သတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုတွင် ကလေး ၂၀ ခန့် ပျောက်ဆုံးနေ

မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် လူထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် မီးလောင်ကျွမ်းမှုအပြီး ကလေးအရေအတွက်၂၀ ခန့် ပျောက်ဆုံးနေသည်ဟု သိရသည်။ 

ထိုနေ့ နေ့လယ်ပိုင်း ကော့ဘဇားခရိုင်၊ အူကီးယာမြို့နယ်အတွင်း ဘာလုခါလီ (Balukhali) စခန်းတွင် ရပ်ကွက် အမှတ် (၁၁) နေရာမှ စတင်သည့် ၂ နာရီကြာ လောင်ကျွမ်းရာ စခန်းတွင် နေထိုင်သူ ၅၀ ခန့်လည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တဲအိမ် ၈၀၀၀ ဝန်းကျင်ခန့်ရှိသော ဘာလုခါလီဒုက္ခသည်စခန်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ထွက်ပြေးလာကြသူ အများစု နေထိုင်ကြသည်။ 

ဒဏ်ရာရသူများထဲတွင် တချို့မှာ ပြင်းထန်စွာ ထိခိုက်ထားသည်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကုသမှုပေးနေသည်ဟု ထိုစခန်းတွင် နေထိုင်သော အမည်မဖော်လိုသည့် ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်သည့်နေ့က ကလေး ၁၀၀ ခန့် ပျောက်ဆုံးခဲ့ရာမှ နောက်ပိုင်းတွင် ၈၀ ခန့်ကိုသာ ပြန်ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ နေအိမ်ဆုံးရှုံးခဲ့ရသည့် ရိုဟင်ဂျာမိသားစုများ နေထိုင်စားသောက်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ထိုအမျိုးသားက ဆိုသည်။

“တချို့မိသားစုတွေမှာ သမီးပျိုတွေလည်း ပါတယ်။ သူတို့ နေဖို့ထိုင်ဖို့၊ ရေချိုးခန်း၊ အိမ်သာတွေလည်း အခက်အခဲရှိပါတယ်။ တချို့နိုင်ငံခြားအဖွဲ့အစည်းတွေက စားရေးသောက်ရေး ထောက်ပံ့ပေးပေမဲ့ အစိုးရအဖွဲ့ကတော့ သူတို့အစီအစဉ်နဲ့ လာကူညီတာတော့ မရှိဘူး။ ဒါပေမဲ့ INGO အဖွဲ့တွေကို ကူညီဖို့ ခွင့်ပေးတာတော့ ရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ 

စခန်းရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် တဲအိမ် ၂၀၀၀ ‌ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒုက္ခသည်များမှာ လက်ရှိတွင် နီးစပ်ရာ ဘာသာရေးအဆောက်အအုံ (ဗလီ)၊ စာသင်ကျောင်းနှင့် ဆွေမျိုးများရှိရာတွင် ယာယီခိုလှုံနေရသည်ဟု ထိုစခန်းတွင် နေထိုင်သူများထံမှ သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR In Bangladesh) က ထိုမီးလောင်မှုတွင် စခန်းရှိ တဲအိမ် ၂၀၀၀ ခန့် ဆုံးရှုံးခဲ့ပြီး လူပေါင်း ၁၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မီးလောင်သည့်နေ့တွင် ခန့်မှန်းထုတ်ပြန်သည်။

မတ် ၇ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ အိမ် ၃၀၀၀ ခန့် ဆုံးရှုံး၊ ထိခိုက်သူ ၁၆,၀၀၀ ခန့် ရှိသည်ဟု ဖော်ပြထားသည်။

မီးလောင်ရသည့်အကြောင်း

မီးလောင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စခန်းတွင် နေသူတချို့က အမျိုးမျိုး ခန့်မှန်းနေကြသည်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့မှ အဖွဲ့ဝင်များ ဒုက္ခသည်စခန်းများတွင် ရောနှောနေထိုင်ကြပြီး ထိုမီးလောင်မှုသည် ထိုအဖွဲ့နှစ်ဖွဲ့ မသင့်မြတ်ရာမှ ပေါ်ပေါက်လာသော ရှို့မီးလည်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြကြောင်း စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီစခန်းမှာ အရင်ကတည်းက တည်ငြိမ်မှုမရှိဘူး။ လူတွေက ရှို့မီးလို့ ပြောနေတယ်။ ကျွန်တော်ကတော့ မျက်မြင်တွေ့တာ မရှိဘူး။ အနီးအနားမှာရှိတဲ့လူတွေက ရှို့မီးလို့ ပြောနေတယ်။ ဒီစခန်းမှာ အကြမ်းဖက်အဖွဲ့ ARSA အဖွဲ့ ရှိတယ်။ နောက်ပြီးတော့ RSO ကလည်း ARSA ကို အလိုမရှိ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ရိုဟင်ဂျာအမျိုးသားက ပြောသည်။

ဖြစ်စဉ်အမှန်ကို မသိရသေးဟု မောင်တောမြို့နယ်မြောက်ပိုင်းတွင် နေထိုင်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာကျောင်းဆရာတစ်ဦးက ပြောသည်။

“ဒီမှာက တချို့က ပေါ့ဆမီးလို့လည်း ပြောတယ်။ ရှို့မီးလို့လည်း ပြောကြတယ်။ ကိုယ့်မျက်စိနဲ့ မမြင်ဘဲ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ တကယ့်အမှန်အတိုင်း ပြောမယ်ဆိုရင်လည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်” ဟု သူက ပြောသည်။ 

“ဒီမှာ IOM ဆိုပြီးတော့ NGO အဖွဲ့အစည်းတစ်ခုရှိတယ်။ သူတို့အဖွဲ့က ဝါးနဲ့ တာပေါ်လင်စတွေ အ‌ရေးပေါ် ကူညီပေးတယ်။ နောက်ပြီးတော့ ပုံမှန်ပေးနေကျ ဆန်၊ ဆီ၊ ဆား၊ ငရုတ်တွေလည်း ကူညီပေးထားတာ ရှိတယ်။ တချို့ အရပ်ဘက်အဖွဲ့အစည်းကလည်း လှူဒါန်းတာတွေလည်း ရှိတယ်”

စခန်းအတွင်း အသတ်ခံရမှုများ

ရခိုင်မြောက်ပိုင်းရှိ မေယုဒေသဟု ခေါ်ဆိုသော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်သည်ဟုဆိုကာ နေအိမ်မီးရှို့ပြီး သတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒုက္ခသည်စခန်း ၃၄ ခု ရှိပြီး ထိုစခန်းများတွင် ရိုဟင်ဂျာဦးရေ ဆယ်သိန်းခန့် နေထိုင်နေကြသည်။ 

ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဘာလုခါလီဒုက္ခသည်စခန်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အဒူရော်ဟိန်း ပစ်သတ်ခံရသည်။

အလားတူ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ထိုစခန်း အမှတ် (၂) အနောက်ဘက်ခြမ်း ဘလောက် C/5 တွင် နေထိုင်သော အသက် ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် ၄ ဦးခန့်က သတ်ဖြတ်ခဲ့ကြောင်း စခန်းတွင် နေထိုင်သူများအဆိုအရ သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် သတ်ဖြတ်မှုများဖြစ်ပေါ်ပါက ARSA အဖွဲ့နှင့် RSO အဖွဲ့တို့ကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

စခန်းများအတွင်း မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသောကြောင့် အသက်အာမခံချက် မရှိသလို ခံစားနေရကြောင်း အထက်ပါကျောင်းဆရာက ပြောသည်။

“ဘယ်အဖွဲ့၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုပြီး သိရင်တောင် ပြောဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ နေရတာ အသက်အာမခံချက် မရှိ။ ဒီမှာက ဘင်္ဂလားအစိုးရက တရားဝင် ဒီလို Protection (အကာအကွယ်) လုပ်ထားတယ်။ ဒါပေမဲ့ သူတို့မလုပ်နိုင်တာတွေလည်း အများကြီးပါတယ်” ဟု သူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ၂၀၂၁ ဇန်နဝါရီမှ ၂၀၂၂ ဒီဇင်ဘာအတွင်း ရှို့မီး အကြိမ် ၆၀ အပါအဝင် စုစု‌ပေါင်း မီးလောင်မှု ၂၂၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာန၏ ယခုနှစ် ဖေဖော်ဝါရီလ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီ ၁၇ နှင့် ၁၈ တို့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး ဒုက္ခသည် ၂၀၀၀ ခန့် ခိုလှုံနေသော စခန်းအတွင်း ARSA နှင့် RSO တိုက်ပွဲဖြစ်ပြီး စခန်း မီးလောင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button