
ရန်ကုန် – ဓာတ်လိုက်သည့်ဒဏ်ရာများဖြင့် လက်နှစ်ဖက်စလုံး ဖြတ်ခဲ့ရသည့် ထိုင်းရောက်မြန်မာ ဆောက်လုပ်ရေး လုပ်သားတစ်ဦးနှင့် ပတ်သက်ပြီး တာဝန်ယူမှုမရှိသည့် ထိုင်းအလုပ်ရှင်ကို မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံရှိ လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်းကာ သက်ဆိုင်ရာ ရဲစခန်း၌အမှုဖွင့်ထားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ အသက် ၃၉ နှစ်အရွယ် ဦးသန်းထွန်းသည် မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့နှင့် နီးသည့် ထိုင်းနိုင်ငံ မယ်ကျန်း ခရိုင် ဘန်းစလင်းရွာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့က နှစ်ထိပ်အိမ်တည်ဆောက်ရာ၌ အမိုးကိုင်းများကို အမိုးပေါ်သို့ဆွဲတင်နေစဉ် အိမ်နားရှိ လျှပ်စစ်တာဝါတိုင်မှ ဓာတ်ကြိုးနှင့် အမိုးကိုင်းသံပေါင် ထိမိပြီး ဓာတ်လိုက်သွား သည့်အတွက် လက်နှစ်ဖက်စလုံး တံတောင်ဆစ်မှ ဖြတ်ခဲ့ရပြီး ဘယ်ဘက်ခြေမလည်း ဆုံးရှုံးခဲ့သည်။
ထိုအလုပ်သမားသည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအစိုးရ နားလည်မှုစာချုပ်နှင့်အညီ အေဂျင်စီတစ်ခုမှတစ်ဆင့် သွားရောက်လုပ်ကိုင်သူ မဟုတ်သော်လည်း တရားဝင်ဗီဇာ၊ အလုပ်လုပ်ခွင့် ပါမစ်များဖြင့် ယခင်နှစ်များကတည်းက လုပ်ကိုင်နေသူဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးခင်မောင်က ပြောသည်။
ဖြစ်ဖြစ်ချင်းတွင် ထိုင်းအလုပ်ရှင်က မည်သည့်နစ်နာမှုမျိုးကိုမှ လူသားဆန်စွာ တာဝန်မယူခဲ့သည့်အတွက် ထိုင်းရောက် မြန်မာလုပ်သမားများကို ကူညီပေးနေသည့် လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းကာ ၎င်း၏ လူမှုဖူလုံရေး အာမခံများနှင့် လူမှုကရုဏာကြေးများ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
“အခု မယ်ကျန်ရဲစခန်းမှာ သူ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်ကို အမှုဖွင့်ထားတယ်။ ရဲစခန်းကလည်း အမှုကို လက်ခံထားတယ်။ သူ့အတွက်လူမှုကရုဏာကြေးတွေရအောင်တော့ အလုပ်ရှင်ဘက်ကို ကျွန်တော်တို့တွေ ဖိအားပေးတောင်းဆိုရမှာပေါ့။ သူ့မှာ ထိုင်းဥပဒေအရ (ပေးကိုပေးရမယ့်) လူမှုအထောက်အကူတွေ အလုပ်ရှင်ဘက်က မလုပ်ပေးခဲ့တာ” ဟု ၎င်းက ပြောသည်။
၎င်း၏ဖြစ်ရပ်နှင့်ပတ်သက်ပြီး ထိုင်းအလုပ်ရှင်က ထိုင်းဘတ် ၂၅,၀၀၀ ကို ကနဦးပေးအပ်ခဲ့စဉ်က ၎င်းနှင့်အတူ အလုပ်လုပ်နေသည့် မိသားစုဝင်များထံမှ ပြန်ဖြတ်ယူမည်ဖြစ်ကြောင်း ပြောကြောင်း၊ နောက်တစ်ကြိမ် ထိုင်းဘတ် ၅,၀၀၀ ကို ပေးပြီးနောက်ပိုင်း မည်သည့်တာဝန်ယူမှုမျိုးမှ မပြုလုပ်တော့ကြောင်း ဦးသန်းထွန်းကပြောသည်။
ယခုအခါ မယ်ကျန်းဆေးရုံမှတစ်ဆင့် မြန်မာဘက်ခြမ်း တာချီလိတ်ဆေးရုံတွင် ဆက်လက်ဆေးကုသခံယူနေရပြီး စုစုပေါင်း ဆေးကုသစရိတ် ထိုင်းဘတ်သုံးသိန်းကျော် (ကျပ် ၁၄၇ သိန်း) အထိ ကုန်ကျနေပြီဟု ၎င်းက ဆိုသည်။
“အရင်က ကျွန်တော်က ထိုင်းမှာ တရားဝင် ဘတ်ကတ် (ထိုင်းတရားဝင်အလုပ်သမားကတ်) နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အုတ်စီတာ၊ ပန်းရန်လုပ်တာတို့ လုပ်ခဲ့တာ။ အခုအလုပ်မှာ အိမ်ခေါင်မိုး မိုးတဲ့အလုပ်ကို ဝင်လုပ်တာ ရက်ပိုင်းပဲရှိသေးတယ်။ အမိုးကိုင်း သံပေါင်တွေကို အပေါ်ကို ဆွဲတင်တဲ့အချိန် လျှပ်စစ်တာဝါတိုင်က မီးကြိုးနဲ့ထိပြီး ဓာတ်လိုက်တာ စက္ကန့် ၂၀ လောက် သတိလစ်သွားတယ်။ သတိပြန်ရတော့ အလုပ်သမားတွေက ကျွန်တော့်ကို ပွေ့ယူကာ …မယ်ကျန်းဆေးရုံကို ပို့ကြတယ်။ အဲ့ဒီထဲက လက်နှစ်ဖက်လုံး ဖြတ်လိုက်ရတာ” ဟု ၎င်းက ဆက်ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မဇ္ဈိမ လူမှုကူညီရေးအသင်းနှင့် ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များကသာ အဓိက ကူညီဆောင်ရွက် ပေးနေရကြောင်း၊ ဆေးကုသစရိတ်များကိုလည်း အဆိုပါ လူမှုကူညီရေးအသင်းအဖွဲ့များ၏ အလှူရှင်များ၏ အလှူငွေများဖြင့်သာ ဆက်လက်ကုသပေးနေရကြောင်း မဇ္ဈိမ လူမှုကူညီရေးအသင်း ဦးဆောင်သူ ဦးတင့်ဆွေက ပြောသည်။
ဦးသန်းထွန်းသည် ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်အထိ တရားဝင်အလုပ်လုပ်ပိုင်ခွင့် ရရှိထားသူဖြစ်သော်လည်း ထိုင်းအလုပ်ရှင်ဘက်က မည်သည့်တာဝန်ယူမှုမျှ မပြုလုပ်ပေးသဖြင့် ယခုလို တရားစွဲဆိုလိုက်ရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ကျွန်တော်တို့ တာချီလိတ်မြို့က နယ်စပ်မြို့ဖြစ်တော့ ထိုင်းဘက်က အလုပ်သမားတွေလိုရင် ဒီဘက်ကို လာခေါ်ကြတယ်။ ဟိုဘက်မှာရှိနေပြီးသား လုပ်သားတွေလည်း ခေါ်ကြတယ်။ တကယ်လို့ အန္တရာယ်တစ်ခုခုဖြစ်တယ်ဆိုရင် ဘာမှတာဝန်ယူမှု မရှိဘူး။ အခုဖြစ်ချိန်မှာ လူတစ်ယောက် လက်နှစ်ဖက်လုံး ဖြတ်လိုက်ရတာ။ သူ့နစ်နာမှုက တအားကြီးတယ်။ ဒါကို အခုချိန်ထိ ဘာမှ မလုပ်ပေးတာတော့ မဖြစ်သင့်ဘူးပေါ့” ဟု သူကဆိုသည်။
အကယ်၍ တရားစွဲဆိုရာတွင် အနိုင်ရပါက ဆေးဝါးကုသစရိတ်အားလုံးအပြင် တစ်သက်စာ လူမှုနစ်နာကြေးကိုပါ ထိုင်းအလုပ်ရှင်က ပေးရမည်ဖြစ်သည်။ လူမှုနစ်နာကြေးကို အလုပ်ရှင်နှင့်ညှိနှိုင်းရမည် ဖြစ်သည်။