လေ့လာသုံးသပ်ချက်

ထိုင်းအစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ့အရေး စိန်ခေါ်မှု

ရွေးကောက်ပွဲအလွန် သုံးလကျော်ကြာ ထိုင်းနိုင်ငံရေးအကျပ်အတည်းက ဩဂုတ်လ ၂၂ ရက်နေ့တွင် ဝန်ကြီးချုပ်သစ်ကို လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များက ရွေးချယ်နိုင်လိုက်ခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီဟု ဆိုရမည်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံ၏ အရပ်သားအစိုးရအဖြစ် မကြာမီ တွေ့မြင်လာရတော့မည် ဖြစ်သည်။

ထိုနေ့ ဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲထက်ပင် ထိုင်းမီဒီယာများနှင့် ပြည်သူများအကြား ပို၍ စိတ်ဝင်စားခဲ့သော ဖြစ်ရပ်မှာ ၁၇ နှစ်ကြာ ပြည်ပတွင် ဝရမ်းပြေးအဖြစ် တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ပြည်တော်ပြန်လာခြင်း ဖြစ်သည်။

Pheu Thai ပါတီမှ ဝန်ကြီးချုပ်လောင်း ဆရတ်ထာ သာဗီဆင် (Srettha Thavisin) လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံရသောနေ့ကို အသေအချာစီစဉ်ရွေးချယ်ပြီး ပြည်တော်ပြန်ရန် သက်ဆင်၏ ဆုံးဖြတ်ချက်၊ ထိုင်းမြေပေါ်သို့ ရောက်လာချိန် ရာထူးက ဆင်းပေးရတော့မည့် ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ အိမ်စောင့်အစိုးရက သက်ဆင်ကို ဝရမ်းပြေးတစ်ဦးကို လေဆိပ်တွင် ဖမ်းဆီးခြင်းထက် အထူးအရေးပါသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ကြိုဆိုခဲ့ပုံက သက်ဆင်နှင့် စစ်ခေါင်းဆောင်များအကြား နောက်ကွယ်မှ အပေးအယူများ၊ နောက်ဆက်တွဲ ထိုင်းအစိုးရသစ်အပေါ် ကျရောက်လာမည့် ပုံရိပ်တို့ကို စိတ်ဝင်တစား စောင့်ကြည့်ရပေလိမ့်မည်။

ဤတစ်ကြိမ် ထူးခြားချက်က ၎င်းတို့၏ လက်ထဲ အာဏာ နှစ်ကြိမ်တိုင်တိုင် သိမ်းယူခဲ့သော စစ်ခေါင်းဆောင်တို့ ဦးဆောင်သော ပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သက်ဆင်မိသားစု၏ Pheu Thai ပါတီ အာဏာပြန်လည်ရရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ကြီးစိုးမှုအောက် ကြံ့ကြံ့ခံခဲ့ပြီး သက်ဆင်အပေါ် သစ္စာရှိသော ပါတီခေါင်းဆောင်တချို့ပင် ပါတီက နုတ်ထွက်ကြသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်။

ရွေးကောက်တင်မြှောက်ပြီးနောက် ဝန်ကြီးချုပ်သစ် ဆရက်ထာ သာဗီဆင်က ထိုင်းပြည်သူများကို ပြောကြားသော ပထမဆုံးသတင်းစကားတွင် ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို ဦးစားပေးထားပြီး၊ နိုင်ငံတကာဆက်ဆံရေးတွင် ထိုင်းနိုင်ငံကို ကမ္ဘာ့စင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိစေရမည်ဟု ပြောဆိုခဲ့သည်။

သို့သော် ဝန်ကြီးချုပ်သစ်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများက မသေးလှပါ။ ပထမဆုံးစိန်ခေါ်မှုက ၎င်းကိုယ်တိုင် တိုင်းပြည်ကို ဦးဆောင်နိုင်သော အရည်အချင်းရှိမရှိ ဆိုသည့်အချက်ကို မေးခွန်းထုတ်ခံနေရခြင်း ဖြစ်သည်။

ဆရက်ထာ သာဗီဆင် ဘယ်သူလဲ

၂၀၂၂ ခုနှစ်နှောင်းပိုင်းအထိ ထိုင်းနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီကြီးများထဲမှ တစ်ခုဖြစ်သော Sansiri ၏ CEO အဖြစ် စီးပွားရေးနယ်ပယ်တွင်သာ လူသိများသော ဆရက်ထာ သာဗီဆင်ကို နိုင်ငံ့ခေါင်းဆောင်ဝန်ကြီးချုပ် မဖြစ်နိုင်သူတစ်ဦးဟုသာ သတ်မှတ်ထားခဲ့ကြသည်။

အောင်မြင်သော ကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်နေသော ဆရက်ထာ သာဗီဆင်၏ စွဲစွဲမြဲမြဲရှိနေသော ဝါသနာတစ်ခုမှာ အင်္ဂလိပ်အမှတ်ပေး ဘောလုံးပြိုင်ပွဲအသင်းများထဲက Liverpool အသင်းကို သစ္စာရှိရှိ အားပေးနေခြင်းပင် ဖြစ်သည်။

နိုဝင်ဘာလတွင် Phue Thai ပါတီ၏ ပါတီဝင်နှင့် အကြံပေးခေါင်းဆောင်အဖြစ် ဝင်ရောက်လိုက်ပြီဟု အိမ်ခြံမြေသူဌေးကြီးက ကြေညာခဲ့ပြီး၊ Sansiri ၏ CEO အဖြစ်မှလည်း နုတ်ထွက်ခဲ့ကာ နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ဝင်ရောက်ခဲ့သည်။ နိုင်ငံရေးလောကထဲ ရောက်ပြီး ၈ လ အကြာတွင် ဝန်ကြီးချုပ်ဖြစ်လာခြင်းပင်။

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်း ၃ ဦးထဲ၌ သက်ဆင်၏ သမီးအငယ်ဆုံး ပေထုံတန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra)၊ ပါတီ၏ မူဝါဒရေးရာအကြီးအကဲ Chaikasem Nitisiri နှင့်အတူ ဆရတ်ထာ သာဗီဆင် ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲကာလတစ်လျှောက် ထိုင်းပြည်သူများအကြား ရေပန်းစားခဲ့သူမှာ ပေထုံတန်ဖြစ်ပြီး၊ သတင်းမီဒီယာများ၏ ပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်သည်။ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့နိုင်ရေး လှုပ်ရှားရသည့်အခါ ပါတီခေါင်းဆောင် Chonlanan Srikaew က ရှေ့တန်းရောက်လာပြီး၊ ပထမပိုင်း Move Forward ဦးဆောင်သော ညွန့်ပေါင်း ၈ ပါတီဖွဲ့စည်းရေးတွင် အဓိကညှိနှိုင်းရေးမှူး ဖြစ်ခဲ့သည်။

Move Forward ပါတီ၏ ဝန်ကြီးချုပ်လောင်း ဖိထာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) ကို အထက်လွှတ်တော်အမတ်များက ဝိုင်းဝန်းကန့်ကွက်သဖြင့် အစိုးရဖွဲ့နိုင်ရေး အကျပ်အတည်းဖြစ်ပေါ်လာချိန်တွင်၊ Pheu Thai ပါတီသည် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် မပူးပေါင်းရေးမူကို ချိုးဖောက်ပြီး ၈ ပါတီညွန့်ပေါင်းမှ ခွဲထွက်၍ အစိုးရဖွဲ့နိုင်ရေး ဦးဆောင်လှုပ်ရှားရာတွင်လည်း Chonlanan Srikaew သည် ရှေ့တန်းတွင် ရှိခဲ့သည်။

လွှတ်တော်တွင်း ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းသည့်အချိန်မှ ဆရတ်ထာ သာဗီဆင်ကို ပွဲထုတ်လိုက်ခြင်းသည်။ ယင်းသည် ပါတီ၏ ရွေးချယ်မှုထက် သက်ဆင်၏ ရွေးချယ်မှု ဖြစ်နိုင်ပေသည်။

ယခုအခါ မပူးပေါင်းပါဟု တစ်ချိန်လုံး ကြွေးကြော်လာခဲ့သော ပါတီများနှင့် အစိုးရဖွဲ့နိုင်ရေး ပေါင်းစည်းထားသော ညွန့်ပေါင်းအစိုးရကို နိုင်ငံရေးအတွေ့အကြုံမရှိသော CEO တစ်ဦးက ဝန်ကြီးချုပ်အနေဖြင့် တည်ငြိမ်စွာ ဦးဆောင်နိုင်မည်လား ဆိုသည့်အချက်မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်။ သက်ဆင် ဝန်ကြီးချုပ်ဖြစ်ခါစ အမည်တွင်ခဲ့ “CEO ဝန်ကြီးချုပ်” တစ်ဦး ထိုင်းနိုင်ငံ ထပ်မံရရှိလာခြင်း ဖြစ်သည်။

၂၀၂၃ ဧပြီ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တွေ့ရသော မြန်မာဒုက္ခသည်များ (ဓာတ်ပုံ – EPA-EFE/SOMRERK KOSOLWITTHAYANANT)

ထိုင်းဝန်ကြီးချုပ်သစ်ကို စိန်ခေါ်နေသော မြန်မာ့အရေး မူဝါဒ

ဆယ်စုနှစ်တစ်ခုနီးပါး အာဏာသိမ်းစစ်ခေါင်းဆောင်များ ကြီးစိုးမှုကြောင့် ဒေသတွင်းနိုင်ငံရေးစင်မြင့်တွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍ လျော့ကျခဲ့ခြင်းအပေါ် ဆရတ်ထာ သာဗီဆင်၏ အရပ်သားအစိုးရက ပြန်လည်ပြင်ဆင်ရန် ရည်ရွယ်ထားသည်။

သို့ဆိုလျှင် အိမ်နီးချင်း မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများအပေါ် အာဆီယံအဖွဲ့ကြီး၏ ဦးဆောင်မှုအောက်တွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ၊ မြန်မာစစ်ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်ဆက်ဆံခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ခြေလှမ်းအတိုင်း ထပ်တူလိုက်မည်လား။

သို့တည်းမဟုတ် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် လိုအပ်နေသော ရွေးကောက်ခံ အရပ်သား ထိုင်းအစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒတွင် ယခင်စစ်ခေါင်းဆောင်များနှင့် ခွဲထွက်သော မြန်မာမူဝါဒနှင့် ချည်းကပ်မှုနည်းလမ်းသစ်များ ရှာဖွေရန် လိုအပ်လာမည်ဖြစ်သည်။ ယင်းသည် အဓိကစိန်ခေါ်မှုကြီး ဖြစ်လာပါလိမ့်မည်။

၁၉၈၈ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ် ဖြစ်လာသော ချက်တီချိုင်း ချူဟာဗန် (Chatichai Choonhavan) သည် ထိုင်းနိုင်ငံ၏ အင်ဒိုချိုင်းနား နိုင်ငံခြားရေးမူဝါဒကို “စစ်မြေပြင်မှသည် ဈေးကွက်ဆီသို့” (From battlefield to Marketplace) ဟု ပြောင်းလဲခဲ့ပြီးနောက်၊ ယခင်က ထိုင်း-မြန်မာနယ်စပ်တွင် ကျင့်သုံးခဲ့သော “ကြားခံနယ်” (Buffer Zone) ထားရှိခြင်း မူဝါဒကို စွန့်လွှတ်ခဲ့သည်။

ထိုအချိန်ကစပြီး ထိုင်းသည် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စတင်ဖွင့်လှစ်ကာ နယ်စပ်ဒေသလုံခြုံရေးထက် စီးပွားရေးအကျိုးစီးပွားကို ဦးစားပေးခဲ့ပြီး၊ အာဏာသိမ်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံရေးကို ကျင့်သုံးခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ထိုစဉ်က ထိုင်းဝန်ကြီးချုပ် သက်ဆင်သည် ဧရာဝတီ-ချောင်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyarwady – Chao Phraya – Mekong Economic Cooperation Strategy – ACMECS) ကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ရာ သက်ဆင်နှင့် မြန်မာစစ်အစိုးရ၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အကြား အလွန်နီးကပ်သော အကျိုးစီးပွားများ ရှိခဲ့သည်။

ထိုအချိန်က သက်ဆင်သည် ပြည်သူ့ဘဏ္ဍာ ဘတ်ငွေ ၄ ဘီလီယံကို ခင်ညွန့်၏သား ရဲနိုင်ဝင်း ပိုင်ဆိုင်သော Bagan Cybertech ကုမ္ပဏီကို ချေးရန် ကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်။ ထိုချေးငွေမှ သက်ဆင်ပိုင်ဆိုင်သော Shin Satellite ကုမ္ပဏီက အကျိုးအမြတ်ပြန်လည်ရရှိသည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် ယခု သက်ဆင် ပြည်တော်ပြန်ရောက်သည့်နေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ထိုအမှုအတွက် ထောင်ဒဏ်ချမှတ်ခြင်းကို တရားရုံးတွင် ခံယူခဲ့ရသည်။

၁၉၈၈ ခုနှစ်ကတည်းက မပြောင်းမလဲ ကျင့်သုံးလာသော ထိုင်းအစိုးရအဆက်ဆက် မြန်မာနိုင်ငံဆိုင်ရာ ထိုမူဝါဒသည် ယနေ့ မြန်မာနိုင်ငံအခြေအနေနှင့် မဆီလျော်တော့ပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံဒီမိုကရေစီအစိုးရကို အာဏာသိမ်းခဲ့သော မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ကြီးက အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့သော်လည်း၊ အဖွဲ့ဝင် ထိုင်းနိုင်ငံက အာဆီယံ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံခဲ့ခြင်းကြောင့် ဒေသတွင်းနိုင်ငံတို့၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထိုင်း၏လုပ်ရပ်ကြောင့် အာဆီယံ၏ မြန်မာ့အရေး ဖြေရှင်းရန် ကြိုးပမ်းမှုများအပေါ် ကြီးမားသော အနှောင့်အယှက်ဖြစ်စေခဲ့ပြီး၊ ထိုင်းနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှား၊ စင်ကာပူနှင့် အဖွဲ့ဝင်နိုင်ငံတချို့အကြား မြန်မာ့အရေးကိုင်တွယ်မှုတွင် သဘောထားကွဲပြားမှုများ ပေါ်ပေါက်ခဲ့သည်။

ထိုအခြေအနေကို ဝန်ကြီးချုပ်သစ် ဆရက်ထာ သာဗီဆင်၏ အရပ်သားအစိုးရသစ်က ပြင်ဆင်နိုင်ပါမှ ၎င်းရည်မှန်းထားသော ထိုင်းနိုင်ငံကို နိုင်ငံတကာစင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိရေး ဖြစ်နိုင်ပေလိမ့်မည်။

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့က ဘန်ကောက်မြို့ မြန်မာသံရုံးအပြင်ဘက်တွင် ဆန္ဒပြကန့်ကွက်နေကြသူများ (ဓာတ်ပုံ – EPA-EFE/DIEGO AZUBEL)

ထိုင်းအစိုးရသစ်၏ မြန်မာမူဝါဒ စီးပွားရေးအကျိုးစီးပွားထက် လူသားလုံခြုံမှုကို ဦးစားပေးသင့်

ထိုင်းအရပ်သားအစိုးရသစ်သည် ဒေသတွင်းဆက်ဆံရေးတွင် ထိုင်းနိုင်ငံ၏ ပုံရိပ်ကောင်းကို ပြန်လည်ဖော်ဆောင်ရာ၌ အရေးပါသည့်အချက်မှာ ပြည်တွင်းစစ်မီးထဲ အတိဒုက္ခရောက်နေသော ထိုင်းနယ်စပ်နှင့် ကပ်လျက် မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသော စစ်ဘေးဒုက္ခသည်များကို နိုင်ငံတကာမှ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရန် ကူညီသင့်သည်။ 

ထိုကဲ့သို့ အကူအညီပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသည် စီးပွားရေးအကျိုးစီးပွားသက်သက်ကြည့်သော ကိုယ်ကျိုးစီးပွားကြည့် မူဝါဒမဟုတ်ဘဲ၊ မြန်မာပြည်သူများ၏ လူသားလုံခြုံမှုကို ရှေးရှုသော နိုင်ငံခြားရေးမူဝါဒ (Human security-oriented foreign policy) အဖြစ် ဦးတည်ပြောင်းလဲသင့်ပါသည်။

ထိုင်းအစိုးရသစ်က မြန်မာမူဝါဒကို ထိုကဲ့သို့ ပြောင်းလဲခြင်းဖြင့် မြန်မာအရေးမဖြေရှင်းနိုင်သော အခြေအနေမှ ထိုင်းနိုင်ငံ၏ ဦးဆောင်မှုကြောင့် အာဆီယံအဖွဲ့ကြီး၏ တူညီဆန္ဒ ၅ ရပ်ပါ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသော ပြည်တွင်းဒုက္ခသည်များကို အကူအညီပေးရေးအတွက် အခွင့်အလမ်းပွင့်သွားနိုင်ပါသည်။

ယင်းသည် ထိုင်းဝန်ကြီးချုပ်သစ် လိုချင်သော အာဆီယံဒေသတွင်း ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရရှိနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

ထို့ပြင် မြန်မာဒုက္ခသည်များအရေး ထိပ်ဆုံးမှ တက်ကြွစွာကူညီနေသော အမေရိကန်အစိုးရနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အလမ်းများ ရှိလာမည်ဖြစ်ပြီး၊ ယင်းသည် ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အေးစက်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာပါလိမ့်မည်။

ထို့ပြင် ယခုအခါ ထိုင်းလွှတ်တော်တွင် အဓိကအတိုက်အခံပါတီကြီးအဖြစ် ရပ်တည်လာမည့် Move Forward ပါတီ၏ မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားသော မူဝါဒများနှင့် ထပ်တူကျလာမည်ဖြစ်သဖြင့် မြန်မာ့အရေးတွင် ဝန်ကြီးချုပ်သစ် ဆရက်ထာ သာဗီဆင်သည် လွှတ်တော်တွင်း အဓိကအတိုက်အခံပါတီကြီး၏ ထောက်ခံမှုကိုပါ ရရှိမည် ဖြစ်ပါသည်။

ထိုင်း၏ သံတမန်ရေးဖိအား စစ်ကောင်စီအရှိုက်ကို ထိုးနိုင်

ထိုင်းအစိုးရသစ်က အထက်ပါအတိုင်း မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲ ပြုလုပ်ရုံမျှဖြင့် မြန်မာစစ်ကောင်စီအတွက် မကြုံဖူးသော ဖိအားများ ရရှိသွားမည်မှာ သေချာပါသည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် ထိုင်း၏ မူဝါဒအပြောင်းအလဲအပေါ် အမျက်ဒေသထွက်နိုင်သော်လည်း၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ရပ်တန့်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုကို ရပ်တန့်လိုက်ခြင်းမျိုးဖြင့် ထိုင်းနိုင်ငံကို တန်ပြန်ဖိအား မပေးရဲပါ။

အကြောင်းမှာ စစ်တပ်အတွက် မရှိမဖြစ် လိုအပ်နေသော ဝင်ငွေမှာ ထိုင်းနိုင်ငံသို့ ရောင်းချနေသော သဘာဝဓာတ်ငွေ့မှ ရရှိနေပြီး၊ ပြည်တွင်းလိုအပ်ချက်အတွက် လောင်စာဆီတင်သွင်းနေရသဖြင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပစ်၍ မဖြစ်နိုင်ပေ။

စစ်ကောင်စီသည် ပြည်တွင်း၌ စစ်ရေးအရ ရှုံးနိမ့်နေပြီး တိုင်းပြည်၏ နယ်မြေထက်ဝက်ခန့်ကို အုပ်ချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေပြီး၊ ထိုင်း-မြန်မာနယ်စပ်ဒေသ လုံခြုံရေးချိန်ခွင်လျှာသည် တိုင်းရင်းသားတော်လှန်းရေးအဖွဲ့အစည်းများဘက် အလေးသာနေချိန်ဖြစ်သည်။

၎င်းတို့၏ ဝင်ငွေရလမ်းအတွက် ထိုင်းနိုင်ငံကို အားထားနေရချိန် ထိုအချက်ကို ကောင်းစွာအသုံးချပြီး၊ စစ်ကောင်စီကို အာဆီယံနိုင်ငံများထဲ အထိရောက်ဆုံး ဖိအားပေးနိုင်သောအနေအထား ထိုင်းအစိုးရသစ်လက်ထဲတွင် ရှိနေသည်။

ထိုင်းအစိုးရသစ်အနေဖြင့် ထိုအခွင့်အရေးကို အသေအချာ အသုံးချမည်ဆိုလျှင် အာဆီယံအဖွဲ့သာမက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထောက်ခံအားပေး ရပ်တည်မှုကိုပါ ရရှိလာမည်ဖြစ်သည်။ ထိုအခြေအနေသည် ထိုင်းဝန်ကြီးချုပ်သစ် လိုချင်သော နိုင်ငံတကာစင်မြင့်ပေါ်သို့ ထိုင်းနိုင်ငံပြန်လည်ရောက်ရှိနိုင်မည့် အခွင့်အလမ်းများ ဖြစ်ပါသည်။

ထိုင်းအစိုးရသစ်သည် ဒီမိုကရေစီကို မျက်နှာမူသော အစိုးရလော၊ စစ်အာဏာရှင်များကို မျက်နှာမူသော အစိုးရလော။ အဖြေကို မကြာမီ မြင်တွေ့ခွင့်ရကြမည် ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button