သတင်း

ဓာတ်အားခအကြွေး ရရှိရန် စစ်ကောင်စီ ကြိုးပမ်းလာ

စစ်အာဏာသိမ်းသည်မှာ ၇ လကျော် ကြာမြင့်လာခဲ့ပြီးနောက် ဘဏ္ဍာ၊ အခွန်ငွေ ရပေါက်ရလမ်း နည်းပါးနေဆဲဖြစ်သည့် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်မီတာခရရှိစေရေး ရန်ကုန်ပြည်သူလူထုကို ဖိအားပေးဆောင်ရွက်ရန် ဌာနတွင်း ညွှန်ကြားစာတစ်စောင်ကို ယမန်နေ့ (စက်တင်ဘာ ၇) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၀ မှ ၂၀၂၁ မတ် အထိ  မီတာခ မပေးဆောင်သည့် ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန်၊ ကြွေးကျန်ရရှိမှုအခြေအနေများကို ခရိုင်လျှပ်စစ်ရုံးများက ထပ်ဆင့်ညွှန်ကြားရန် ထိုညွှန်ကြားစာတွင် ပါရှိသည်။ 

ညွှန်ကြားစာတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးကျော်သူလက်မှတ် ပါဝင်သည်။ 

ထို့ပြင် ရန်ကုန်မှ မြို့နယ်လျှပ်စစ်ရုံးများတွင် ၂၀၂၀ ဇွန်မှ ဒီဇင်ဘာထိ ရရှိရန် ကျန်ရှိနေသည့် ဓာတ်အားခကြွေးကျန် စုစုပေါင်း ၂၈၁.၅၆၇ ဘီလျံကို တောင်းခံနိုင်ရန်၊ အချိန်မီပေးသွင်းရန် ထိုညွှန်ကြားစာတွင် ပါရှိသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ထားသည့် လုံခြုံရေးအရ အမည်မဖော်လိုသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ထိုညွှန်ကြားစာသည်  ၂၀၂၀ မှ ၂၀၂၁ မတ်အထိ မီတာခ မပေးဆောင်သည့် ရန်ကုန်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများကို လျှပ်စစ်မီးဖြတ်တောက်ရန် ညွှန်ကြားချက်ဖြစ်သည်ဟု ပြောသည်။ 

“ဒီစာရဲ့ သဘောကတော့ အကုန်လုံးကိုတော့ ဆောင်ခိုင်းတာ မဟုတ်ဘူးပေါ့။ မတ်လအထိကို ကြွေးကျန် ကျန်တဲ့သူ အကုန်လုံးကို မီတာဖြတ်တောက်ရေးပေါ့နော်။ မီးဖြတ်ရေးဆိုပြီးတော့ ဆောင်ခိုင်းတဲ့ အခြေအနေပါ” ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် ကြွေးကျန်ငွေစာရင်း ၂၈၁.၅၆၇ ဘီလျံတွင် ယမန်နှစ် ဇွန်မှ ဒီဇင်ဘာအထိ မီတာခ ကြွေးကျန်စာရင်းလည်း ပါရှိနေသည်ဟု ၎င်းက ပြောသည်။ အဆိုပါ ကြွေးကျန်ဓာတ်အားခမှာ လုပ်ငန်းသုံးမီတာများကို ဆိုလိုခြင်းဖြစ်ပြီး အိမ်သုံးမီတာများကို ၂၀၂၁ မတ်လမှ စတင် တောင်းခံထားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။ 

“ဒါပေမယ့် အဲဒီအချက်ကိုတော့ သူတို့က စာထဲမှာ မဖော်ပြထားဘူး။ များသောအားဖြင့်တော့ အဲ့ဒီလောက်ကြီးထိ ပြည်သူက (ဓာတ်အားအသုံးပြုသူက) ကျန်နေရင်တော့ သူတို့က မီးကဖြတ်ပြီပေါ့၊ ခုချိန်ထိတောင်ဆိုတော့။ ခေါင်းစဉ်သာ မဖော်တာ၊ ဘယ်သူကနေကျန်တဲ့ ကြွေးကျန်ဆိုတာကိုတော့ သူက စာထဲမှာ မဖော်ပြထားဘူးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ခံအများစုမှာ အာဏာသိမ်းပြီး အကြမ်းဖက်မှုကျူးလွန်နေသည့် စစ်ကောင်စီကို ဓာတ်အားခငွေ ပေးဆောင်လိုခြင်း မရှိကြဘဲ အကြမ်းမဖက်သည့် CDM တွင် ပါဝင်လိုကြသည်၊  ပြည်သူ့ဆန္ဒမဲရရှိသူများနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီကို အခွန်ငွေမပေးဆောင်ကြရန် ထုတ်ပြန်ကြေညာထားသည်။ 

NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းက မီတာခများသည် ပြည်သူကို ပြန်သတ်မည့် လက်နက်များ ဝယ်ယူနိုင်ရန် စစ်ကောင်စီကို ငွေပေးသွင်းနေသကဲ့သို့ဖြစ်နေပြီး မီတာခ မပေးဆောင်ခြင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်ကြရန် တိုက်တွန်းလိုကြောင်း Myanmar Now ကို ဇူလိုင် တတိယအပတ်တွင် ပြောသည်။ 

ရန်ကုန်ရှိ မြို့နယ် ၅ ခုမှ လျှပ်စစ်မီတာ သုံးစွဲသူ အိမ်ထောင်စု ၁၀ စုကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အိမ်ထောင်စု ၈ စုမှာ စစ်ကောင်စီကို မီတာခ လုံးဝမပေးဆောင်ရန် ဆုံးဖြတ်ထားပြီး အိမ်ထောင်စု ၂ စုကမူ မဖြစ်မနေ အခြေအနေမျိုးရောက်မှသာ စစ်ကောင်စီကို မီတာခ ပေးဆောင်သွားမည်ဖြစ်သည်ဟု ဖြေဆိုသည်။ 

သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၃၀ အရွယ် မထက်ထက်က ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီတာခပေးဆောင်ခြင်းမရှိသည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ဟု ပြောသည်။ 

ဓာတ်အားခတောင်းခံလွှာ စာရွက်များကို မေလတွင် မြို့နယ်လျှပ်စစ်ရုံးက အိမ်တိုင်ရာရောက် လိုက်လံပေးပို့သည်ကို တွေ့ရကြောင်း၊ ရပ်ကွက်အတွင်း နေထိုင်သူများထဲတွင် မီးဖြတ်ခံရမည်ကို စိုးရိမ်၍ လျှပ်စစ်မီတာခပေးဆောင်သူ ရှိကြောင်း ၎င်းက ပြောသည်။ 

“ ဘယ်လိုပဲဖြစ်ဖြစ် မီတာဆောင်ခိုင်းတဲ့ ကိစ္စကတော့ သူတို့ဆီကို ပိုက်ဆံပေးရအောင်လုပ်တာပဲ။ ကျွန်မတို့ကတော့ မဆောင်ဘူး။ သူတို့ဆီကို ပိုက်ဆံပေးဖို့အတွက်ကို ဖိအားပေးတာလို့ပဲ သဘောထားတယ်” ဟု ၎င်းက ပြောသည်။ 

“သူတို့ကို ပေးလို့ကတော့ မဖြစ်ဘူး။ ကိုယ့်ကို ပစ်မယ့် ကျည်ဆန်ဖိုးပေးသလိုမျိုးလို့ အားလုံးကလည်း နားလည်ထားတယ်။ ကျွန်မတို့ကလည်း အဲ့ဒီလိုပဲ နားလည်ထားတယ်။ စစ်ကောင်စီကို ပိုက်ဆံပေးတဲ့ အလုပ်ကိုတော့ ဘာတစ်ခုမှ မလုပ်ဘူး။ မီတာလည်း မဆောင်ဘူး”  

ဖေဖော်ဝါရီလက တွေ့ရသော အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ အသက် ၃၁ အရွယ် မမွန်မွန်ကလည်း ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းချိန်ကတည်းပင် မီတာပေးဆောင်ရန် ငြင်းဆန်သည့် နည်းဖြင့် အာဏာဖီဆန်ထားကြောင်း ပြောသည်။ 

“လူညီရင်တော့ မဆောင်ဘဲ နေမှာပေါ့။ ကိုယ့်အိမ်တစ်အိမ်တည်းတော့ မီးလာဖြတ်လို့မှ မရတာ။ ၁ လ ၂ လလောက်တော့ နေကြည့်လိုက်ဦးမယ်။ သေနတ်ထောက်ပြီးတော့ လာတောင်းရင်တော့ ဆောင်ရမှာပေါ့” ဟု ၎င်းက ပြောသည်။ 

အခွန်မဆောင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် ရန်ကုန်မြို့ခံ ပြည်သူများကို လျှပ်စစ်ဓာတ်အားခများပေးရန် ဇွန်နှင့် ဇူလိုင်လများတွင် စစ်ကောင်စီက အတင်းအကျပ်တောင်းခံခဲ့ရာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့က စစ်ကောင်စီ၏ လက်အောက်ခံ မြို့နယ်လျှပ်စစ်မီတာရုံးများကို သတိပေးတိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၇ နှင့် ၉  နှစ်ရက်အတွင်း ရန်ကုန်မြို့၊ ၉ မြို့နယ်ရှိ မမီတာရုံးများကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီးနောက် မီတာဆောင်သူများ ပြန်လည်လျော့နည်းသွားခဲ့သည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် ရန်ကုန်မြို့ရှိ လျှပ်စစ်မီတာသုံးစွဲသူ ၁ ရာခိုင်နှုန်းနှင့် ၂ ရာခိုင်နှုန်းကသာ မီတာခ ပေးဆောင်ခဲ့ပြီး မေလနောက်ပိုင်းတွင် ၁၀ ရာခိုင်နှုန်းအထက်ကို ရောက်ရှိသွားခဲ့ကြောင်း ရန်ကုန်မြို့ခံများအနေဖြင့် မီတာခ မပေးဆောင်ဘဲ စစ်ကောင်စီကို တော်လှန်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန CDM လက်ထောက်ညွှန်ကြားရေးမှူးက တိုက်တွန်းသည်။ 

“ လုံးဝ မဆောင်ပါနဲ့။ ခုချိန်ထိကို မီတာမဆောင်ဘဲနဲ့ ပြည်သူက CDM လုပ်ပြီး တင်းခံထားတာဟာ တော်တော်ကို သိသာတဲ့ ထိခိုက်မှုကို သူတို့မှာ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးဝေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်နှင့် ထိုင်းနိုင်ငံရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် ကုမ္ပဏီများထံမှ ဝယ်ယူသုံးစွဲနေရပြီး ထိုငွေများကို စစ်ကောင်စီက လစဉ် ပေးချေနေရကြောင်း ၎င်းက ပြောသည်။ 

“ ခုချိန်မှာက ပြည်သူက လုံးဝမဆောင်ထားတဲ့အတွက်ကို သူတို့က လစဉ်၊ လစဉ်ကို ပေးနေတယ်။ ဒါပေမယ့် တောက်လျှောက်ကို ဒီဓာတ်အားခတွေကို ပြန်လည်ပေးချေဖို့ သူတို့မှာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် ကြာလေ၊ကြာလေမှာ ကျဉ်းထဲကျပ်ထဲကို ရောက်ဖို့ရှိတယ်။ ဒါ့ကြောင့် ပြည်သူက မီတာခမဆောင်ဘဲ CDM လုပ်ထားတာဟာ တော်တော်ကို တာသွားပါတယ်။ ဒါကို ဆက်ပြီးတော့ ထိန်းထားပါလို့ ပြောချင်ပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန CDM လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ 

စစ်တပ်အာဏာသိမ်းမှု ထောက်ခံသူများကမူ ကိုယ်သုံးစွဲသည့် ဓာတ်အားခကို ပေးဆောင်ရန်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူတိုင်းတွင် တာဝန်ရှိသည်ဟု အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားခဲ့ဖူးသည်။

စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ရေး၊ သပိတ်မှောက်ရေး လှုပ်ရှားမှုများအနက် အောင်ဘာလေထီ၊ မြန်မာဘီယာတို့ကို ဝယ်ယူအားပေးမှု ရပ်ဆိုင်းရေးတို့တွင် ပြည်သူအများအပြား ပါဝင်နေသည်ကို တွေ့ရသည်။ စစ်တပ်နှင့် ဆက်စပ်နေသည့် မြန်မာဘီယာ အရောင်းကျသွားပြီး ထီဆုငွေလည်း သုံးဆလျော့နည်းသွားသည့်အပြင် ထီဖွင့်ရက်လည်း ကမောက်ကမဖြစ်ခဲ့သည်။ 

Show More

Related Articles

Back to top button