သတင်း

ငွေပေး သတင်းမှားဖြန့်နေသူများကို အရေးယူမည်ဟု သမ္မတရုံးပြော

ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် အုပ်စုတစ်စုက ငွေပုံပေးကာ Facebook Group များ Page များဖွင့်ကာ သတင်းတု၊ သတင်းမှားဖြန့်ဝေနေမှုကို စစ်ဆေးတွေ့ရှိရပြီး ပါဝင်ပတ်သက်သူများကို ဖော်ထုတ် အရေးယူသွားမည်ဟု သမ္မတရုံးပြောခွင့်ရနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ အစိုးရလေးနှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“သက်ဆိုင်ရာ အုပ်စုတစ်စုကနေပြီးတော့ ငွေတွေပုံပေးပြီးတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ ဂရု (Group) တွေဖွဲ့တယ်၊ ပေ့ချ် (Page) တွေလုပ်တယ်၊ မီဒီယာတွေထောင်တယ်၊ အဲ့ဒီလူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာသိတယ်၊ ကျွန်တော်တို့သတိပေးပါတယ်။ ဒီထက်ပိုပြီးဆိုးလာရင် ကျွန်တော်တို့ အရေးယူမှာဖြစ်တယ်။ တိတိကျကျ ဖော်ထုတ်ပြီးအရေးယူမယ်” ဟု ၎င်းကပြောသည်။

မကြာခင်ရက်ပိုင်းက “ဦးဇော်ဌေးရဲ့လုပ်ရပ်တွေဟာ NLD အစိုးရနဲ့ NLDပါတီရဲ့နောက်ကျောကို ဓားနဲ့ ထိုးနေသလို ဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့ မုံရွာအောင်ရှင်ပြော” ဟု ရေးသားထားသည့် သတင်းတုတစ်ခု ပျံ့နှံ့ခဲ့သည်။ 

အဆိုပါသတင်းတုကို Forward Media Group အမည်ရှိ Facebook စာမျက်နှာက ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းတုကို ပြန်လည်ဖြန့်ဝေမှု ၁,၆၀၀ ကျော်ရှိကာ ကြိုက်နှစ်သက်သူ (Like လုပ်ထားသူ) ၂,၀၀၀ ကျော်ရှိခဲ့သည်။ 

ယင်းသတင်းတုကို Facebook တွင် အခကြေးငွေပေး၍ ကြော်ငြာခဲ့သည်ကိုပင် တွေ့ရပြီး ပတ်သက်ဆက်နွှယ်နေသူများကိုလည်း စုံစမ်းဖော်ထုတ်နေကြောင်း ဦးဇော်ဌေးက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အုပ်စုတစ်စုက ငွေပေးပြီး ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုများ ပြုလုပ်ဖြန့်ချိနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အထူးသဖြင့် နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေဖြစ်အောင် လုပ်တာဖြစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ ပြည်သူလူထုနဲ့ အစိုးရကြား၊ အစိုးရနဲ့ ပါတီကြား၊ နိုင်ငံ့ဝန်ထမ်းနဲ့ ပါတီတွေကြားမှာ ပြည်သူလူထုအထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်တဲ့ပုံစံလို့ ကျွန်တော်တို့သုံးသပ်ရရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ပျံ့နှံခဲ့သည့် အဆိုပါသတင်းမှားနှင့် ပတ်သက်‌၍ သတင်းမီဒီကောင်စီထံ တိုင်ကြားအသိပေးထားသည်ဟုဆိုသည်။

“အဲ့ဒီ သတင်းဌာနက ၃ ကြိမ်လောက်ရှိနေပြီ။ ဒီလိုပဲ သတင်းမှားတွေနဲ့ လုပ်ကြံနေတာ ကြာပါပြီ။ နောက်ဆိုရင် ရွေးကောက်ပွဲနီးရင် ကျွန်တော့်တင်မကဘူး၊ တခြားသူတွေကိုပါ လုပ်တော့မယ့်အခါကျတော့ ပထမဆုံးက သတင်းမီဒီယာကောင်စီကို တိုင်ပင်အသိပေးရတာပေါ့။ ဒုတိယကတော့ Facebook Team ကို ဒီဟာကို အရေးယူပေးဖို့ ဒီလောက်ပါပဲ” ဟု သူကပြောသည်။

ငွေပုံပေးကာ သတင်းမှားဖြန့်ခိုင်းသည့် အုပ်စုသည် မည်သည့်အုပ်စုဖြစ်သည်ကို တိတိကျကျမပြောသော်လည်း အထူးသဖြင့် နေပြည်တော်အသိုင်းအဝိုင်းနှင့် ဆက်စပ်နေသူများကို သတိထားရန် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တရားမဝင် Page တွေ၊ သတင်းတုတင်တဲ့ Page တွေ ဘယ်သူတွေလုပ်နေလဲ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် သက်သေနဲ့ ခိုင်ခိုင်မာမာရအောင် ကျွန်တော်တို့ လုပ်နေတယ်။ ရပြီဆိုလို့ကတော့ ကျွန်တော်တို့ ဥပဒေနဲ့အညီတရားစွဲမယ်” ဟု သူကပြောသည်။

သတင်းမှားဖြန့်သည့် ​Forward Media Group စာမျက်နှာ 

ဦးဇော်ဌေး၏ သတင်းစာရှင်းလင်းပွဲ ပြီးသည့်နောက် သတင်းမှား သတင်းတုများ တင်နေသည့် Forward Media Group စာမျက်နှာကို Facebook တွင် မတွေ့ရတော့ပေ။ အဆိုပါ စာမျက်နှာကို မဖျက်ခင် စာမျက်နှာနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို Myanmar Now က စိစစ်နိုင်ခဲ့သည်။

ယင်းစာမျက်နှာကို ၂၀၁၉ ဩဂုတ် ၂၆ တွင် စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စာမျက်နှာကို စီမံခန့်ခွဲထိန်းချုပ်သည့် Admin ၂ ဦးရှိကြောင်း စာမျက်နှာ၏ ပွင့်လင်းမြင်သာမှုကဏ္ဍ (Page Transparency) တွင် တွေ့ရသည်။

Forward Media Group ၏ Facebook စာမျက်နှာ

စာမျက်နှာ စတင်ဖွင့်လှစ်သည့်အချိန်မှ လက်ရှိအထိ တင်ထားသည့် သတင်းတု သတင်းမှား ၆၀ ကျော်ရှိပြီး Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ အများစုမှာ သတင်းတု သတင်းမှားများ၊ ပုံဖျက်ထားသည့် သတင်းများဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD နှင့် အစိုးရအဖွဲ့ဝင်များကို အဓိကရည်ရွယ်တိုက်ခိုက်နေသည်ကို တွေ့ရသည်။ 

အဆိုပါ Page ၏ ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့သည့် သတင်းတုမှာ “ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတစ်ခုထဲကို စွဲနေကျတာရယ် အမျိုးသားရေးဆိုတဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်တွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ မျက်နှာငယ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော” ခေါင်းစဉ်ပါ အကြောင်းအရာဖြစ်သည်။ အဆိုပါသတင်းတုကို ဖေဖော်ဝါရီ ၁၆ တွင် တင်ထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်မျှဝေမှု ၆,၀၀၀ ကျော်အထိ ရှိခဲ့သည်။

ယင်းသတင်းတုတွင် ပါရှိသည့် ပြောစကားကို ဒေါ်အောင်ဆန်းစုကြည်က ကလေးများနေ့ အာဟာရတိုက်ကျွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည် ဟုရေးသားခဲ့သည်။ 

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ သတင်းတုပါ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည် ဆိုသည့်စကားကို တရားဝင်သတင်းဌာနများတွင် ဖော်ပြမှုများ မတွေ့ရပေ။ 

ထို့အပြင် MRTV က ထုတ်လွှင့်ခဲ့သည့် သတင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သည့် သတင်းများအရလည်း သတင်းတုပါအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းမရှိဘဲ ကလေးများနဲ့ပတ်သက်ပြီး တိုက်တွန်းအားပေးစကားသာ ပြောကြားခဲ့ကြောင်း တွေ့ရသည်။

 အဆိုပါ Forward Media Group အမည်ရှိ Facebook စာမျက်နှာသည် ၂၀၂၀ ခုနှစ်အတွင်း သတင်းတုများ ဖြန့်ဝေမှုပိုများခဲ့ပြီး လက်ရှိဇွန်လအတွင်းမှာပင် နိုင်ငံရေးသတင်းတုပေါင်း ၁၀ ခုထက်မနည်း တင်ထားသည်ကို တွေ့ရသည်။၂၀၁၉ ဒီဇင်ဘာတွင် ယင်းစာမျက်နှာကို Like ပြုလုပ်ထားသူ၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ၂၀၂၀ မတ်လအတွင်းက Like ၁၀,၀၀၀ ကျော်အထိ ရှိလာခဲ့သည်။ 

၂၀၁၉ မှ ၂၀၂၀ ဇွန်လအထိ Forward Media Group Facebook စာမျက်နှာ၏ Like အရေအတွက် တက်လာပုံမှတ်တမ်း (သော်ဇင်မျိုး/ Myanmar Now)

ယင်းစာမျက်နှာ၏ ပထမဆုံးတင်သည့် အကြောင်းအရာမှာ “အမြတ်ငွေ ဆက်တိုက်ကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံမှ Ooredoo မကြာခင် တပ်ဆုတ်တော့မည်” ဟူသော ဆက်သွယ်ရေးကုမ္ပဏီ Ooredoo နှင့် ပတ်သက်သည့် သတင်းတုဖြစ်သည်။ 

ယင်းသတင်းတု အလားတူပင် Ooredoo အပါအဝင် အခြားဆက်သွယ်ရေးကုမ္ပဏီများကို တိုက်ခိုက်သည့် သတင်းတုများ တင်ခဲ့ဖူးသည့် စာမျက်နှာအချို့ကို လူမှုကွန်ရက်ပေါ်တွင် မယုံသင်္ကာဖြစ်စရာ သို့မဟုတ် မမှန်မကန်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ Facebook က  ဖျက်သိမ်းဖယ်ရှားပစ်ခဲ့သည်။  ဖျက်သိမ်းဖယ်ရှားခဲ့သည့် စာမျက်နှာများသည် ဗီယက်နမ်နှင့် မြန်မာတပ်မတော်ပိုင်ကုမ္ပဏီများ ရှယ်ယာပါဝင်သည့် MyTel နှင့် ဆက်စပ်နေသည်ဟုလည်း Facebook က ဖေဖော်ဝါရီ ၁၂ တွင် ထုတ်ပြန်ခဲ့သည်။

မင်းမင်း ပူးပေါင်းရေးသားသည်။

Show More

Related Articles

Back to top button