ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတစ်ဆင့် ပြည်တော်ပြန်လာမည့် တရုတ်ရောက်မြန်မာအလုပ်သမား ၂၀,၀၀၀ ကျော်ကို သက်ဆိုင်ရာဇာတိမြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ ဆက်တိုက်ပြန်လာနေပြီး မြန်မာနှင့်ကပ်လျက် ယူနန်ပြည်နယ် လင်ချန်းနှင့် ကျိန်းခမ်းခရိုင်တို့တွင် အလုပ်လုပ်နေကြသည့် အလုပ်သမား ၂၀,၀၀၀ ကျော်ကို အသုတ်လိုက်ခွဲ၍ ပြန်ပို့သွားမည်ဟု တရုတ်အာဏာပိုင်များက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကဆိုသည်။
အဆိုပါအလုပ်သမားများမှာ တရုတ်နိုင်ငံတွင် ကြံခင်း၊ တောင်ယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်နေသူများဖြစ်ပြီး ကိုဗစ်နိုင်တင်းရောဂါပျံ့နှံ့မှုကြောင့် လုပ်ငန်းများရပ်ဆိုင်းသွားခြင်း၊ ကြံစိုက်ရာသီကုန်ဆုံးသွားခြင်းတို့ကြောင့် အလုပ်မရှိတော့သဖြင့် ယခုလိုနေရပ်ပြန်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“လောက်ကိုင်မှာက ဒီလူအုပ်စုကြီးကို ထားဖို့ အဆင်မပြေဘူး ဒါကြောင့် ကျွန်တော်တို့ပြည်နယ်အစိုးရကတော့ မန္တလေးအထိ အစိုးရအစီအစဉ်နဲ့ပြန်ပို့ပြီး သူတို့သက်ဆိုင်ရာ တိုင်းအစိုးရတွေက သူတို့မြို့နယ်တွေမှာ ကွာရန်တင်း (ကန့်သတ်စောင့်ကြည့်)ဝင်ဖို့ စီစဉ်သွားကြမှာပါ” ဟု ဦးစိုးညွန့်လွင်က ပြောသည်။
ပြန်လည်ဝင်ရောက်လာသူ အလုပ်သမားများမှာ မကွေး၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့မှ အများဆုံးဖြစ်ပြီး အလုပ်သမားများနေထိုင်ခဲ့သည့် လင်ချန်းခရိုင်နှင့် အနီးအနား အခြားမြို့နယ်များတွင် ကိုဗစ်နိုင်တင်း ရောဂါဖြစ်ပွားမှု မတွေ့ရှိရသည်မှာ ကံကောင်းသည့်အချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပို့ဆောင်ပေးလိုက်သည့် အဖွဲ့များကို ရှမ်းပြည်နယ်နောင်ချိုမြို့တွင် သွားရောက်ခေါ်ယူရပြီး ပြင်ဦးလွင်မြို့ရှိ မီးပုံးပျံကွင်းတွင် နေရာချထားသည်ဟု ပြင်းဦးလွင်မြို့နယ် ကိုဗစ်နိုင်တင်းကာကွယ်ရေး ဦးဆောင်ကော်မတီ၏ ကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောသည်။
၎င်းတို့ထံ လွှဲပြောင်းပေးလိုက်သူများမှာ သက်ဆိုင်ရာမြို့နယ်အလိုက် လူဦးရေစာရင်းပြုလုပ်ထားခြင်း မရှိသည့်အတွက် လုပ်ရကိုင်ရခက်ခဲကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က မစစ်ဆေးဘဲ အသွင်းမခံနိုင်ဘူး၊ ဝင်သွားလိုက်ရင် သွားချင်ရာသွားပြီး နေရာအနှံပြန့်သွားမှာ” ဟု ဦးကိုကိုကြီးက ပြောသည်။
တရုတ်နိုင်ငံ ကြံခင်းတစ်ခုတွင် လုပ်ကိုင်နေသည့် မကွေးတိုင်း တောင်တွင်းကြီးမြို့မှ ဦးတင်ဌေးက ကြံခုတ်သည့်အလုပ်မှာ ပင်ပန်းပြီး အဆင်မပြေ၍ပြန်လာခြင်းဖြစ်သည်ဟု ပြောသည်။
“ကြံတွေကတုတ်လို့ မလုပ်နိုင်တော့လို့ ပြန်လာတာပါ။ ပြန်လာတဲ့လမ်းက အခက်အခဲတော့ မရှိသေးပါဘူး၊ စစ်ဆေးတာတွေလည်း သိပ်မရှိသေးပါဘူး။ နဖူးစမ်းတာပဲ ရှိပါတယ်” ဟု ပြင်ဦးလွင်မြို့၌ရှိစဉ် ဦးတင်ဌေးက Myanmar Now ကို ပြောသည်။
အလုပ်မရှိသည့်အတွက် စုဆောင်းထားသည့် လုပ်ခများကိုထုတ်သုံးနေရကြောင်း၊ အလုပ်ရှင်က ကားခကျပ်သုံးသိန်းစိုက်ပေးကာ မြန်မာအလုပ်သမား အယောက် ၃၀ ကိုပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတွင် တောင်ယာလုပ်ကိုင်နေသည့် မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ မလဲ့ဆွေကလည်း ပြင်ဦးလွင်မြို့မှာ ခေတ္တနားစဉ် ပြောဆိုသည်။
“တရုတ်က အလုပ်မပေးနိုင်တော့လို့ ပြန်မောင်းလွှတ်တာ၊ တဲတွေဖျက်ပစ်တယ်၊ ရက်နှစ်ဆယ်လောက်ရှိပြီ အလုပ်မပေးနိုင်ခဲ့တာ” ဟု ၎င်းကပြောသည်။
ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများမှာ မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုများ ရှိနေပြီး ယခုလဆန်းကလည်း ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား သောင်းဂဏန်းခန့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
ယခုလကုန်တွင်လည်း ထိုင်းနိုင်ငံမှမြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်ရန်ရှိနေပြီး ၎င်းတို့ကိုထားရှိရန်အတွက် သက်ဆိုင်ရာမြို့များတွင် ကွာရန်တင်းစင်တာများ အသင့်ပြင်ဆင်နေပြီဖြစ်သည်။
ဧပြီ ၂၉ အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၅၀ ဦးရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ သေဆုံးခဲ့ကာ ၁၆ ဦးမှာ ပြန်လည်သက်သာလာပြီ ဖြစ်သည်။ လူဦးရေ ၇,၆၀၀ ကျော်ကို ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး စောင့်ကြည့်နှင့် သံသယလူနာ ၂,၉၀၀ ကျော် ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။