ဆောင်းပါး

ဘဏ္ဍာရေးတိုက်စစ်ဆင်ရန် ကြိုးစားမည့် NUG ၏ အွန်လိုင်းနွေဦးဘဏ်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရားဝင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဒစ်ဂျစ်တယ်ဘဏ်ဟု ဆိုနိုင်မည့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ယခုလ ၂၂ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ယမန်နေ့ (ဇူလိုင် ၂၀) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUG အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

စစ်ကောင်စီထိန်းချုပ်သော ဘဏ်စနစ်အတွင်း ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန်၊ ရန်ပုံငွေရှာဖွေရန်နှင့် တော်လှန်ရေးအလွန်ကာလ၌ ယုံကြည်စိတ်ချရသည့် ဘဏ်စနစ် အသင့်ဖြစ်ရန် လွန်ခဲ့သည် ၇ လကတည်းက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီတော်လှန်ရေးသည် မြန်မာ့ရေ၊ မြန်မာ့မြေပေါ်က အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်ချေမှုန်းတဲ့ တော်လှန်ရေးဖြစ်တာနဲ့အညီ ဒီဘဏ်ကို အောင်မြင်နိုင်အောင် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ၊ တော်လှန်ရေးအောင်စိတ်နဲ့ လိုက်ပါဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ၏ ဝက်ဆိုက်အခြေပြု အွန်လိုင်းဘဏ်အက်ပလီကေးရှင်းကို ရက်ပိုင်းအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး လာမည့် ဩဂုတ်လကုန်၌ Google Play Store နှင့် Apple App Store တို့မှ မိုဘိုင်းအက်ပလီကေးရှင်း ရယူကာ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ဘဏ်ဖွဲ့စည်းပုံနှင့် မတည်ငွေ

နွေဦးဖွံ့ဖြိုးရေးဘဏ်ကို NUG အစိုးရက ရာနှုန်းပြည့် မတည်သည့် အမေရိကန်ဒေါ်လာ ၅ သိန်းဖြင့် စတင် တည်ထောင်မည်ဖြစ်ပြီး ဘဏ်လိုင်စင်ကို NUG ကြားကာလဗဟိုဘဏ်က ထုတ်ပေးမည်ဟု သိရသည်။

ဘဏ်ပိုင်ဆိုင်မှုကို ဥပဒေကြောင်းအရ တရားဝင်ရန် ပြည်ပတွင် ကုမ္ပဏီတစ်ခု ထူထောင်ပြီး နွေဦးဘဏ်ကို ထိုကုမ္ပဏီအောက်တွင် ထားရှိမည်ဖြစ်သည်။

၂၀၂၃ ဇွန် ၁ ရက်နေ့က စတင်ထူထောင်ခဲ့သည့် NUG ကြားကာလဗဟိုဘဏ်တွင် စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ NUG စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမင်းဇေယျာဦး၊ ဒေါက်တာ Johnny Ahtang နှင့် ဦးအောင်ပိုင်ဆိုသူတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချထားရာမှ ပြန်လည်လွတ်မြောက်လာသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို NUG ဗဟိုဘဏ်၏ အထူးအကြံပေးအဖြစ် ခန့်အပ်ကြောင်း ဇွန် ၁၃ တွင် ထုတ်ပြန်ထားသည်။

ဘဏ်ကို ဌာန ၉ ခုဖြင့် ဖွဲ့စည်းထားပြီး ဘဏ္ဍာရေးနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံရှိသူ လူ ၅၀ က ပါဝင်လုပ်ကိုင်မည်ဖြစ်သည်ဟု သိရသည်။

နွေဦးဘဏ်ဒါရိုက်တာအဖွဲ့ကို NUG စီမံကိန်းဘဏ္ဍာဝန်ကြီးဌာနမှ ၂ ဦး၊ ထိုဝန်ကြီးဌာနက ခန့်အပ်သည့် စီပွားရေးကျွမ်းကျင်သူ အနည်းဆုံးတစ်ဦး၊ ဘဏ်ပိုင်ဆိုင်မှုအဖွဲ့ဝင် သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးနှင့် သီခြားလွတ်လပ်သည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ပါဝင်မည်ဟု ဘဏ်စည်းမျဉ်းတွင် တွေ့ရသည်။

ထို့နောက် ကနဦးကမ်းလှမ်းအစုရှယ်ယာ နှစ်ကြိမ်ထုတ်ရောင်းကာ NGU လက်အောက်ခံကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ အများပြည်သူက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရှိမည်ဟု ယခုလ ၁၈ ရက်က ထုတ်ပြန်ထားသည့် နွေဦးဘဏ်တည်ထောင်မှုစည်းမျဉ်းတွင် ဖော်ပြထားသည်။

အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၀၀၁ သတ်မှတ်ကာ ရှယ်ယာအရေအတွက် ၁၀၀ ဘီလျံ သတ်မှတ်ထားသည်ဟု ဘဏ်စည်းမျဉ်းစည်းကမ်းများတွင် တွေ့ရသည်။

စမ်းသပ်အဆင့်တွင် မြန်မာကျပ်ငွေ၊ စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ လေးမျိုးဖြင့် ဘဏ်စာရင်းဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေထုတ်ငွေသွင်းပြုလုပ်ရန် အေးဂျင့် ၁၀၀၊ အသုံးပြုသူ ၁,၀၀၀ ဖြင့် စတင်သွားမည်ဖြစ်သည်။ ခြောက်လအတွင်း အသုံးပြုသူ တစ်သိန်း၊ တစ်နှစ်အကြာတွင် ငါးသိန်းဖြစ်လာရန် ရည်မှန်းထားသည်။

နွေဦးဘဏ်တည်ထောင်ရာတွင် အာမခံငွေအဖြစ် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်အစိုးရက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံပိုင် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကို အသုံးပြုရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ထိုသို့အသုံးပြုခွင့်ရရန် အမေရိကန်အစိုးရနှင့် ညှိနှိုင်းနေသည်ဟု လွန်ခဲ့သော သီတင်းတစ်ပတ်ကျော်က Myanmar Now နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုထားသည်။

ပြည်တွင်း၌ ဘဏ်တည်ထောင်ရာတွင် မတည်ငွေ ကျပ်၂၀ ဘီလျံ ရှိရန် လိုအပ်ပြီး ထိုငွေများကို ဘဏ်လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုခွင့်မရှိဘဲ ဗဟိုဘဏ်တွင် အပ်နှံထားရသည်ဖြစ်ရာ NUG အနေဖြင့်လည်း ထိန်းချုပ်ခံထားရသည့် ဒေါ်လာများကို အမေရိကန်တွင် ထားရှိကာ ဘဏ်လည်ပတ်သည့်သဘောဟု ဆိုသည်။

“ဒီပိုက်ဆံသည် ငါတို့ပိုက်ဆံဖြစ်တယ်။ အဲ့တော့ ဒီပိုက်ဆံကို ငါတို့ရဲ့ ဒီဘဏ်ရဲ့ အာမခံအနေနဲ့ မတည်ငွေရင်းအနေနဲ့ သတ်မှတ်တယ်ဆိုတာက သူတို့လည်း ဒီဥစ္စာကို ကျွန်တော်ထင်ပါတယ်၊ ကန့်ကွက်စရာလည်း မရှိဘူး၊ ကန့်ကွက်မှာလည်း မဟုတ်ဘူး။ တည်ဆဲဥပဒေကြောင်းအရဆိုရင် ဒီဟာကို ထိန်းမယ်၊ ပြန်လွှတ်မယ်၊ ဒီနှစ်ခုပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

သုံးစွဲသူကို အခြေ​ပြုလည်ပတ်မည့် ဘဏ်စနစ်ဖြစ်ရာ ဘဏ်သုံးစွဲသူ အရေအတွက်များလာပြီး ဘဏ်တန်ဖိုး တက်လာချိန်တွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို တော်လှန်ရေးထောက်ပံ့ကူညီသူနှင့် ရင်းနှီးမြှုပ်နှံသူများထံ သုံးကြိမ်ခွဲ ရောင်းချသွားမည်ဖြစ်ကြောင်း၊ စုစုပေါင်းအရင်းအနှီး ဒေါ်လာသန်း ၁၆၀ ရရှိမည်ဟု မျှော်မှန်းထားကြောင်း Myanmar Now က ဖတ်ရှုခွင့်ရသည့် နွေဦးဘဏ်တည်ထောင်ရေးဆိုင်ရာ စာတမ်းတွင် ဖော်ပြသည်။

ဘဏ်တည်ထောင်ပြီးနောက် ဆွဲဆောင်မှုရှိသော အတိုးနှုန်းဖြင့် ဘဏ်အပ်ငွေများ လက်ခံမည်ဖြစ်ကာ တစ်လလျှင် ဒေါ်လာ ၅ သန်းနှုန်းဖြင့် ခြောက်လအတွင်း ဒေါ်လာ သန်း ၃၀ ရရှိရန် မျှော်မှန်းထားပြီး ထိုငွေ၏ ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေးတွင် အသုံးပြုမည်ဟု ဆိုသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်သည် တော်လှန်ရေးရန်ပုံငွေရှာဖွေမှုအားလုံး၏ ဘဏ္ဍာရေးဗဟိုချက်ဖြစ်လာရန် ရည်မှန်းထားပြီး ရှိရင်းစွဲရန်ပုံငွေအစီအစဉ်များအားလုံးကို တစ်ပေါင်းတစ်စည်းတည်း ဝယ်ယူနိုင်မည်ဟုလည်း သိရသည်။

နည်းပညာနှင့် ဝန်ဆောင်မှု

ဒစ်ဂျစ်တယ်စနစ်ဖြင့် လည်ပတ်မည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။​

နွေဦးဘဏ်၌ ဘဏ်စာရင်း ဖွင့်လှစ်ရာတွင် မှတ်ပုံတင်၏ နောက်ဆုံးနံပါတ် လေးလုံးကိုသာ တောင်းယူမည်ဖြစ်သဖြင့် လုံခြုံစွာအသုံးပြုနိုင်မည်ဟု NGU တာဝန်ရှိသူများက ဆိုသည်။

“လွတ်လပ်ဧကန် နွေဦးဘဏ်” ဆောင်ပုဒ်ဖြင့် အွန်လိုင်းအခြေပြုလည်ပတ်လုပ်ကိုင်မည့် SDB ဘဏ်ကို သမားရိုးကျဘဏ်များနှင့် မတူဘဲ ဘလော့ချိန်းနည်းပညာကို အသုံးပြုသွားမည်ဖြစ်သည်ဟု SDB ဘဏ် ပြောရေးဆိုခွင့်ရှိသူနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်အမှုဆောင်အရာရှိ ဦးကယ်လ်ဗင်က ဆိုသည်။

ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေခြင်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း၊ ရွှေစုဆောင်းခြင်း၊ စာရင်းသေအပ်ငွေနှင့် ချေးငွေထုတ်ချေးခြင်း စသည့် အခြေခံဘဏ်ဝန်ဆောင်မှုများအပြင် NUG အစိုးရက ရောင်းချနေသည့် ငွေတိုက်စာချုပ်များ၊ အိမ်ရာတိုက်ခန်းနှင့် ရန်ပုံငွေရှာဖွေရေး အခြားထုတ်ကုန်များကို ဝယ်ယူနိုင်မည်ဟု သိရသည်။

ဘဏ်အကောင့်ထဲသို့ ငွေထည့်ရာတွင် ဘဏ်အေဂျင့်များ၊ USDT Stablecoin ခရစ်တိုငွေကြေးနှင့် Visa, Master ကတ် စသည့် နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြင့် ဖြည့်ငွေထည့်နိုင်မည်ဖြစ်သည်။ တစ်လမှ တစ်နှစ်အထိ စာရင်းသေအပ်ငွေများ လက်ခံကာ အတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ ပေးရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

“စုငွေနဲ့ ပတ်သက်တဲ့ Creative Solution တွေလည်း ကျွန်တော်တို့ဘဏ်ဘက်က ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ဦးကယ်လ်ဗင်က ပြောသည်။

ဒစ်ဂျစ်တယ်ဘဏ်ဖြစ်၍ ဘဏ်အဆောက်အအုံ၊ ဘဏ်ရုံးချုပ် မည်သည့်နေရာတွင် ဖွင့်လှစ်ထားသည်မှာ အဓိကမကျကြောင်း၊ အရှေ့တီမောနိုင်ငံတွင် ဖွင့်လှစ်မည်ဟူသော သတင်းများမှာ မှန်းဆချက်သာဖြစ်ကြောင်း စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က လွန်ခဲ့သော သီတင်းတစ်ပတ်ကျော်က Myanmar Now နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုထားသည်။

ပြည်တွင်းပြည်ပ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လည်ပတ်နိုင်ရန် စီစဉ်ထားပြီး တော်လှန်ရေးအစိုးရက ပိုင်ဆိုင်မည့်ဘဏ်ဖြစ်၍ နိုင်ငံတကာအစိုးရများ၏ အရေးယူပိတ်ဆို့နိုင်သည့် အခြေအနေကို ကျော်လွှားနိုင်ရန်လည်း ပြင်ဆင်ထားသည်ဟု သူက ဆိုသည်။

ဘယ်အတိုင်းအတာထိ အောင်မြင်နိုင်မလဲ

ဘဏ်တည်ထောင်ခြင်းသည် NUG ကို နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ဆက်စပ်နေရာ​ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေများ စီးဝင်ရေးနှင့် ပတ်သက်၍ ရုန်းကန်နေရသဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်လားဟူသော မေးခွန်းလည်း ရှိနေသည်။

အာဏာသိမ်းပြီးချိန်မှစ၍ NUG က အစဉ်တစိုက်တောင်းဆိုနေသော်လည်း အမေရိကန်ထိန်းချုပ်သည့် နိုင်ငံခြားအရန်ငွေ ၁ ဒသမ ၃ ဘီလျံ သုံးစွဲခွင့်ရရန် မဖြစ်နိုင်ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသည့် နယူးယောက်အခြေစိုက် Burma Point အဖွဲ့ တည်ထောင်သူတစ်ဦးဖြစ်သူ ကိုမိုးချမ်းက ဆိုသည်။

“အသိအမှတ်ပြုဖို့ ဒီနေ့အချိန်အထိ မဖြစ်နိုင်ခဲ့ဘူး။ အဲ့ဒီတော့ ၁ ဘီလျံကို ဘယ်လိုပေးမလဲဆိုတာ ဥပဒေရှုထောင့်၊ လက်တွေ့ကျတဲ့ရှုထောင့်၊ တာဝန်ယူမှု တာဝန်ခံနိုင်မှု အလားအလာ၊ လက်တွေ့အစိုးရဆိုတဲ့ ယန္တရားရှိမရှိ စသဖြင့် အမြင်တွေနဲ့ စဉ်းစားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာဘဏ္ဍာရေးစနစ်နှင့် ချိတ်ဆက်မည့် တရားဝင်ဘဏ်တစ်ခု ထူထောင်ရာတွင် မတည်ငွေနှင့် အပ်နှံငွေများသည် ငွေဖြူဖြစ်ရန် အဓိကကျပြီး နွေဦးဖွံ့ဖြိုးရေးဘဏ်၏ လည်ပတ်ငွေများကိုလည်း ငွေဖြူဖြစ်ကြောင်း မည်ကဲ့သို့ သတ်မှတ်မည်ကို စဉ်းစားရမည်ဟု ဆိုသည်။

“နိုင်ငံတကာက ဘာကို အစိုးရိမ်ဆုံးလဲဆိုတော့ ငွေဖြူငွေမည်းလဲမှာကို စိုးရိမ်တယ်။ ငွေဖြူငွေမည်းဆိုတဲ့ ကိစ္စကို စဉ်းကိုစဉ်းစားရတယ်။ သူတို့စဉ်းစားတဲ့ငွေတွေက ငွေဖြူတွေလား၊ ငွေမည်းတွေလား ဘယ်လိုသတ်မှတ်မလဲ။ ဘယ်သူက သတ်မှတ်ပေးမှာလဲ။ သတ်မှတ်ပေးမဲ့ Authority က ဘယ်သူလဲ” ဟု သူက မေးခွန်းထုတ်သည်။

ဘဏ်အတွက် ကျောထောက်နောက်ခံပြုပေးမည့် ဒေါ်လာ ၁ ဘီလျံကျော်ကို အာဏာသိမ်းချိန်မှစ၍ တောင်းဆိုနေသော်လည်း လက်ရှိအချိန်ထိ ရရန် မသေချာသေးကြောင်း NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အတည်ပြုသည်။

စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်ကမူ အမေရိကန်ရှိ ဒေါ်လာ ၁ ဘီလျံကျော်ကို တိုက်ရိုက်အသုံးပြုခွင့် မရသေးသော်လည်း ထိုငွေသည် ပြည်သူပိုင်ဖြစ်ပြီး ပြည်သူ့အစိုးရဖြစ်သော NUG ထူထောင်မည့် နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် မတည်ငွေနှင့် အာမခံအဖြစ် ထားရှိရန် ဆုံးဖြတ်ထားသည်ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။

“ဒီလိုသုံးပါမယ်ဆိုတဲ့ ကိစ္စကို နှစ်နိုင်ငံဆက်ဆံရေးအရရော တော်လှန်ရေးအတွက် သူတို့နဲ့ ကျွန်တော်တို့နဲ့ ပေါင်းစပ်မှုအရရော အရေးကြီးပါတယ်”

NUG က ဘဏ်တစ်ခုပိုင်ဆိုင်မည့်အစီအစဉ်သည် တော်လှန်ရေးအတွက် အားတက်စရာဖြစ်သော်လည်း ငွေဝင်ငွေထွက်အပါအဝင် ဘဏ်တစ်ခု၏ နောက်ကွယ်တွင် လည်ပတ်နေသည့် လုပ်ငန်းစဉ် များပြားသဖြင့် ရှုပ်ထွေးမှုများ ရှိလာနိုင်သည်ဟု အမည်မဖော်လိုသည့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြသည်။

ယခုလက်ရှိတွင် နိုင်ငံအနှံ့အပြားမှ ငွေကြေးလှူဒါန်းသူများသည် ပုံသဏ္ဌာန်မျိုးစုံဖြင့် ပေးလှူနေကြရာ ငွေကြေးလွှဲပြောင်းမှုများကို မည်သူမျှ ခြေရာမခံနိုင်ကြောင်း၊ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို သုံးစွဲမည်ဆိုပါက အချက်အလက်များ စုစည်းသလိုဖြစ်ပြီး ပေါက်ကြားပါက အန္တရာယ်များကြောင်း သူက ထောက်ပြသည်။

“ပြဿနာတွေ ဖြေရှင်းမယ်ဆိုတာထက် ပိုရှုပ်ထွေးမယ့် အခြေအနေတွေ အများကြီးရှိတယ်။ ကျွန်တော့်အမြင်ဆိုရင်တော့ မလုပ်စေချင်ဘူး။ လုပ်လိုက်ပြီဆိုရင် အစိုးရဘက်က လုပ်တဲ့သူတွေရော အဲ့ဒီအထဲမှာ ပါဝင်လုပ်အားပေးကြမယ့် သူတွေရော၊ ဝိုင်းပြီးတော့ လှူကြမယ့်သူတွေရော ဒီလူတွေရဲ့ Identity တွေ အကုန်လုံးက ရှဲပြီးသား ဖြစ်သွားမယ်”

ထို့ပြင် ငွေရေးကြေးရေးနှင့် ပတ်သက်၍ ဘဏ်၏ ပိုင်ဆိုင်မှုကို မည်ကဲ့သို့ ရှင်းလင်းအောင် တင်ပြမည်၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်နှင့် အရှုံးပေါ်ကာလကို မည်သို့သတ်မှတ်မည်၊ ဘဏ်ရှုံးနေလျှင် တော်လှန်ရေးကို မည်သို့သက်ရောက်မည် စသည့် အချက်များကို တွက်ချက်ထားရမည်ဟု ၎င်းက ထောက်ပြသည်။

ဘဏ်တည်ထောင်ခြင်းသည် ရေရှည်စီမံကိန်းဖြစ်၍ တော်လှန်ရေးကာလလည်း ကြာရှည်နိုင်သည်ဟု ယူဆစရာရှိနေကြောင်း Burma Point အဖွဲ့၏ တည်ထောင်သူတစ်ဦးဖြစ်သူ ကိုမိုးချမ်းက ဆိုသည်။

“ရေရှည်ကို သွားချင်တာလား။ ရေတိုမှာ အပြတ်ဖြတ်မလား။ ဒီအဖြေကို သူတို့မပေးနိုင်ဘူး။ ပထမတော့ တစ်နှစ်ပြီးမယ်။ နောက်တစ်နှစ်ပြီးမယ် နောက်တစ်နှစ်ပြီးမယ်။ အခုကျတော့ ဖက်ဒရယ်ဒီမိုကရေစီရမှ ပြီးမယ်ဆိုတော့ စဉ်းစားစရာတွေ အများကြီးဖြစ်လာပြန်ပြီ”

ဦးတင်ထွန်းနိုင်ကမူ NUG အနေဖြင့် ရန်ပုံငွေရှာဖွေရေးအစီအစဉ်များစွာ ပြုလုပ်ခဲ့ရာ အချက်အလက်ပေါက်ကြားမှု မရှိသလောက် နည်းကြောင်း၊ ဘဏ်အသုံးပြုသူများ၏ အချက်အလက်လုံခြုံမှုကိုလည်း အာမခံကြောင်း ဆိုသည်။

NUG အစိုးရသည် ငွေတိုက်စာချုပ်များ ရောင်းချခြင်း၊ အခွန်ကောက်ခံခြင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်တပ်ပိုင် အိမ်ခြံမြေများ ရောင်းချခြင်း၊ တော်လှန်ရေးကာလအလွန် စီမံကိန်းများအတွက် ကြိုတင်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း၊ NUG Pay လည်ပတ်လုပ်ကိုင်ခြင်းနှင့် နွေဦးထီရောင်းချခြင်း စသည့် နည်းလမ်းများမှ ဝင်ငွေရနေသည်။

ယခုနှစ်လယ်ပိုင်းအထိ ရန်ပုံငွေရှာဖွေရေးအစီအစဉ် အစုစုအရပ်ရပ်မှ ရငွေမှာ ဒေါ်လာ သန်း ၁၅၀ ခန့် ရှိသည်ဟုလည်း ဦးတင်ထွန်းနိုင်ထံမှ သိရသည်။

၂၀၂၂ ဇူလိုင် ၁ တွင် NUG Pay ကို စတင်ခဲ့ပြီး တစ်နှစ်အတွင်း အသုံးပြုသူ ၂၈,၀၀၀ ကျော်၊ လည်ပတ်ငွေ ကျပ် ၁၅ ဘီလျံကျော်နှင့် ငွေပေးငွေယူပြုလုပ်ခဲ့သည့် တန်ဖိုးစုစုပေါင်းမှာ ၃၁၂ ဘီလျံကျော်ရှိသည်ဟု NUG Pay က ထုတ်ပြန်ထားသည်။ နွေဦးဘဏ်ကို NUG Pay ဖြင့်လည်း ချိတ်ဆက်မည်ဖြစ်သည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်သည် တော်လှန်ရေးသက်လုံကို ဖြည့်ပေးမည့် ဘဏ္ဍာရေးမဏ္ဍိုင်တစ်ခုဖြစ်ရန်၊ လူထု၏ ဓနဥစ္စာလုံခြုံရေးကို ကူညီအားဖြည့်မည့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ရန် လိုအပ်ကြောင်း ယခုနှစ် မေ ၁၆ တွင် ပြုလုပ်သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ဒုသမ္မတ ဒူဝါလရှီးလက ပြောထားသည်။

“ဒါဟာ တော်လှန်ရေးအတွက် ကောင်းကျိုးဖြစ်သလို၊ ပြည်သူ့အတွက်လည်း အကျိုးဖြစ်ထွန်းတဲ့ ဘက်မျှသော စနစ်တစ်ခုဖြစ်ပါလိမ့်မယ်” ဟု ဒူဝါလရှီးလက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button