အောင်ရဲထွေးသေဆုံးမှုတွင် သံသယရှိသူ သုံးဦးကို လူသတ်မှုပုဒ်မမှ အပြင်းအထန်နာကျင်စေမှုဖြင့် ပြောင်းလဲစစ်ဆေးသည့်အပေါ် အစိုးရခရိုင်ဥပဒေအရာရှိများက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှုလျှောက်ထားဆဲ ဖြစ်သဖြင့် အမှုမစစ်ဆေးနိုင်သည်မှာ လေးလခန့် ရှိပြီဖြစ်သည်။
ကနဦးတွင် သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးက လူသတ်မှုဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) ဖြင့် ၂၀၁၉ ဇန်နဝါရီတွင် စွဲချက်တင်ပြီးနောက် စွပ်စွဲခံရသူများက စွဲချက်တင်မှုကို မကျေနပ်၍ ရန်ကုန်တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထားခဲ့သည်။
စွပ်စွဲခံရသူ သုံးဦးအနက် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ကို အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း ကျော်ဇောဟန် (ခ) ကျော်ဇောကို အားပေးကူညီမှုပုဒ်မ ၃၂၅/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးရန် ရန်ကုန်တိုင်းတရားလွှတ်တော်က၂၀၁၉ ဒီဇင်ဘာ ၁၃ တွင် အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ သုံးဦးအနက် မည်သူ့ကြောင့် အောင်ရဲထွေး သေဆုံးသည်ကို အတိအကျ မစွပ်စွဲနိုင်သဖြင့် တရားသူကြီး၏ အမိန့်သုံးသပ်ချက်အရ ယင်းသို့ စွဲချက်ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသူများ၏ ရှေ့နေများက ပြောခဲ့ကြသည်။
တိုင်းတရားလွှတ်တော်ဆုံးဖြတ်ချက်အတိုင်း သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးအနက် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ အားပေးကူညီမှုပုဒ်မ ၃၂၅/၁၁၄ ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးက ဆက်လက်စစ်ဆေးနေစဉ် အစိုးရခရိုင်ဥပဒေအရာရှိများက အဆိုပါ ပုဒ်မဖြင့် စစ်ဆေးခြင်းကို မကျေနပ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဆက်လက် ပြင်ဆင်ချက်တက်ခြင်းဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။
ယခုအခါ အောင်ရဲထွေးအမှုစစ်ဆေးနေသည့် အမှုတွဲခေါ်စာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အရှေ့ပိုင်းခရိုင်တရားရုံးထံမှ မတ်လကတည်းက တောင်းယူထားသဖြင့် အမှုကို ဆက်လက်မစစ်ဆေးသည်မှာ လေးလခန့် ရှိကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။ အမှုမှာ စွပ်စွဲခံရသူများကို စစ်ဆေးရမည့်အဆင့် ရောက်ချိန်တွင် ရပ်နားထားရခြင်း ဖြစ်ကြောင်း သိရသည်။
သန်းထွဋ်အောင် အပါအဝင် သုံးဦးကို အပြင်းအထန်နာကျင်စေမှုပုဒ်မဖြင့် ပြောင်းလဲစစ်ဆေးခြင်းဖြစ်၍ ဥပဒေအရ ၎င်းတို့သုံးဦးကို ကျပ်သိန်း ၁၀၀ စီဖြင့် ၂၀၁၉ ဒီဇင်ဘာ ၂၄ တွင် အာမခံပေးခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်ချက်တက်ထားဆဲကာလတွင် ၎င်းတို့အား တစ်လတစ်ကြိမ် ရုံးချိန်းပေးလျက်ပင် ရှိသည်။
၂၀၁၇ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညက ရန်ကုန်၊ သုဝဏ္ဏရှိ The One Entertainment Park တွင် ရန်ပွဲ ဖြစ်ပွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်ရှိ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ပြီး ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံရသော ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ရန်ကုန်ရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွင် တရားလိုပြသက်သေ ၁၄ ဦး စစ်ဆေးပြီးသည့် အဆင့်၌ အမှုအား ရုပ်သိမ်းခွင့်ပြုရန် ခရိုင်ဥပဒေအရာရှိဒေါ်သစ်သစ်ခင်က လျှောက်ထားခဲ့ပြီးနောက် အမှုရုပ်သိမ်းခဲ့သည်။
လူသတ်မှုကို စွဲချက်တင်သည့် အဆင့် မရောက်မီ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ဥပဒေ ကျွမ်းကျင်သူများနှင့် သမ္မတ ဦးဝင်းမြင့်တို့က လူသိရှင်ကြားဝေဖန်ခဲ့သည့်နောက် အဆိုပါ အမှု ရုပ်သိမ်းခြင်း နှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်း သတ်မှတ်ကာ အမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးခဲ့သည်။
အောင်ရဲထွေးအမှုကို ပထမဆုံး တာဝန်ယူ စစ်ဆေးခဲ့သည့် ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိများ အပြင် ရန်ကုန်တိုင်းဥပဒေအရာရှိချုပ်ပါ လာဘ်စား၍ အမှုရုပ်သိမ်းခွင့်ပြုပြီး စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခေါ်) သားကြီးကို တရားရှင်လွှတ်ပေးသည်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံနေရသည်။
အမှုပိတ်သိမ်းခြင်း၏နောက်တွင် စွပ်စွဲခံရသူသုံးဦး၏ မိဘများက လာဘ်ပေးကာ ကျေအေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပြီးနောက် အောင်ရဲထွေး သေဆုံးမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၉ မှစ၍ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
- အမှုပိတ်ပေးရန်အတွက် အောင်ရဲထွေးမိသားစု သိန်း ၁၅၀၀ အထိရခဲ့ဟု အဂတိတိုက်ဖျက်ရေးဖော်ထုတ်
- အောင်ရဲထွေးသေဆုံးမှုကို အစအဆုံး ပြန်စစ်ဆေးမည်
အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ မှာ ပြစ်မှုထင်ရှားပါက ခုနစ်နှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်သည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၁၁၄ မှာ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုဖြစ်ပြီး တရားသူကြီး၏ ဆင်ခြင်တုံတရားအရ ပြစ်မှုကျူးလွန်သူ နည်းတူဖြစ်စေ၊ ပြစ်ဒဏ်လျော့၍ ဖြစ်စေ ချမှတ်နိုင်သည်။
မူလက စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အဆိုပါ ပုဒ်မသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ထိဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။