သတင်း

ငွေပုံအော၍ သတင်းတုလွှင့်နေသူများကို သမ္မတရုံးထပ်မံသတိပေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးကပ်လာချိန်တွင် တိုင်းပြည်အတွက် အန္တရာယ်ကြီးသော သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် ဖြန့်ချိရန် ငွေပုံအောကာ စေခိုင်းနေသူများရှိနေပြီး မည်သူ့ကိုမဆို အရေးယူမည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထပ်မံသတိပေးလိုက်သည်။

သတင်းမှားဖြန့်နေသူများကို အရေးယူမည်ဟု ဇွန်လကုန်ပိုင်းတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်နှင့် ပတ်သက်၍ ဖော်ထုတ်အရေးယူမှုအခြေအနေကို ယနေ့ (ဇူလိုင် ၁၇) သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် Myanmar Now က မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။ 

“စနစ်တကျနက်ဝက် (ကွန်ရက်) ဖွဲ့ပြီးတော့ ဒီသတင်းတု သတင်းမှားဖြန့်ချိတဲ့ဟာဆိုရင် ကျွန်တော်တို့ စုံစမ်းဖော်ထုတ်စိစစ်လို့ရရင် ဥပဒေနဲ့အညီအရေးယူဖို့။ တချို့လည်း ဖော်ထုတ်နေတာတွေရှိပါတယ်။ ဒါ အချိန်တန်ရင် သိပါလိမ့်မယ်” ဟု ဦးဇော်ဌေးက ပြောသည်။ 

မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းဟု တိတိကျကျရည်ညွှန်း ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း

”တရားမဝင်ဆိုတာက အမှောင်ထဲကလုပ်နေတာမျိုးပေါ့။ ပြောရရင် ကမ်ပိန်း(ရွေးကောက်ပွဲလှုပ်ရှားမှု)မှာ အထောက်အကူဖြစ်စေနိုင်တဲ့ ဥပမာအားဖြင့် လူထုရဲ့သဘောထားအမြင်တွေ ပြောင်းလဲသွားအောင် ဖန်တီးပေးတာပေါ့။ ဖန်တီးတဲ့အခါမှာ သတင်းတုတွေ၊ သတင်းမှားတွေနဲ့ လုပ်တဲ့ဟာမျိုးကို ဆိုလိုတယ်။ အဲ့ဒီပုဂ္ဂိုလ်မျိုးကို ဆိုလိုတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ထို့သို့ပြောဆိုခြင်းမှာ သတင်းမီဒီယာလုပ်ငန်းကို ယုံကြည်ချက်ရှိရှိ၊ ခံယူချက်ကောင်းကောင်းဖြင့် လုပ်ဆောင်နေသူများကို ဆိုလိုခြင်းမဟုတ်ဘဲ သတင်းမီဒီယာ၏ အခန်းကဏ္ဍကို ငွေဖြင့်အသုံးချ၍ လုပ်ဆောင်နေသည့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

မည်သို့အရေးယူမည်တို့နှင့် စပ်လျဉ်း၍မူ ဦးဇော်ဌေးက “ကျွန်တော်တို့ ဥပဒေနဲ့အညီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ စသည်ဖြင့် သက်ဆိုင်ရာဥပဒေတွေ ရှိပါတယ်။ အဲ့ဒါတွေနဲ့ ငြိစွန်းသွားနိုင်တယ်။ အရေးယူတာတွေခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့သတိပေးတာဖြစ်တယ်” ဟု ဆိုသည်။

သမ္မတရုံး၏ ပြောဆိုချက်နှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အောက်လုံးထိုးသည့်လုပ်ရပ် ၎င်းတို့မလုပ်ဟု ပါတီအလုပ်အမှုဆောင် ဦးသောင်းအေးက ပြောသည်။ 

“တစ်ခုပဲရှိတယ်၊ ကိုယ်တို့ပါတီကို ဝန်းရံသူတွေ၊ အားပေးသူတွေကတော့ သူတို့အမြင် သူတို့အတွေးနဲ့ သူတို့လုပ်ချင်တာတွေတော့ လုပ်နိုင်တာပေါ့လေ။ ဒါတော့ ကိုယ်တို့မပြောတတ်ဘူး။ ကိုယ်တို့ပါတီကြီးအနေနဲ့ ဒီလိုအလုပ်လုပ်ဖို့ဆိုတာက သိပ်တော့စဉ်းစားမယ်တောင် မထင်ဘူး”ဟု ၎င်းက ပြောသည်။

ထို့အတူ သတင်းတု၊ သတင်းမှားများ၏ ဒဏ်ကို ပြည်ခိုင်ဖြိုးကိုယ်တိုင်ပင် ခံနေရသည်ဟုလည်း ဦးသောင်းအေးက ပြောသည်။

“ဒါတွေကို အဓိကလုပ်သင့်(တားဆီးသင့်)တာက လက်ရှိအစိုးရပဲ။ အစိုးရက ကျပ်သန်း ၆၀၀၀ အကုန်အကျခံပြီး စောင့်ကြည့်ရေးအဖွဲ့ထားပြီးတော့ တကယ့်တကယ်ကျတော့ လုပ်ဆောင်ချက်တွေက အွန်လိုင်းပေါ်မှာ မျှတတဲ့သဘောမရှိဘူးလေ”ဟု ၎င်းက ဝေဖန်သော်လည်း မည်သည့်ကိစ္စကို ရည်ညွှန်းကြောင်းကိုမူ တိတိကျကျပြောဆိုခြင်း မရှိပေ။ 

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ သမ္မတရုံး၏ ထုတ်ဖော်ပြောဆိုချက်ကို ကြိုဆိုလိုက်ပြီး သတင်းတု၊ သတင်းမှားများ၏ အန္တရာယ်ကို ရင်ဆိုင်ရန် ပါတီအနေဖြင့် သတိထားပြင်ဆင်နေကြောင်း Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ တရားမျှတစွာပဲ အလုပ်လုပ်မယ်၊ တရားမျှတစွာပဲ ယှဉ်ပြိုင်ဖို့ စဉ်းစားပါတယ်။ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု မုံရွာအောင်ရှင်က ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း နိုင်ငံရေးပါတီအချို့နှင့် ယင်းပါတီများမှ ဦးဆောင်သူများကို ဦးတည်သည့် သတင်းတု၊ သတင်းမှားများမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့လျက်ရှိသည်။ 

Show More

Related Articles

Back to top button