တပ်မတော်က ရုပ်ရှင်အနုပညာရှင်များ၊ ဂီတ၊ သဘင်နှင့် သတင်းမီဒီယာများအတွက် အခြေခံစားသောက်ကုန်များနှင့် ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မေနှင့် ဇွန်လများအတွင်းက လှူဒါန်းခဲ့သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ရုပ်ရှင်အနုပညာရှင် တစ်ဦးလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ သား၊ ပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး အပါအဝင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၂၆ တွင် ထုတ်ပြန်သည်။
လှူဒါန်းသည့် အခမ်းအနားသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကိုယ်စားပြုလက်ခံခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းလှူဒါန်းမှုများမှာ အနုပညာသည် ၈၀၀ အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ Facebook စာမျက်နှာ Myanmar Motion Picture Organization (MMPO) တွင်လည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလကလည်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မိသားစုက မန္တလေးမြို့ရှိ ပန်းချီ၊ ဂီတ၊ သဘင်နှင့် သတင်းမီဒီယာ သမားများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အခြေခံစားသောက်ကုန်များအပြင် ကိုဗစ်နိုင်တင်းအထောက်အကူပြုပစ္စည်းများကို အလားတူ လှူဒါန်းခဲ့ကြောင်း မန္တလေးသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ကိုထွန်းဝင်းက ပြောသည်။
တပ်မတော်က ထိုကဲ့သို့ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ သဘင်နှင့် သတင်းမီဒီယာသမားများကို ဆန်၊ဆီ၊ဆား အစားအသောက်များ လှူဒါန်းနေသကဲ့သို့ပင် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ငွေကြေးများ လှူဒါန်းခဲ့သည်။
ကိုဗစ်ကာလအတွင်း ရုပ်ရှင်လောကသားများ အလုပ်အကိုင်ခက်ခဲသည့်အတွက် ပြည်ခိုင်ဖြိုးပါတီက ရုပ်ရှင်လောကသား တစ်ဦးလျှင် ကျပ်၂၀,၀၀၀ ဖြင့် ၁,၅၀၀ အတွက် သိန်း ၃၀၀ ကို ဇွန် ၂၂ က လှူဒါန်းခဲ့သည်။
တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့က ရုပ်ရှင်အနုပညာသည်အသိုင်းအဝိုင်းအတွက် လှူဒါန်းမှုများသည် ရွေးကောက်ပွဲကာလနီးလာချိန်နှင့် တိုက်ဆိုင်နေသဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများလည်း ရှိခဲ့သည်။
ရုပ်ရှင်လောကသားများအတွက် တပ်မတော်၏ လှူဒါန်းမှုမှာ သာမန်လှူဒါန်းမှုသာဖြစ်ကြောင်း၊ အစိုးရအဖွဲ့က ယခုအချိန်ထိ လာရောက် လှူဒါန်းခြင်းမရှိသေးကြောင်း ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။
“ခုအချိန်မှာက ဘယ်သူပဲ လှူလှူ ကျွန်တော်တို့က လှူတာကို ဝမ်းသာအားရ ကြိုဆိုရမှာပဲ။ ဘယ်သူပဲ လှူလှူ ကြိုက်တဲ့လူလှူ ကျွန်တော်တို့ လောကသားတွေအတွက် အထိုက်အလျောက် အထောက်အပံ့ရရင် အဆင်ပြေသွားတာပါပဲ” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကာလတွင် ရုပ်ရှင်ကားရိုက်မရှိသဖြင့် ရုပ်ရှင်လောကသားများ စားဝတ်နေရေးခက်ခဲမှုကို ပြေလည်စေရန် ပြည်ခိုင်ဖြိုးပါတီက အကူအညီပေးခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲ နီးသဖြင့် မဲဆွယ်ခြင်း မဟုတ်ကြောင်း ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြည်တွင်းထုတ် နေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သည့် 7Day သတင်းဌာနကို ဖြေကြားခဲ့သည်။
ရုပ်ရှင်လောကသားများ သာရေးနာရေးရန်ပုံငွေအတွက် ပြည်ခိုင်ဖြိုးက ၂၀၁၉ စက်တင်ဘာလတွင်လည်း သိန်း ၄၂၀ ကျော် လှူဒါန်းခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလတွင် ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ အနုပညာရှင်အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေး မဲဆွယ်စည်းရုံးရေးများတွင် ပါဝင်ကူညီပေးခဲ့ကြသည့်အပြင် ပါတီထောက်ခံရေး သီချင်းနှင့် ဗီဒီယိုများလည်း ရိုက်ကူးဖြန့်ဝေခဲ့ကြသည်။
ရုပ်ရှင်အနုပညာရှင်များ အပါအဝင် နာမည်ကျော်ကြား လူသိများသူတို့သည် နိုင်ငံရေးပါတီတစ်ခုအတွက် ထိုကဲ့သို့ မဲဆွယ်ပေးခြင်း မလုပ်သင့်ဘဲ “မှန်မှန်ကန်ကန် မျှမျှတတ” ရပ်တည်ပေးရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်ကလည်း ဇွန် ၂၅ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မီဒီယာများကို ပြောခဲ့သည်။