သတင်း

ရန်ကုန်မြို့အနီး လမ်းဘေး၌ ရိုဟင်ဂျာအလောင်းစွန့်ပစ်ခဲ့သူများကို ဖမ်းမိဟုဆို

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ လမ်းဘေးတစ်နေရာတွင် အသက် ၁၆ နှစ်နှင့် ၂၀ ကြား ရိုဟင်ဂျာအမျိုးသား ၁၃ ဦး၏ အလောင်းများကို စွန့်ပစ်ခဲ့သည့် လူကုန်ကူးသူ ၁၂ ဦးကို ဖမ်းမိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

ဒီဇင်ဘာ ၄ ရက် ညပိုင်းတွင် လှည်းကူးမြို့နယ် ဘာလားကျေးရွာအုပ်စု၊ ငွေနံ့သာရွာနှင့် အမှတ် ၇ လမ်းမကြီးကြား၊ ငွေနံ့သာရွာအရှေ့ဘက် ၃ ဖာလုံခန့်အကွာ ကွန်ကရစ်လမ်းဘေးတွင် သေဆုံးနေသည့် ရိုဟင်ဂျာများကို စွန့်ပစ်ခဲ့သူများမှာ လူကုန်ကူးသူများဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

သေဆုံးသူများမှာ စစ်တွေမှတစ်ဆင့် ပြည်တွင်းသို့ လူကုန်ကူးသူများ၏ အစီအမံဖြင့် ဝင်လာကြကြောင်း၊ ရိုဟင်ဂျာများကို ဆီဘောက်ဆာကားအတွင်း ထည့်၍ ဒီဇင်ဘာ ၄ ရက်တွင် မကွေးတိုင်း ငဖဲမြို့နယ်၊ ပဒါန်းမြို့မှ ပုသိမ်- မုံရွာကားလမ်းအတိုင်း ခေါ်ဆောင်လာကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းချိန်တွင် လူကုန်ကူးသူများက ဆီဘောက်ဆာကားကို အဖုံးများပိတ်ကာ မောင်နှင်းခဲ့ကြရာမှ ရိုဟင်ဂျာများ သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ အသေးစိတ်ကိုမူ ဖော်မပြမထားပေ။ ရိုဟင်ဂျာများကို လူကုန်ကူးသည့် ခရီးစဉ်၊ သေဆုံးရသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် သီးခြား အတည်မပြုနိုင်သေးပေ။

ယခုဖြစ်စဉ်၌ သေဆုံးသူများသည် အခြား ၂၀ ဦးနှင့်အတူ ငဖဲမြို့မှတစ်ဆင့် ထွက်ခွာလာသူများဖြစ်ကြောင်း၊ အသက်ရှင်ကျန်သူကို ဖမ်းမိကြောင်း စစ်ကောင်စီက ဆိုသည်။ အခြေအနေကိုမူ အသေးစိတ်ကိုမူ မသိရပေ။

လူကုန်ကူးမှုကို စီမံကြီးကြပ်သူ ဦးသန့်ဇင်ဦး (ခ) သူရိန် အပါအဝင် ၁၂ ဦး၊ လူသယ်ယူရာတွင် အသုံးပြုသည့် ဆီဘောက်ဆာကားနှင့် အခြား မော်တော်ယာဉ် ငါးစီးကိုလည်း ဒီဇင်ဘာ ၉ နှင့် ၁၆ တို့တွင် ဖမ်းဆီးထားသည်ဟု စစ်ကောင်စီက ဆိုသည်။

ထိုအဖွဲ့မှာ ရိုဟင်ဂျာ ၂၅၅ ဦးကို ၅ ကြိမ် လူကုန်ကူးထားပြီးကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း လမ်းနံဘေးတွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာ အလောင်းများကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

အလာတူပင် အောက်တိုဘာလအတွင်းကလည်း လှည်းကူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်း ဇီးရိုးမိုင်စစ်ဆေးဂိတ်မှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရိုဟင်ဂျာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းဆီးခံခဲ့ရသေးသည်ဟု RFA သတင်းဌာနက ရေးသားထားသည်။

ထို့အပြင် နိုဝင်ဘာ ၂၈ ရက်ကလည်း ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ရိုဟင်ဂျာ အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၁၄ ဦးကို  လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် ၁ အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

၂၀၁၂ ခုမှစ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပြီး အာဏာပိုင်တို့ ဖန်တီးပေးထားသော ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ လူမှုရေး၊ ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ ပိတ်ဆို့ခံထားရကာ မည်သည့်နေရာကိုမှ ခရီးသွားခွင့်မရသည့် ရိုဟင်ဂျာတို့သည် ဒုက္ခသည်စခန်းများမှတစ်ဆင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရန် ကြိုးပမ်းစဉ် မကြာခဏ ဖမ်းဆီးခံနေရသည်။

၁၉၆၂ စစ်အာဏာရှင်ခေတ်မှစ၍ ရိုဟင်ဂျာတို့ကို မြန်မာအာဏာပိုင်များက အထောက်အထားမဲ့ဟု သတ်မှတ်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်မှတစ်ဆင့် ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခဲ့ကာ ခရီးသွားလာသည်ကို တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေး (လဝက) ဥပဒေဖြင့် ဖမ်းဆီးအရေးယူလေ့ရှိသည်။ 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ အခြားနိုင်ငံများသို့ ကုန်းလမ်းရေလမ်းဖြင့် လျှို့ဝှက်ထွက်ခွာစဉ် လမ်းခရီးတွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာအများအပြားရှိပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေးအကျဉ်းထောင်တွင် ရိုဟင်ဂျာ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၅၀ ဦးခန့် အကျဉ်းကျခံနေရသည်ကို Myanmar Now က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဘာသာရေးအရ အစားအသောက်ဆင်ခြင်ရသည့် ရိုဟင်ဂျာများမှာ ဘားအံထောင်အတွင်း တစ်ပတ်လျှင် အနည်းဆုံးသုံးရက် ထမင်းကို ရေနှင့်သာ ဖျော်စားနေရကြောင်း၊ တွေ့ရာ အရွက်များကို ခူးပြီး ပြုတ်သောက်နေရကြောင်း၊ အဝတ်အစားအပိုရှားပါး၊ ဆပ်ပြာပို့မည့်သူ မရှိသဖြင့် ခန္ဓာကိုယ်အနှံ့ ဝဲ(ယားနာ) ပေါက်နေသော်လည်း ထောင်အာဏာပိုင်တို့က ဆေးကုသမှု မပေးကြောင်း အောက်တိုဘာလမတိုင်မီ ထိုအကျဉ်းထောင်မှ လွတ်မြောက်လာသူနှစ်ဦးက အတည်ပြုထားသည်။

အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းက ရန်ကုန် အင်းစိန်ထောင်သို့ ရိုဟင်ဂျာ ၈၀ ခန့် ရောက်ရှိလာကြောင်း၊ ၎င်းတို့မှာ ထောင်ထဲတွင် မကြားဝံ့မနာသာ ဆဲဆိုခံနေရသည့်အပြင် မိလ္လာကိစ္စကဲ့သို့သော အောက်ခြေသိမ်းအလုပ်များကို ထောင်အာဏာပိုင်တို့က ခိုင်းစေလျက်ရှိသည်ဟု ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button