ယခုနှစ်တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမည်သို့ ပြောင်းလဲ လာမည်လဲဆိုသည်ကို ပြည်တွင်းပြည်ပတွင် မှန်းဆမှုများဖြစ်ပေါ်နေသည်။ စစ်တပ်သည် ၎င်း၏ အုပ်ချုပ်ရေးကို အရပ်သားအသွင် အပေါ်ယံပြောင်းပြပြီး ၎င်းတို့သာလျှင် တိုင်းပြည်ကို ဆက်လက် အတင်းအဓမ္မအုပ်ချုပ်မည်ကို မကြာသေးမီ ဖြစ်ရပ်များက သက်သေပြနေသည်။
ဒါဇင်ပေါင်းများစွာသော သူများကို ရွေးကောက်ပွဲကို ဖျက်ဆီးနှောင့်ယှက်ရန် ကြံစည်သည်ဟူသော စွဲချက်ဖြင့် စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေရာ ရန်ကုန်မြို့နေ ထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ မိုက်တီး ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့သည်။
ထိုမျှပင်မက မြန်မာနိုင်ငံတွင်းနေထိုင်သည့် ရုပ်ရှင်သရုပ်ဆောင်များနှင့် ရုပ်ရှင်ဒါရိုက်တာများကို လည်း စစ်တပ်၏ ရွေးကောက်ပွဲထောက်ခံရေး ဝါဒဖြန့် လှုပ်ရှားမှုများတွင် ပါဝင်စေရန် စစ်တပ်က ဖိအားပေးသည်။
ပါဝင်ရန်ငြင်းဆန်သူများကို စစ်တပ်က ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်သည်။ ထိုသို့အဓမ္မ ဖိအားပေးမှုကြောင့် ပါဝင်ရသည့် အနုပညာရှင်များအတွက် ပိုမိုဆိုရွားသည့် အခြေအနေ တစ်ခုလည်း ရင်ဆိုင်နေရသည်။ ထိုသည်မှာ ၎င်းတို့၏ ဂုဏ်သိက္ခာဖြစ်သည်။
စစ်တပ်၏ နိုင်ငံရေးလှုပ်ရှားမှုများအတွက် ခေတ်အဆက်ဆက် ပါဝင်လှုပ်ရှားပြီး ယခုတိုင်လည်း ၎င်းတို့၏ ဆန္ဒဖြင့်ပါဝင်နေသူ အနုပညာရှင်များနှင့် အလိုမတူဘဲပါဝင်ရသည့် အနုပညာရှင်များကို ပြည်သူတို့က မခွဲခြားနိုင်ဘဲ မုန်းတီးအထင်လွဲသွားနိုင်သည့် ဘေးကြီးဖြစ်သည်။
ယခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များနှင့် စစ်တပ်ကျောထောက် နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီတို့ တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံပွဲတွင် စစ်တပ်၏ ဝါဒဖြန့်ရုပ်ရှင်များရိုက်ကူးလေ့ရှိပြီး အာဏာသိမ်း စစ်တပ်ကို ထောက်ခံသည့် နေအောင်၊ ရန်အောင်၊ မင်းအုပ်စိုး၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ ဒိန်းဒေါင်၊ ငြိမ်းချမ်းစသည့် ပြည်တွင်း အနုပညာရှင် အများအပြားကို တွေ့ရသည်။
သို့သော်လည်း စစ်ကော်မရှင်က ယခုကျင်းပမည့် ရွေးကောက်ပွဲ ပညာရေးဇာတ်လမ်းများ ရိုက်ကူးသည့် အခါတွင် ၎င်းတို့ အလိုကျ သရုပ်ဆောင်ပေးမည့် ထိုအနုပညာရှင်များကို အသုံးမပြုတော့ပေ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့၍ ထောင်သွင်းအကျဉ်းချခံခဲ့ရခြင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သည့် အနုပညာရှင်အများစုကိုသာ အငြိုးတကြီး ခေါ်ယူ အသုံးပြုထားသည်ကို တွေ့ရသည်။
စစ်ကော်မရှင်ကမူ ရွေးကောက်ပွဲ ပညာပေးလှုပ်ရှားမှုများတွင် အနုပညာရှင်များသည် ၎င်းတို့ သဘောဆန္ဒအရ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြတောင်းဆိုခဲ့သည့် ဆန္ဒပြပွဲများကို ပုံဖျက်ရိုက်ကူးထားသည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်သံဇာတ်လမ်းတွဲကို စစ်တပ်ပိုင် မီဒီယာများက အောက်တိုဘာလမှ စတင်ထုတ်လွှင့်ခဲ့ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ခြေလှမ်းစတင်ခဲ့ခြင်းဖြစ်သည်။
ထိုရွေးကောက်ပွဲပညာပေး ရုပ်သံဇာတ်လမ်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် အကယ်ဒမီ နေတိုးက ဦးဆောင်ပါဝင်ခဲ့ပြီး ကကပြည်ဟု လူသိများသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ဦးစီးဌာနမှ ဗိုလ်မှူးတင်အောင်စိုးက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးခဲ့သည်။
ထိုဇာတ်လမ်းတွင် နေဝင်း၊ မြင့်မြတ်၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး စသည့် သရုပ်ဆောင်များ အဓိက သရုပ်ဆောင်ထားကြသည်။
ထိုရုပ်သံဇာတ်လမ်း ပြသခဲ့ပြီးနောက် ပါဝင်သရုပ်ဆောင်သည့် ရုပ်ရှင်သရုပ်ဆောင်များကို ပြည်သူလူထု က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများ ကလည်း ထိုဝေဖန်သူများကို ဖမ်းဆီးရန် တန်ပြန်လှုံ့ဆော်ခဲ့ရာ စစ်တပ်၏ ဖိနှိပ်မှုယန္တရားကို ထင်ထင်ရှားရှား တွေ့မြင်လာရသည်။
ထို့နောက် ရွေးကောက်ပွဲအပေါ် လူထုအထင်အမြင်လွဲမှားရန် လှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲကာ ဒါရိုက်တာ မိုက်တီး (ခ) သန်းထွန်းဇော် ၊ ဒါရိုက်တာ အောင်ချမ်းလူ ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ် ၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်း (ခ) ဇော်မြင့်တို့ကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးကာ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်သည်။
ထို့နောက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ရုပ်ရှင်ရိုက်ကူးနေသည့် သရုပ်ဆောင် ဖွေးဖွေးကို ရွေးကောက်ပွဲ ပညာပေးဇာတ်လမ်းရိုက်ကူးရန် ပြင်ဦးလွင်မြို့မှ ရန်ကုန်အထိ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ရိုက်ကူးမည့်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် “မတန်မရာ” ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေချိန် ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးရန် ဖွေးဖွေး ကို စစ်ကော်မရှင်က ဖုန်းဆက်သော်လည်း အကြောင်းမပြန်၍ ဖမ်းဆီးခြင်း ဖြစ်သည်ဟု အခြေအနေအား သိရှိသည့် ရုပ်ရှင် အနုပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ဖွေးဖွေးက မေမြို့မှာ မတန်မရာဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေတာ အဲဒီအချိန်မှာ စကမ (စစ်ကော်မရှင်)က ရိုက်ဖို့ခေါ်တာ အဲဒါဖုန်းလည်းမကိုင် အကြောင်းလည်းမပြန်လို့ မေမြို့ကနေ ရန်ကုန်အထိ ရဲတွေနဲ့ လာခေါ်သွားတာ၊ အမှန်က အတင်းအကျပ်ကို ရဲတွေနဲ့ လာခေါ်သွားပြီးတော့ ခံဝန်နဲ့ ရိုက်ပေးပါ့မယ်ဆိုမှ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် စစ်တပ်၏ ဝါဒဖြန့် ရုပ်သံဌာနများနှင့် တယ်လီဂရမ် စာမျက်နှာများတွင် ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဆိုင်းဘုတ်များကိုင်ကာ မသာမယာဖြင့် သရုပ်ဆောင်နေသည့် အနုပညာရှင်များကို မြင်တွေ့ရသည်။
စစ်ကော်မရှင်၏ ဝါဒဖြန့် ရုပ်ရှင်များကို ကကပြည်မှ ဗိုလ်မှူး တင်အောင်စိုးက အဓိက ဦးဆောင် ရိုက်ကူးနေခြင်း ဖြစ်သည်၊ ဒါရိုက်တာ ဝိုင်း ၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဒါရိုက်တာ မီးပွားနှင့် ဒါရိုက်တာ ဩရသတို့လည်း ပါဝင်ကြသည်ဟု ရုပ်ရှင် အနုပညာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိ ရသည်။

စစ်ကော်မရှင်၏ ဖိအားနှင့် ပြည်သူလူထု၏ ဖိအားတို့ကြားတွင် ခက်ခဲနေသည့် ရုပ်ရှင်နှင့် ဂီတအနုပညာရှင် အများစုသည် ရိုက်ကူးရေးတွင် စိတ်ဓာတ်တက်ကြွမှုမရှိ ဖြစ်နေသည်ဟု အထက်ပါ သရုပ်ဆောင် အနုပညာရှင်က ပြောသည်။
“ပရိသတ်အဆဲခံရမှာရော၊ တစ်ဖက်ကလည်း ဖိအားနဲ့ မပါရင်၊ မလုပ်ရင်ဖမ်းမယ် ဆိုတဲ့ကြားထဲမှာဆိုတော့ မျက်နှာတွေက မကြည်မလင်ဖြစ်နေကြတာ” ဟု အထက်ပါ သရုပ်ဆောင် အနုပညာရှင်က ပြောသည်။
စစ်ဗိုလ်များ ဦးဆောင်သည့် ရုပ်ရှင်လောက
မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစိုးရအဖွဲ့ညွှန်ကြားချက်ဖြင့် ရိုက်ကူးခဲ့ရာတွင် ထင်ရှားသည့် ရုပ်ရှင်ကားများစွာ ရှိခဲ့ပြီး ဝန်ကြီးချုပ်ဦးနု၏ ပြဇာတ်ကို အခြေခံ၍ ရိုက်ကူးထားသည့် ကွန်မြူနစ် ဆန့်ကျင်ရေး ရုပ်ရှင်ဇာတ်ကား “လူထုအောင်လံ” ရုပ်ရှင်မှာ ထင်ရှားသည်။
ထို့ပြင် ပြည်တွင်းစစ်နောက်ခံကို ရိုက်ကူးထားသည့် ပျဉ်းမငုတ်တို၊ ဝေလဲမွှေးကြွေလဲမွှေး၊ လှလေးစိန် စသည့် ဇာတ်ကားများမှာ ထင်ရှားခဲ့သည်။
ခေတ်အဆက်ဆက် စစ်တပ်၏ ဝါဒဖြန့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်ဇာတ်ကားများကို အဓိက ဦးဆောင် ရိုက်ကူးရသည့် ဌာနမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဦးစီးဌာနဖြစ်သည်။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဦးစီးဌာနကို ကကပြည်ဟု လူသိများပြီး ၁၉၈၈ လူထု အရေးတော်ပုံအပြီးတွင် စစ်တပ်၏ ဝါဒဖြန့်ချိရေး ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ ဗိုလ်မှူး တင်သန်းဦး၊ ဗိုလ်မှူး မြသန်းစံတို့မှာ မြန်မာရုပ်ရှင်ပရိသတ်ကြား လူသိများခဲ့သည်။
၁၉၈၈ လူထုအရေးတော်ပုံကြီးအပြီးတွင် ဗိုလ်မှူး တင်သန်းဦးက ဒါရိုက်တာ အဖြစ် ဦးဆောင်ရိုက်ကူးသည့် ပါပီမ၊ လှလေးစိန်စသည့် ဝါဒဖြန့်ချိရေး ဇာတ်ကားများမှာ လူထုကြား ထင်ရှားခဲ့သည်။
၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူး တင်သန်းဦး သေဆုံးခဲ့ပြီးနောက် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများကို အဓိက ရိုက်ကူးသူမှာ တင်အောင်စိုး (ပန်းမြို့တော်) ဟု လူသိများသည့် ဗိုလ်မှူး တင်အောင်စိုး ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေချိန် ကျောင်းသားဆန္ဒပြပွဲများအား ပုံဖျက်ရိုက်ကူးထားသည့် “အရုဏ်ဦးတွင် ဖူးသည့်ကြာ” ရုပ်ရှင်ကားကို ဗိုလ်မှူး တင်သန်းဦးက ဒါရိုက်တာအဖြစ် ဦးဆောင် ရိုက်ကူးခဲ့သည်။
ထို့နောက် စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့အကြားတိုက်ပွဲများကို ပုံဖျက် ဝါဒဖြန့်ရိုက်ကူးခဲ့သည့် “စောင်နီလေးတထည်” ရုပ်ရှင်ဇာတ်ကားလည်း ပေါ်ထွက်လာခဲ့သည်။
ထိုကဲ့သို့သော် ကကပြည်၏ ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားများသည် အောက်ခြေတပ်သားများကြား လှောင်ပြောင်စရာ ဟာသအဖြစ် ရှုမြင်ကြပြီး စစ်တပ်စိတ်ဓာတ်စစ်ဆင်ရေးတွင် အသုံးမဝင်တော့ဟု စစ်သက် နှစ် ၂၀ နီးပါးရှိသည့် ဗိုလ်ကြီး ဇင်ယော်က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့က ပိုတောင်မှရွံတယ်။ လက်တွေ့ သုံးနေရတဲ့ အောက်ခြေက ရဲဘော်တွေက ဘာမှမတတ်တဲ့အပြင် ဘာခံယူချက်မှလည်း မရှိဘူး။ ခံယူချက်မရှိတော့ ဘာမှလုပ်လို့ မရဘူးပေါ့။ အဲဒီတော့ သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေက အလုပ်မဖြစ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်ကော်မရှင်၏ ကကပြည်မှ တိုက်ရိုက်ခန့်ထားသည့် စစ်အရာရှိများက ဝါဒဖြန့် ရှပ်ရှင် ဇာတ်လမ်းများကို ရိုက်ကူးပေးနေသကဲ့သို့ စစ်တပ်အရာရှိနှင့် စစ်မှုထမ်းဟောင်း သဲသဲကွဲကွဲ မသိရှိရသူများကလည်း ရုပ်ရှင်လောကတွင် နေရာယူထားသည်။
၎င်းတို့အနက် MRTV 4 ဥက္ကဋ္ဌ ဦးဝင်းမော်၏လူယုံ သိန်းထွန်းအောင် (ခ) ဗိုလ်မှူးဆိုသူမှာ လူသိများပြီး ဗိုလ်မှူး တင်အောင်စိုးနှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များကြား အဓိကချိတ်ဆက် ပေးနေသူဖြစ်သည်ဟု ရုပ်ရှင် အနုပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“MRTV 4 ရိုက်သမျှ စစ်ကားတွေ သူအားလုံးကူညီခဲ့တာ။ ရုပ်ရှင်အဖြစ်ရိုက်ရင်လည်း တင်အောင်စိုးတို့ တပ်ထဲကလူတွေကို သူကပဲအားလုံးကြားပွဲစားအဖြစ် လုပ်ပေးခဲ့တာ။ သူက MRTV 4 ဝင်းမော်ရဲ့ တကယ့် လူယုံကြီးပဲ” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် ဗိုလ်မှူး တင်အောင်စိုးတို့က ဆက်လက် စီစဉ်နေပြီး ဒါရိုက်တာ ဝိုင်းက အဓိက ကူညီပေးနေသည်။ ဝါဒဖြန့်ချိရာတွင်လည်း အဖြူရောင် အောက်ခံတွင် အစိမ်းရောင်စာသားများကို ရေးသားထားရာ ကြံခိုင်ရေး ပါတီကိုမဲထည့်ရန် ဝါဒဖြန့်ချိနေသည်မှာ သိသာလွန်းသည်ဟု ၎င်းက ဆက်ပြောသည်။
“ပုံမှန် ညှိနှိုင်းမှုမျိုးမဟုတ်ဘဲ အင်မတန်ပြင်းထန်တဲ့ ဖိအားပေးမှုမျိူးနဲ့ ရင်ဆိုင်နေရတာပါပဲ” ဟု အထက်ပါ ရုပ်ရှင်အနုပညာရှင်က ဆိုသည်။



