သတင်း

ပုဂံသရပါဟိုတယ် ဝန်ထမ်းများ ဆန္ဒပြ

အလုပ်ပြန်လုပ်ကိုင်ခွင့်ရရှိရေး တောင်းဆိုနေသည့် ၅၈ရက်ကြာ သပိတ်စခန်းအား လိုက်လျောဖြေရှင်းပေးခြင်း မရှိသေးဟုဆိုကာ ပုဂံမြို့သရပါဟိုတယ်မှ ဝန်ထမ်းများက ယနေ့ နေ့လယ် ၃နာရီခွဲမှစ၍ ပုဂံမြို့သစ် Bagan Lodge Hotel မှစ၍ ချီတက်ပြီး ပုဂံမြို့ဟောင်း သရပါဟိုတယ်အရှေ့ဘက် မြင်းလှည်းဂိတ်အထိ ဆန္ဒပြကြသည်။

“အကြောင်းမဲ့ အလုပ်ထုတ်ခံရတာ ၅၈ရက် မြောက်ပြီ ခုချိန်ထိ အစိုးရကလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိဘူး။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ ပြီးရင် ဒီသရပါဟိုတယ်ရဲ့ တာဝန်ရှိသူတွေက ဒီဟာကို ပြေလည်စေချင်တဲ့ သဘောနဲ့ ဖြေရှင်းပေးခြင်း မရှိတဲ့အတွက် ခုလို ထပ်မံဆန္ဒပြတာပါ” ဟု အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောသည်။

“သူတို့က အလုပ်ထုတ်နစ်နာကြေးဆိုပြီး ဘဏ်ကတ်ထဲကို မတရားသဖြင့် ထည့်ပေးတယ်။ အခုချိန်ထိ အဲဒီနစ်နာကြေးငွေကို ကျွန်တော်တို့ ထုတ်ယူသုံးစွဲခြင်း မရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဟိုတယ်ဘက်က ၄င်းတို့၏ စီးပွားရေးအခြေအနေအရ ဝန်ထမ်းအင်အား လျှော့ချခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအား နစ်နာကြေးများ ပေးအပ်ခဲ့သည်ဟု ဟိုတယ်မန်နေဂျာ ဦးကျော်ဟိန်းက အောက်တိုဘာ၂၈ရက်နေ့က သပိတ်စခန်းနှင့် ပတ်သက်ပြီး Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ဘက်က ဘာမှ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့ ၉ကြိမ်ရှိပြီ ညှိနှိုင်းခဲ့ပြီးပါပြီ ပြေလည်မှုမရပါဘူး ကျွန်တော်တို့ နစ်နာကြေး အပြည့်အဝပေးထားပြီးသားမို့ ပြန်ခန့်ဖို့ အစီအစဉ်မရှိပါဘူး” ဟု အဆိုပါ ဟိုတယ်မှ မန်နေဂျာဖြစ်သူ ဦးကျော်ဟိန်းက ပြောသည်။

Show More

Related Articles

Back to top button