သတင်း

ရခိုင်မြောက်ပိုင်း ၃ မြို့နယ်တွင် တိုက်ပွဲ ၂ ရက်ဆက်ဖြစ်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ၃ မြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ (စက်တင်ဘာ ၂၆) မှ စတင်၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။ 

စက်တင်ဘာ ၂၆ နံနက်က ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် တစ်နာရီပါး တိုက်ပွဲဖြစ်ခဲ့သလို ယနေ့ နံနက်တွင် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းနှင့် ရသေ့တောင်မြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက် ၉ နာရီခန့်က မောင်တောမြောက်ပိုင်း၊ ပြောင်ပိုက်ကျေးရွာပျက်အနီး လက်နက်ကြီးငယ် ပစ်ခတ်သံများကို မွန်းလွဲ ၃ နာရီခန့်အထိ ကြားနေရကြောင်း အနီးနားရှိ လောင်းဒုံကျေးရွာသားတစ်ဦးက ပြောသည်။

“ဒီနေ့ ပြောင်ပိုက်ဘက်ကနေ ပစ်ခတ်သံ မနက်ကတည်းက ကြားနေရတာ။ ညနေ ၃ နာရီကျော်အထိ ကြားလိုက်ရတယ်။ တိုက်ပွဲဖြစ်နေကြတာလို့ သိရတယ်” ဟု ထိုရွာသားက ဆိုသည်။

ပြောင်ပိုက်ကျေးရွာသည် ကြိမ်ချောင်းမြို့အောက်ဘက် ၅ မိုင်ခန့်ကွာ မောင်တော – ကြိမ်ချောင်းကားလမ်းမဘေးမှ ကျေးရွာဖြစ်ပြီး လောင်းဒုံ‌ကျေးရွာနှင့် ၂ မိုင်ကျော်အကွာတွင် ရှိသည်။ 

၎င်းကျေးရွာ၏ မူလတန်းကျောင်းအနီး တောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ် အထိုင်ချထားသည့် တပ်စခန်းတစ်ခု ရှိပြီး ထိုစခန်းဝန်းကျင်တစ်ဝိုက်မှ ပစ်ခတ်သံများ အဆက်မပြတ်ထွက်နေခြင်းဖြစ်သည်ဟု ထိုရွာသားက ဆိုသည်။

ပြောင်ပိုက်နှင့် ၃ မိုင်ခန့်အကွာ ငန်းချောင်းရိုဟင်ဂျာကျေးရွာမှ အမျိုးသားတစ်ဦးကလည်း အလားတူ ပြောသည်။ 

“လက်ကြီးပစ်သံ ပြောင်ပိုက်ဘက်ကနေ ကြားနေရတယ်။ အသံကိုပဲ ကြားနေရတာ၊ ဘယ်လိုဖြစ်တယ်ဆိုတာကို အတိအကျမပြောနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနောက်ဘက်တစ်မိုင်ခန့်အကွာ အထက်နန်းရာကုန်းအနီး စေတီတောင်ပေါ်ရှိ တပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“စေတီတောင်မှာရှိတဲ့ တပ်စခန်း မီးလောင်နေတယ်။ လက်နက်ကြီးနဲ့ အပစ်ခံရပုံ ရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။

အပြန်အလှန်ပစ်ခတ်သံများကိုလည်း ကြားခဲ့ရပြီး အဆိုပါတပ်စခန်းမီးလောင်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေနဲ့ အပြန်အလှန်ဖြစ်နေကြတာကို မြင်နေရတယ်။ လက်နက်ကြီးကျတာကိုလည်း မြင်နေရတယ်” ဟု သူက ဆိုသည်။

ပုံစာ-တောင်ကုန်းပေါ်တွင် စစ်တပ် တပ်စွဲထားသော စေတီတောင်နယ်ခြားစောင့်စခန်းကို ၂၀၂၁ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ပြီးခဲ့သည့် စက်တင်ဘာ ၆ က အဆိုပါစခန်းမှ အရာရှိတစ်ဦး အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး AA ထံ လက်နက်မဲ့ ထွက်ပြေးလာကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 

ယမန်နေ့ နံနက် ၄ နာရီခန့်က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း မြို့ပေါ်နှင့် ၁၀ မိုင်ခန့်အကွာရှိ ညောင်ချောင်း နယ်ခြားစောင့်တပ်စခန်းအနီး AA နှင့် စစ်တပ်တို့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ ၄ နာရီလောက်က စပြီးတော့ အပြန်အလှန်ပစ်ကြတယ်။ ညောင်ချောင်းစခန်းထဲကလည်း လက်နက်ကြီးတွေနဲ့ ပစ် တယ်။ AA ဘက်ကလည်း ပစ်တယ်။ ညောင်ချောင်းစခန်းထဲမှာ တစ်လုံးကျကွဲတယ် လက်နက်ကြီး။ အသေအပျောက်ကိုတော့ မသိရဘူး” ဟု အနီးရှိ ညောင်ချောင်း(ရိုဟင်ဂျာ)ကျေးရွာမှ ရွာသားတစ်ဦးက ဆိုသည်။

ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကို AA က လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီးနောက် ထိုစခန်းတွင်းမှ စက်သေနတ်ဖြင့် ညောင်ချောင်း(ရခိုင်) ရွာဘက်သို့ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ညောင်ချောင်းစခန်းထဲမှာ လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲတာနဲ့ တစ်ခါတည်း အဲဒီစခန်းက ရခိုင်ရွာဘက်ကို ဦးတည်ပြီးတော့ စက်သေနတ်နဲ့ ဖြိုပစ်တာ။ အိမ်ခေါင်မိုးတွေ နံရံ တွေပေါက်ထွက်သွားတယ်။ လူတွေထိခိုက်တာတော့ မရှိခဲ့ဘူး။ ရွာထဲကတစ်အိမ်မှာတော့ ကလေးအိပ်နေတဲ့ ဘေးက ကျည်ဖောက်ထွက်သွားတာ” ဟု ပြောသည်။

ယမန်နေ့က နယ်ခြားစောင့်ရဲတပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် နေအိမ်များကို ထိမှန်မှုရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ညောင်ချောင်း(ရခိုင်)ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က(စစ်တပ်) ခွေးရူးလိုက်ကိုက်သလို အကုန်လုံးကို ဖြိုပစ်တာ။ ရွာထဲက အိမ်တွေကို ကျည်ဆန် လာကျတယ်။ ကလေးတစ်ယောက်အိပ်နေတဲ့နေရာနဲ့ ကပ်ပြီးတော့ ကျည်ဖောက်သွားတာ။ လူကိုတော့ မထိခဲ့ဘူး။ အိမ်ခေါင်မိုးတွေ ထိတယ်”

ထို့နောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာအနီးနားရှိ ဖရုံချောင်း၊ သပိတ်တောင်၊ ဂူတာပြင်၊ စိမ်းညင်းပြား စသည့် ရိုဟင်ဂျာ ကျေးရွာများတွင် တပ်စွဲထားလိုက်သောကြောင့် အများစုမှာ ထွက်ပြေးနေရသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်နှင့် AA တို့သည် ယခုနှစ် ဇူလိုင်ခန့်မှ စတင်၍ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး ရခိုင်မြောက်ပိုင်းတွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံတို့တွင် တိုက်ပွဲဖြစ်နေသလို တောင်ပိုင်း တောင်ကုတ်၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင်ပါ တိုက်ပွဲများ ပြင်းထန်နေသည်။ 

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားသော စစ်ကောင်စီသည် AA နှင့် တိုက်ပွဲများတွင် လေကြောင်း၊ ရေကြောင်းမှပါ အပြင်းအထန် ထိုးစစ်ဆင်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button