
လာမည့် ၂ နှစ်အတွင်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုလှဲရန် ရည်သန်ထားပြီး ယင်းနောက်တွင် ပေါ်ပေါက်လာမည့် တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများစွာကို အခွန်ဆောင်ထားသူများနှင့်သာ လက်တွဲလုပ်ဆောင်မည်ဟု ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းစကားပါးလိုက်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ စက်တင်ဘာ ၂ဝ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းထားသည့် (၂ဝ၂၁ အောက်တိုဘာ -၂၂ စက်တင်ဘာ) အခွန်အကောက်ဥပဒေပြဋ္ဌာန်းပြီး တစ်လအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲခန့် ရရှိထားကြောင်း၊ တစ်နှစ်အတွင်း ထိုနှုန်းထက်ပို၍ တိုးတက်ရရှိလာရန် မျှော်မှန်းထားကြောင်း နိုဝင်ဘာ ၄ သတင်းစာရှင်းလင်းပွဲတွင် NUG က ပြောသည်။
“ပြည်တွင်းက ပြည်သူများက အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး ဆောင်နေကြတာဖြစ်ပါတယ်။ ဆောင်တဲ့အခါမှာ အဓိကကျတဲ့ လုပ်ငန်းရှင်တွေဘက်က ပေးဆောင်တာ ရာခိုင်နှုန်းအားဖြင့် အတော်နည်းပါသေးတယ်။ အထူးသဖြင့် သာမန်ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းစုလေးတွေက ဆောင်နေတာပဲဖြစ်ပါတယ်”ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။
နိုင်ငံခြားဘဏ်အကောင့်မှတစ်ဆင့် သင့်တော်သည့် ငွေပမာဏကို ကိုယ်တိုင်ဆုံးဖြတ်၍ အခွန်ဆောင်နိုင်ကြောင်း၊ လုံခြုံရေးအတွက် အမည်နာမ အတိအကျဖော်ပြရန် မလိုဘဲ အခွန်ဆောင်ထားသည့် သက်သေအထောက်အထားပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အခွန်မဆောင်ထားသူများမှာ တော်လှန်ရေးပြီးချိန်တွင် တည်ဆဲဥပဒေများအရ အခွန်ရှောင်သည်ဟု သတ်မှတ်ကာ အရေးယူခံရမည်ဖြစ်သလို၊ တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ဆက်ပြောသည်။
“တော်လှန်ရေးကလည်း နှစ်နှစ်အတွင်းမှာ ပြီးကို ပြီးရမယ်၊ အောင်ကိုအောင်ရမယ်”ဟု ၎င်းက ဆိုသည်။
NUG ၏ ထိုအစီအမံမှာ ပြည်တွင်း၌သာ နေထိုင်ပြီး နီးရာဓားကြောက်နေရသည့်၊ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားပျက်နေရသည့် လုပ်ငန်းရှင်များအတွက် အခွန်နှစ်ရပ်ပေးဆောင်ရန် အခက်အခဲရှိမည်ဟု အမည်မဖော်လိုသည့် နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်သည်။
အာဏာသိမ်းမှုကို မည်မျှ မနှစ်မြို့သည်ဖြစ်စေ လက်တွေ့တွင် စစ်ကောင်စီထံ အခွန်မဆောင်လျှင် လုပ်ငန်းများ ပိတ်သိမ်းခံရမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံထားသည်များ ဆုံးရှုံးရနိုင်သလို ထိုလုပ်ငန်းများကို မှီခိုနေသည့် ဝန်ထမ်းများ၏ ဘဝကိုပါ ထိခိုက်မည်မှာ မလွဲဧကန် ကြုံရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
“ဘယ်လိုပဲပြောပြော လူတွေက စိုးရိမ်မှုကတော့ရှိမှာပဲ။ အလှူကောက်တယ်ဆိုတာမျိုးက ဝိုင်းဝန်းထည့်လိုက်လို့ ရတယ်။ နည်းနည်းတော့ခက်မယ်ထင်တယ်”ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
အာဏာသိမ်းပြီး ၉ လအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် အာဏာသိမ်းစစ်ကောင်စီက မီတာမဆောင်ခြင်းကဲ့သို့သော အခြေခံနည်းလမ်းဖြင့် ဆန့်ကျင်တုံ့ပြန်နေသည့် ပြည်သူများထံသို့ လက်နက်ကိုင်တပ်ဖွဲ့အင်အားဖြင့် အိမ်တိုင်ရာရောက် လိုက်လံကောက်ခံခြင်း၊ မပေးဆောင်လျှင် မီးဖြတ်ခြင်းတို့ကို ပြုလုပ်နေသည်။
အခွန်အကောက်မှာ အစိုးရတစ်ရပ်၏ တရားဝင်မှုကို အကောင်းဆုံးထင်ဟပ်နိုင်သည့် ဆောင်ရွက်ချက်ဟု ကြွေးကြော်ထားသည့် NUG ဘက်ကမူ အခွန်ကောက်ခံမှုအပြင် ငွေတိုက်စာချုပ်ရောင်းချခြင်း၊ အောင်လံလွှင့်ချီနွေဦးထီ ရောင်းချခြင်းစသည့် နည်းလမ်းသုံးသွယ်ဖြင့် ဝင်ငွေရှာရန် ပြင်ဆင်ထားသည်။
လွန်ခဲ့သည့် လအနည်းက ရက်ပိုင်းမျှ စမ်းသပ်ရောင်းချဖူးပြီး လစဉ် လကုန်ရက်တိုင်းတွင် ဖွင့်လှစ်မည့် နွေဦးထီအစီအစဉ်ကို နိုဝင်ဘာ ၅ တွင် စတင်တော့မည်ဟု NUG က ပြောသည်။ လစဉ် ကျပ် ၂ဝ ဘီလျံဖိုး ရောင်းချရမည်ဟု NUG က မျှော်လင့်ထားပြီး ရောင်းရငွေ၏ ၇ဝ ရာခိုင်နှုန်းကို အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းဦးရေ တစ်သိန်းခန့်ကို ခွဲဝေထောက်ပံ့ပေးမည်ဟု ဆိုသည်။
ထို့အတူ အမေရိကန်ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ၊ ၅ဝဝဝ တန် အထူးငွေတိုက်စာချုပ်များကို ဒေါ်လာ သန်း ၁ဝဝဝ ဖိုးအထိ ရောင်းချမည်ဟု NUG က ပြောသည်။ နိုဝင်ဘာလလယ်ခန့်တွင် ပြုလုပ်မည့် ကနဦးရောင်းချမည့် အစီအစဉ်ကို Revolution Series အဖြစ် သတ်မှတ်၍ ဒေါ်လာ သန်း ၂ဝဝ ဖိုး ရောင်းမည်ဖြစ်ကာ နိုင်ငံတကာဘဏ်စာရင်းများဖြင့် ဝယ်ယူနိုင်မည်ဟု ဆိုသည်။
စာချုပ်သက်တမ်း ၂ နှစ် သတ်မှတ်ထားပြီး သတ်မှတ်ရက်ကုန်ဆုံးလျှင် ဝယ်ယူထားသည့် မူရင်းတန်ဖိုးအတိုင်း ငွေပြန်ထုတ်ပေးမည်ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရသေးပါ။
အထက်ပါနည်းလမ်းသုံးသွယ်မှ ၂ဝ၂၁ အောက်တိုဘာမှ လာမည့်တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၈ဝဝ (ကျပ် ဘီလျံ ၁၇ဝဝ) ခန့်ရမည်ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မျှော်မှန်းထားသည်။
ထိုပမာဏကို လူမှုကယ်ဆယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် ခွဲဝေသုံးစွဲရန် ရည်ရွယ်ထားပြီး ကာကွယ်ရေးအသုံးစရိတ်မှာ သီးခြားဖြစ်ကြောင်း၊ ကဏ္ဍအလိုက် ဘတ်ဂျက်သုံးစွဲရန် လျာထားမှုအသေးစိတ်ကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
စစ်ကောင်စီက စက်တင်ဘာ ၃ဝ တွင် ထုတ်ပြန်သည့် ၂ဝ၂၁ အောက်တိုဘာမှ ၂ဝ၂၂ မတ်လအထိ ၆ လစာ ဘတ်ဂျက်စာရင်းတွင် ကျပ်သန်းပေါင်း ၅၈ သန်းကျော်ထိ ရရန် မျှော်မှန်းထားပြီး ၉၃ သန်းကျော် သုံးစွဲရန် လျာထားကြောင်း၊ ၆ လတာကာလ ဘတ်ဂျက်လိုငွေ ကျပ် ၃၅ သန်းကျော်ရှိကြောင်း တွေ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)