ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြားဝင်ဖြေရှင်းခဲ့ပြီးနောက် သပိတ်လှန်ကာ လုပ်ငန်းခွင် ပြန်ဝင်နေကြသည့် ဖုယွင် အထည်ချုပ် အလုပ်သမားများအား ဆန္ဒပြပွဲအပြီး ၄ လအကြာတွင် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ(၁၉)ဖြင့် တရားရင်ဆိုင်ရန် ကျောက်တံတားမြို့နယ် တရားရုံးက ဆင့်ခေါ်လိုက်သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အဆိုပါအထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀ ဦး အလုပ်ထုတ်ခံခဲ့ရသည်မှ စတင်ခဲ့သည့် ဖုယွင်အလုပ်သမား သပိတ်သည် လနှင့်ချီ ကြာမြင့်ခဲ့သည်။
စက်ရုံရှေ့ ၂ လ ကြာ သပိတ်စခန်းဖွင့်ခဲ့ကြသည့် ဆန္ဒပြ အလုပ်သမားများနှင့် စက်ရုံကငှားရမ်းထားသူများဟု ဆန္ဒပြ အလုပ်သမားများက စွပ်စွဲထားသူများအကြား ၂၀၁၈ အောက်တိုဘာ ၁၅ တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး အထည်ချုပ် အလုပ်သမား ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။
စက်ရုံပိုင်ရှင်က သပိတ်စခန်းကို လာရောက် တိုက်ခိုက်သူများမှာ စက်ရုံနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။
ယင်းပဋိပက္ခဖြစ်ပွားပြီး သီတင်းနှစ်ပတ်အကြာ ၂၀၁၈ အောက်တိုဘာ ၂၉ တွင် ဆန္ဒပြ အလုပ်သမားများနှင့် ၎င်းတို့ကို ထောက်ခံသူများသည် ရန်ကုန်မြို့လယ် မဟာဗန္ဒုလပန်းခြံရှေ့မှ ပြည်လမ်းရှိ တိုင်းအစိုးရရုံးသို့ ချီတက် ဆန္ဒပြခဲ့ကြပြီး ထိုနေ့ညတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“ဒီလိုမျိုး တကယ်လို့ လုပ်လာပြီဆိုရင် ဒီပြဿနာကို ရင်ဆိုင်ရတော့မှာပေါ့။ ရင်ဆိုင်ရတဲ့ အခါမှာတော့ ဝန်ကြီးချုပ်က တာဝန်ယူပြီး ဖြေရှင်းပေးဖို့ ဆိုတဲ့ ဥစ္စာမျိုးနဲ့ပဲ ဖြေရှင်းသွားမယ်လို့ပဲ စဉ်းစားထားပါတယ်” ဟု ၎င်းကပြောသည်။
တရားရုံး၏ အကြောင်းကြားစာကို ယမန်နေ့ ညနေပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် ရပ်ကွက်ရုံးမှ တဆင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ သမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့ဝင် မသဇင်နွယ်၊ သမဂ္ဂအဖွဲ့ဝင် မမိုးမိုးအေးတို့ အားလည်း တရားရုံးက ဆင့်ခေါ်ခဲ့သည်ဟု မသက်ထားဆွေက ပြောသည်။
တရားရုံးက ပေးပို့သည့် အဆိုပါ အကြောင်းကြားစာကို ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ်ထံမှ တဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်က ပြောသည်။
ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ ရဲတပ်ကြပ် သန်းဝင်းက ထိုအကြောင်းကြားစာမှာ ဖမ်းဝရမ်းမဟုတ်ကြောင်း တရားရုံးက ပို့ဆောင်ခိုင်း၍ ပို့ဆောင်ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ခိုင်းစေခြင်း မဟုတ်ကြောင်း Myanmar Now ကို ပြောသည်။
“(ငြိမ်းစုစီပုဒ်မ) စခန်းက လွှတ်တာမဟုတ်ဘူး။ တရားရုံးက လွှတ်တာ။ ဆင့်ခေါ်တဲ့သဘောပဲ။ တရားရုံးရောက်ရင် တရားသူကြီးနဲ့ စကားပြောမယ်။တရားရေးနဲ့ သူတို့ ဘယ်လို ပြောကြ မယ်ဆိုတာ ကျွန်တော်မသိဘူး။ သူတို့ကို ရဲစခန်းကို ခေါ်ဖို့မဟုတ်ဘူး။ တရားရုံးကို လိုက်ပို့ပေးဖို့ပဲ” ဟု ၎င်းက ပြောသည်။
ဆန္ဒပြ ခေါင်းဆောင်များ ရင်ဆိုင်ရမည့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ(၁၉) အတွက် အမြင့်ဆုံးပြစ်ဒဏ်သည် ခြောက်လ ထက်မပိုသော ထောင်ဒဏ် နှင့် တစ်သောင်းထက်မပိုသော ငွေဒဏ် ကျခံရနိုင်သည်။