
ယနေ့ (စက်တင်ဘာ ၂၆) နံနက်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်သောကျည် ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်တစ်ဦးနှင့် ကလေးနှစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
မြစ်မှ မိုင်ဝက်ခန့်အကွာရှိ ခေါင်းလောင်းချောင်းကျေးရွာတွင် ဒဏ်ရာရသွားကြသူများမှာ ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် မဥမ္မာဆန်း၊ ၁၃ အရွယ် မောင်ဘုမောင်နှင့် ၃ နှစ်အရွယ် မခိုင်ဇံချေတို့ဖြစ်သည်။
နံနက် ၁၀ နာရီခွဲခန့်က မင်းပြားမြို့တောင်ဘက် ၅ မိုင်ကျော်အကွာရှိ ခေါင်းလောင်းချောင်းရွာနှင့် ချောင်းရှည်ရွာအကြား ကျွဲကူးမြစ်အတွင်း စစ်ရေယာဉ် နှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“ဒီနေ့ မနက်ပိုင်းက စစ်တွေဘက်ကနေ လာတဲ့ Navy (စစ်ရေယာဉ်) ကို AA က ဖြတ်တိုက်လို့ အပြန်အလှန်ဖြစ်ကြတာပါ။ ရွာကလူတွေကလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံမှာ ဝင်ပုန်းကြတာ။ အဲဒီမှာ Navy က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထင်ပါတယ်၊ အဲဒီမှာ ဒဏ်ရာရသွားကြတာပါ” ဟု ခေါင်းလောင်းချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ကိုယ်ဝန်သည် မဥမ္မာဆန်းတွင် ဘယ်ဘက်လက်မောင်း ထိမှန်ခဲ့ပြီး မောင်ဘုမောင်တွင် ဦးခေါင်းနှင့် မခိုင်ဇံချေတွင် ညာဘက်တံတောင်ဆစ်တို့မှာ ဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ဆိုသည်။
AA ၏ တိုက်ခိုက်မှု ခံရသည့် စစ်ရေယာဉ်တစ်စီးမှာ ထိခိုက်မှုရှိနိုင်ပြီး မီးခိုးများထွက်နေကြောင်း၊ လေတပ်ကလည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“စစ်တပ်က အပေါ်ကနေ လေယာဉ်နဲ့လည်း လှည့်ပတ်ပြီးတော့ ပစ်တယ်။ Navy လာတဲ့အချိန်မှာ လေယာဉ်က တစ်ခါတည်း လုံခြုံရေး ယူပြီးလိုက်တာပါ။ Navy က ကျွန်တော်တို့ ရွာနားကို မရောက်သေးဘူး၊ လေယာဉ်က ရောက်နေပြီ” ဟု ဆိုသည်။

“Navy ကတော့ ရှေ့ပြေးတစ်စီး၊ နောက်ပြီးတော့ အကြီးက နှစ်စီးပါ။ အပစ်ခံရတဲ့ Navy (ရေယာဉ်အကြီး) က လုံးဝပျက်စီးသွားတဲ့ အဆင့်လောက်တော့ မဟုတ်ဘူးထင်ပါတယ်။ မီးခိုးတွေတော့ ထွက်သွားတယ်လို့ မြင်လိုက်တဲ့လူက ပြောတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ခေါင်းလောင်းချောင်းကျေးရွာသည် မင်းပြားမြို့တောင်ဘက် ၅ မိုင်ကျော်အကွာတွင်ရှိပြီး အိမ်ခြေ ၇၀၀ ကျော် ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၀ အတွင်း ရွာအနီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရွာနဲ့ မြစ်ကမ်းနဲ့ဆိုရင် မိုင်ဝက်လောက် ဝေးမယ်။ အဲဒီမြစ်ကမ်းတစ်ဘက်ခြမ်းမှာ စစ်တပ်က မနေ့က ညနေတည်းက ရောက်နေတာရှိတယ်။ Navy ကတော့ မင်းပြားမြို့ဘက်ကို ဆက်သွားတယ်” ဟု ထိုရွာမှ ဒေသခံ နောက်တစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်ခံခဲ့ရသည့် စစ်ရေယာဉ်မှာ မင်းပြားမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရေယာဉ်တိုက်ခိုက်ခံရသည့် အနီးဝန်းကျင်ကို ရဟတ်ယာဉ်တစ်စီးက လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ရဟတ်ယာဉ်က အခု ရွာအပေါ်က ဝဲပျံပြီးတော့ စက်သေနတ်နဲ့ ပစ်နေတယ်။ အခုကျွန်တော်တို့ အားလုံး ပုန်းနေရတယ်။ အပြင်ထွက်လို့မရဘူး” ဟု အထက်ပါဒေသခံက မွန်းလွဲပိုင်းတွင် ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လခန့်မှ စတင်ကာ စစ်တပ်နှင့် AA တို့သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး ၊ မင်းပြားနှင့် ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်တို့တွင်ပါ တိုက်ပွဲများ ဖြစ်နေပြီး ရေကြောင်း၊ လေကြောင်းမှပါ တိုက်ပွဲများ ပြင်းထန်နေသည်။
ရခိုင်မြောက်ပိုင်း၌ စက်တင်ဘာ ၁၉ တွင် AA က စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာနှင့် စစ်သားများ တင်ဆောင်လာသည့် ရေယာဉ် (မော်တော်) နှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့သလို တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာ ၁၆ က စစ်ရေယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)