဒေသလူထု၏ ထောက်ခံမှု၊ အမိန့်နာခံမှု ရရှိထားသော AA အတွက်လည်း များစွာ အကျိုးဖြစ်သွားသည်၊ AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ကျေးလက်ဒေသတွင် ကာလကြာရှည် တည်ဆောက်ထားသော အုပ်ချုပ်ရေးယန္တရားကို ချဲ့ထွင်ရန် အခွင့်အရေးရလာသည်။

သို့သော်လည်း ထိုအခြေအနေကောင်းမှာ ၁ နှစ် ဝန်းကျင်သာ ကြာမြင့်သည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ ကန့်သတ်၊ ဟန့်တားမှုများ ကြီးမားလာသည်ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီ ၅ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“လက်ရှိရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စစ်ကောင်စီဘက်က ကျွန်တော်တို့ဆီကို တောက်လျှောက် စာရေးပြီးတော့ ကန့်ကွက်နေတာတွေ၊ မြေပြင်မှာလည်း မြန်မာစစ်တပ်အနေနဲ့ အနှောင့်အယှက်ပေးနေတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်” ဟု သူက  ပြောသည်။

“ဥပမာ- အခု ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တွေဘက်မှာ ကျွန်တော်တို့ တရားရုံးတွေကို လာပြီး မြန်မာစစ်တပ်က အင်အားသုံး နှောင့်ယှက်နေတာတွေရှိတယ်”

ရခိုင်မြောက်ပိုင်းကို လက်လွှတ်လိုက်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ဒေသခံ တော်လှန်ရေးအင်အားစုများကို ဖြိုခွင်းလာသည်ကို တွေ့ရသည်။ အထူးသဖြင့် ရခိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတွင် ဖမ်းဆီးမှု၊ ဖိအားပေးမှုများ ပိုမို များပြားလာသည်။

ဖမ်းဆီးရမိသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်က ဇူလိုင် ၁၉ တွင် ထုတ်ပြန်ခဲ့သည် (ဓာတ်ပုံ-Arakan Princess Media)

ဖမ်းဆီးမှုများ

တောင်ကုတ်မြို့နယ်သည် ၂ နှစ်ကြာ စစ်ပွဲအတွင်း တိုက်ပွဲသတင်းများတွင် မပါဝင်ခဲ့သော်လည်း AA ၏ လှုပ်ရှားမှုများရှိပြီးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် တောင်ကုတ် အမတ်လောင်း ၃ ဦးကို AA က ဖမ်းခေါ်သွားပြီးနောက် ထို ၃ ဦး လွတ်မြောက်ရေးအတွက် မတရားအကျဉ်းကျခံနေရသူများကို ပြန်လွှတ်ရန် တောင်းဆိုခဲ့ဖူးသည်။

ယခုအခါ AA ၏ အုပ်ချုပ်ရေးယန္တရား ချဲ့ထွင်မှု အရှိန်ကောင်းနေသည့် ပြည်နယ်အလယ်ပိုင်း ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်များ၊ တောင်ပိုင်းဒေသ မြို့နယ်များမှ ULA/AA ထောက်ခံသူများကို စစ်ကောင်စီတပ်က အပူတပြင်းလိုက်လံရှာဖွေ ဖမ်းဆီးနေသည်။

မတ်လအတွင်းက ကျောက်ဖြူမြို့နယ်၊ ဇင်းချောင်း-လေးတောင် ကားလမ်းဘက်ရှိ ကျေးရွာများသို့ စစ်ကား အစီးရေ ၄၀ ခန့်ဖြင့် ဝင်ရောက်နေထိုင်သော စစ်ကောင်စီတပ်က ဒေသခံတချို့ကို စစ်ဆေး မေးမြန်းခဲ့သည်။

မာန်အောင်မြို့နယ်၊ ရဲကျွန်းဒေသတွင်လည်း AAနှင့် မပတ်သက်ရန် မတ်လအစောပိုင်းတွင် ကမူတောင်တပ်ရင်းက လာရောက် သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

“သူတို့ ခွင့်ပြုချက်မရဘဲ ဘယ်အဖွဲ့အစည်းကိုမှ လက်မခံဖို့၊ တရားမဝင်အဖွဲ့တွေကို မထောက်ပံ့ဖို့ မဆက်စပ်ဖို့ နဲ့ ရောက်လာရင်လည်း သူတို့ကို အကြောင်းကြားဖို့ ပြောပါတယ်” ဟု ရဲကျွန်းဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာတွင် ၅၅ တပ်ရင်းမှ စစ်သားများက ရွာဘုန်းကြီးကျောင်းတွင် တစ်လ တစ်ကြိမ် လာရောက်တည်းခိုကာ ရွာသားများကို ခေါ်ယူသတိပေးခဲ့သည်။

တောင်ကုတ်မြို့နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက စစ်တပ်သည် ရခိုင်ဒေသကို ပိုမို ထိန်းချုပ်နိုင်ရေးအတွက် ခြိမ်းခြောက်ဟန့်တားမှုကိုသာမက မက်လုံးပေး စည်းရုံးသည့်နည်းကိုလည်း သုံးလာသည်ဟု မှတ်ချက်ပြုသည်။

“အမျိုးသားလှုပ်ရှားမှုတွေ မချဲ့ထွင်လာရအောင် ဒီဘက်ကလူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်တားဆီးတာမျိုးတွေလုပ်ပြီး နိုင်ငံရေးအရ လက်ဦးမှုယူထားတဲ့အခြေအနေတစ်ခုလည်း ဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်း ပြည်နယ်ကောင်စီမှာ ဝန်ကြီးချုပ်ကို တောင်ကုတ်က ခန့်ပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပြကာ မက်လုံးပေးတာရှိတယ်” ဟု သူက ပြောသည်။

မေလဆန်းတွင်  စစ်တပ်က ရွာများကို ဝင်ထွက်သွားလာကာ ULA/AA နှင့် ဆက်စပ်ဖွယ်ရှိသူများကို လိုက်လံ ရှာဖွေစစ်ဆေးခြင်း၊ ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များကို ပိုမို ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်လာရာ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်း တိုင်းမှူးကို နာမည်တပ်ပြီး သူ၏လုပ်ရပ်များကြောင့် အာရုံနောက်နေရကြောင်း၊ တိုင်းမှူးရှိသည့် နေရာကို တိုက်ခိုက်နိုင်ကြောင်း အွန်လိုင်းတွင် စိန်ခေါ်ရေးသားခဲ့သည်။

ထိုအခြေအနေတွင် AA က စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို လျစ်လျူရှုထားပြီး အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရGood  (NUG) နှင့် ဆွေးနွေးသည်၊ နှစ်ဖက်နားလည်မှု အပြန်အလှန်အသိအမှတ်ပြုမှုဖြင့် ဆက်ဆံနေသည်ဟု ပြောဆိုထားသည်။

ULA/AA ၏ အဆိုပါ တုံ့ပြန်ချက်များသည် ရခိုင်ဒေသအတွက် သိသိသာသာ ထူးခြားသည့် ဖြစ်ရပ်များ ဖြစ်လာသည်။

စစ်ကောင်စီကမူ ရခိုင်လူထု ဒုက္ခမရောက်စေလိုသောကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်လျှင် စစ်တပ်ကို အဆိုးမပြောရန် မေ ၁၉ သတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ခဲ့သည်။  

၂၀၁၂ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ရသော စစ်သားများ။ (ဓာတ်ပုံ-EPA)

စစ်ကောင်စီလှုပ်ရှားမှုများ

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ် အင်အားတိုးချဲ့ချထားမှုသည် နောက်ထပ်စစ်ဆင်ရေးတစ်ခု ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း AA က ပြောသည်။

မေလ ၁၆ တွင်လည်း စစ်တပ်က တောင်ကုတ်မြို့နယ်ရှိ ULA/AA ၏ ကျေးရွာအဆင့် တာဝန်ခံတချို့ကို သွားရောက် ရှာဖွေခဲ့သည်။

မေ  ၂၆ တွင် စစ်တပ်က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်နေ ဦးသန်းလှိုင်၊ ဒေါ်ခင်အုန်းနွဲ့တို့ကို AA အတွက် အမျိုးသားရံပုံငွေကောက်ခံနေသူများဟု စွပ်စွဲဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။

ULA/AA နှင့် ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူ အများစုမှာ ထိုဥပဒေဖြင့် အမှုဖွင့်၊ ထောင်ချခံနေရသည်။

မေလကုန်တွင် စစ်ကောင်စီတပ်က ရေငုပ်သင်္ဘောကိုပင် ကျောက်ဖြူမြို့သို့ ခုတ်မောင်း အင်အားပြကာ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား မြို့နယ်ဘက်တို့တွင်လည်း စစ်ရေးလှုပ်ရှားလာသည်။

ဇူလိုင် ၁၆ တွင် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း (ကုန်ဘွေရွာ) သို့ ဝင်ရောက်လာကာ AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူမြို့နယ် အလယ်ချောင်းနှင့် ဇင်ချောင်းကျေးရွာတို့မှ ဒေသခံ ၉ ဦးကို ဇူလိုင် ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။ ထိုသို့ ထောင်မချမီ ၅ ရက်အလိုကလည်း ULA ၏ ဇင်ချောင်းတိုက်နယ်မှူးဆိုသူကို စစ်တပ်က သွားရောက်ရှာဖွေခဲ့သေးသည်။

ဇူလိုင် ၂၄ တွင် AA က စနဲမြို့ ရဲစခန်းမှူးကို ဖမ်းခေါ်သွားရာ စစ်တပ်ကလည်း စနဲဒေသခံ ၁၃ ဦးကို ဖမ်းဆီး စစ်ဆေးကာ စံပယ်ချောင်းကျေးရွာမှ ၂၄ နှစ်အရွယ် ကိုတင်မျိုးထွန်းကို အမှုဖွင့်ပြီး ကျန် ၁၂ ဦးကို ပြန်လွှတ်ပေးသည်။ ကိုတင်မျိုးထွန်း နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က) ဖြင့် အမှုဖွင့်ခံရကြောင်း မိသားစုဝင်များက ပြောသည်။

ဇူလိုင် ၂၆ တွင် စစ်တပ်နှင့် အုပ်ချုပ်ရေးပိုင်းက မာန်အောင်မြို့နယ် ကျေးရွာများသို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၉ တွင် မာန်အောင်အခြေစိုက် အမှတ် ၃၄၄ တပ်ရင်းမှ စစ်သားများက ဘဲအင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် AA ကို ဆက်သွယ် ထောက်ပံ့မှု မပြုရန် ဒေသခံများကို သတိပေးခဲ့သည်။

စစ်ရေးလေ့ကျင့်နေသော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို ၂၀၁၉ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ခွန်းလတ်)

သြဂုတ် ၂၂ ရက်နေ့ ညနေပိုင်းက ရခိုင်တောင်ပိုင်းရှိ သီးခြား ကျွန်းမြို့နယ်တစ်ခုဖြစ်သော မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားတို့က ဘဲအင်းကျေးရွာသို့ သွားရောက်ပြီး အိမ်တချို့ကို စီးနင်းရှာဖွေကြသည်။ ဒေသခံများ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ကြောင်း၊ တပ်ရင်းမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်သွားခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီမှဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၁၀၀ နီးပါးအထိရှိခဲ့ရာ လက်ရှိတွင် တစ်ချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း လူဦးရေ ၅၀ ကျော်မှာ ဆက်လက်အဖမ်းခံထားရသည်ဟုAA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“နိုင်ငံရေးအနေအထားအရ ULA/AA ကို ပြည်သူလူထုတွေရဲ့ ထောက်ခံမှုက အထွတ်အထိပ်ကို ရောက်နေတဲ့အခါ မြန်မာစစ်တပ်က ULA/AA ကို ထောက်ခံတယ်လို့ ယူဆတဲ့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ရခိုင်ပြည်မှာလူဖမ်းပွဲတွေ ပြုလုပ်လာပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

တောင်ကုတ်တွင် AA တပ်ဖွဲ့ဝင်များဟု စွပ်စွဲလျက် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ဒေသခံ ၆ ဦး၏ အမှုမှာလည်း ၂ နှစ်ကျော်ကြာသည့်တိုင်အောင် မပြီးပြတ်သေးပေ။ တရားလိုပြသက်သေ စစ်ဗိုလ်တစ်ဦးကို သြဂုတ် ၁၅ ရုံးချိန်းတွင် အွန်လိုင်းရုပ်သံစနစ်ဖြင့် စစ်ဆေးသည်ဟု သိရသည်။

သံတွဲထောင်၌ ၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံနေရသည့် တောင်ကုတ်မြို့နယ် ဆားပြင်ရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော် တို့ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ၂၀၂၀ ဇွန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။    

ရခိုင်ပြည်နယ်တွင် အလားတူ အမှုရင်ဆိုင်နေရသူ ၇၀ ခန့် ရှိနေသေးကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တွေ့ရသော စစ်သားများ (ဓာတ်ပုံ – STR/AFP via Getty Images)

လူဖမ်းပွဲမှသည် တိုက်ပွဲဆီသို့

၂၀၂၂ ခုနှစ်အတွင်း ပြန်လည်တင်းမာလာခဲ့ပြီး အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။

ဖေဖော်ဝါရီလဆန်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီး ရက်အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်။ 

ဧပြီ သင်္ကြန်အကြိုနေ့က မြေပုံမြို့နှင့် ငါးမိုင်ခန့်သာကွာဝေးသည့် ဝက်ခေါင်းကျေးရွာအနီး တိုက်ပွဲ ဖြစ်ပြန်သည်။ 

ဇူလိုင် ၄ တွင် ကရင်ပြည်နယ်အတွင်းရှိ AA တပ်စခန်းတခုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရာ ရဲဘော် ၆ ဦး သေဆုံးသည်။

ယင်းနောက် ၂ ပတ်အကြာ ဇူလိုင် ၁၈ တွင် မောင်တောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ရာ သုံ့ပန်း ၁၄ ဦး၊ လက်နက်နှင့် စစ်အသုံးအဆောင်အများအပြား ရလိုက်ကြောင်း AA က ဇူလိုင် ၁၉ တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလက်တုံ့ပြန်တိုက်ပွဲပြီးနောက်ပိုင်း၌ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

သြဂုတ် ၁၃၊ နေရာ ၄ ခုတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကြောင်း AA က ထုတ်ပြန်သည်။ တိုက်ပွဲတွင် သေဆုံးသော စစ်ကောင်စီ စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမိုးဇော်၊ ခမရ ၅၃၇ မှ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူးတို့ ပါဝင်ကြောင်း ဒေသတွင်း Western News သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

စစ်တပ်ကလည်း အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ရိက္ခာဖြတ်တောက်မှု စစ်ကောင်စီလုပ်လာသည်။ လတ်တလောတွင် မောင်တောခရိုင်အတွင်း နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ရိက္ခာသယ်ယူခွင့်ကို ပိတ်ထားသည်။

ယခုအခါ စစ်ပွဲနယ်မြေ တစ်စတစ်စ ကျယ်ပြန့်လာပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်မှသည် ရခိုင်မြောက်ပိုင်း မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်အထိ တိုက်ပွဲရောက်ရှိလာခဲ့ပြီဖြစ်သည်။

စစ်တပ်က လမ်းပေါ်ထွက်ဆန္ဒပြသူတို့ကို အကြမ်းဖက်၊ သတ်ဖြတ်ပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်ပုန်ကုန်မှုပေါ်ပေါက်လာသည်။  

ဒေသအသီးသီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ ဖွဲ့စည်းလာကြသည်။

AA အားကောင်းသည့် ရခိုင်ဒေသ မြို့နယ်များတွင် PDF အဖွဲ့ ပေါ်ပေါက်မလာသော်လည်း PDF နှင့် ဆက်စပ်မှုသံသယနှင့် ပြည်သူအများအပြား ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲ ထောင်ချခြင်းများမှာ ရခိုင်ပြည်နယ်သို့ ရောက်လာသည်။

၂၀၂၁ နိုဝင်ဘာတွင် စစ်တပ်က သံတွဲမြို့မှ အမျိုးသမီး ၄ ဦးကို PDF ကို ငွေကြေးထောက်ပံ့သည်ဟု ယူဆပြီး ဖမ်းဆီးခဲ့သည်။ သူတို့အထဲမှ ၁၇ နှစ်အရွယ် မသိမ့်အေးချမ်းကို ရက်အတန်ကြာတွင် ပြန်လွှတ်ပေးပြီးနောက် ကျန် ၃ ဦးကို ထောင် ၁၀ နှစ်စီ ချခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းကို ၂၀၁၆ နိုဝင်ဘာတွင် ‌တွေ့ရစဉ် (ဓာတ်ပုံ – ခွန်းလတ်)

တောင်ကုတ်မြို့မှ တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးသည်လည်း အလားတူ စွပ်စွဲခံရပြီး ၂ဝ၂၁ ဒီဇင်ဘာတွင် ဖမ်းဆီးခံရသော်လည်း စွပ်စွဲချက်မခိုင်လုံဟု ဆိုကာ ၄ လ အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ ၂ တွင် ကျောက်ဖြူမြို့နယ်မှ ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင်သည် PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး အမှုဖွင့်ခံရသည်။

အလားတူ တောင်ကုတ်မြို့မှ လုပ်ငန်းခွင် မဝင်ဘဲ အာဏာဖီဆန်ခဲ့သည့် အခြေခံပညာအထက်တန်းပြ ဆရာမ ဒေါ်ချယ်ရီသက်ရှည် ဖမ်းဆီး အမှုဖွင့်ခံခဲ့ရသည်။

သံတွဲမြို့နယ်တွင် နိုင်ငံရေးနှင့် ပရဟိတ လုပ်ကိုင်သူ အမျိုးသား ၂ ဦးလည်း PDF နှင့် ဆက်စပ်မှု သံသယနှင့် ထိုနှစ် အောက်တိုဘာတွင် ဖမ်းဆီး တရားစွဲခံရသည်။

မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါသည် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ထောင် ၁၀ နှစ် ချခံရသည်။

သံတွဲမြို့မှ ပန်းချီဆရာမ ဒေးဒေး ခေါ် မရွှန်းစန္ဒာသည် ၂၀၂၂ ခု ဇူလိုင် ၂၇ တွင် ဖမ်းဆီးခံရသည်။ သူ့ကိုမူ Facebook အသုံးပြုမှုနှင့် ပတ်သက်ပြီး ဖမ်းသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထိုဖမ်းဆီးမှုများမှာ ရခိုင်တွင် PDF လှုပ်ရှားမှု ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် အလွန်အကျွံ တုံ့ပြန်ခြင်း ဖြစ်သည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။

“PDF လှုပ်ရှားမှု မရှိပေမယ့် အဲဒီလိုဖမ်းဆီးတယ်ဆိုတာကတော့ PDF လှုပ်ရှားမှုတွေမပေါ်အောင် အစကတည်းက ဦးချိုးထားတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နိုင်ပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက မှတ်ချက်ပြုသည်။

ရခိုင်ဒေသအတွင်း ဆန့်ကျင်ဘက်အင်အားစုဟု ယူဆရသူများကို စစ်ကောင်စီတပ်က ပစ်မှတ်ထားလာချိန်မှာပင် AA က ရခိုင်တောင်ပိုင်း မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ အမ်း ၊သံတွဲ၊ တောင်ကုတ်ဒေသများ၌ တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲများ အသစ်ခန့်အပ်ပြီး နယ်မြေစိုးမိုးရေးကို တည်ဆောက်နေသည်ဟု သိရသည်။

ကျောက်ဖြူ နှင့် ရမ်းဗြဲမြို့နယ်များတွင် ကျေးလက်တွင်သာမက မြို့ပေါ်ပြည်သူများပါ ULA/AA တရားရုံးတွင်သာ အမှုအခင်းများ ဖြေရှင်းကြပြီး၊ ရမ်းဗြဲကျွန်းအနီးဝန်းကျင်တွင်လည်း ပြည်သူနှင့် ULA/AA တစ်သားတည်းရှိနေပြီဖြစ်သည်။

မကြာသေးမီကပင် AA က ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမည်ဆိုပါက တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button