
စစ်တပ်၏ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားရသည့် ရိုဟင်ဂျာများ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှ ဒုက္ခသည်စခန်းများတွင် ရေကြီး မြေပြိုခဲ့ပြီးနောက် အကူအညီများ လိုအပ်နေသည်ဟု စုံစမ်းသိရှိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၆ ရက်မှစ၍ ထိုစခန်းများတွင် မိခင်နှင့် ကလေးအပါအဝင် ၄ ဦး သေဆုံးကာ ဆေးပေးခန်းနှင့် နေအိမ်ရာနှင့်ချီ ပျက်စီးသွားသည်ဟု နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ သဘာဝဘေးကြောင့် ကော့ဘဇားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှု၊ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်၊ အိုးအိမ်မဲ့ဖြစ်သွားသူများ၏ အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် ရေရှည်တည်တံ့သော အစီအမံများ လိုအပ်နေသည်ဟု နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ နောက်တစ်ခုဖြစ်သည့် International Rescue Committee (IRC) ကလည်း ထိုနေ့တွင်ပင် ထုတ်ပြန်ထားသည်။
“အခု လက်ရှိအခြေအနေတွေ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ အားနည်းချက်ကို ဖော်ပြနေပြီး ရေရှည်မှာ ဒါတွေကို ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာကို သိသာနေပါတယ်” ဟု IRC ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ Hasina Rahman က ပြောသည်။

စစ်တပ်၏ ၂၀၁၆၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးများကြောင့် ပြည်နယ်တွင်းမှ ရိုဟင်ဂျာ တစ်သန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရာ အများစုမှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ရှိနေသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းကို ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ထားသည်။
ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲခံထားရသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမှုရင်ဆိုင်ခဲ့သည်။
အစိုးရကို ဖြုတ်ချကာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ထိုအမှုကို ဆက်လက် ဖြေရှင်းနေရသည်။
လူဦးရေ သန်းနှင့်ချီ၍ နေထိုင်နေကြသည့် ကော့ဘဇား ဒုက္ခသည်စခန်းများတွင် မီးဘေး၊ သဘာဝဘေး မကြာခဏ သင့်လေ့ရှိသည်။ ရခိုင်ပြည်နယ်တွင် ရှိနေချိန်ကပင် နေရပ်မှ အခြားဒေသသို့ ခရီးသွားလာခွင့်မရှိသလို ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းနည်းပါးသည့် အခြေအနေကို ရိုဟင်ဂျာတို့ ယနေ့တိုင် ရင်ဆိုင်နေရဆဲဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်ရှင်နေထိုင်မှုအတွက် ထိုင်း၊ မလေးရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့ စွန့်စား၍ လှေများဖြင့် သွားရောက်ရန် ကြိုးစားကြရာ ပင်လယ်ခရီးတွင် အသက်ဆုံးရှုံးမှု၊ ဖမ်းဆီးခံရမှုနှင့် မကြာခဏ ရင်ဆိုင်နေရသည်။ မြန်မာပြည်တွင်း ကုန်းလမ်း၊ ရေလမ်းဖြင့် တရားမဝင်ဖြတ်သန်းကာ ထိုင်းဘက်သို့ သွားရန် ကြိုးပမ်းသည့် ရိုဟင်ဂျာများထဲမှ အများအပြားလည်း ဟန့်တားဖမ်းဆီးခံရမှုနှင့် ကြုံတွေ့ရတတ်သည်။
ရခိုင်ပြည်နယ်တွင်း ကျန်ရှိခဲ့သည့် သိန်းနှင့်ချီသော ရိုဟင်ဂျာများသည်လည်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေရကာ လူမှုစီးပွားဒုက္ခမျိုးစုံ ကြုံတွေ့နေရဆဲဖြစ်သည်။ စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို ပြန်ခေါ်မည်ဟု ဆိုထားသော်လည်း ကာယကံရှင်များက အယုံအကြည်မရှိကြောင်း ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)