သတင်း

ထောင်မှ လွတ်လာသည့် မောင်ဝိတ်က မင်းအောင်လှိုင်ဘုရားအတွက် ငွေလှူ

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ထိုးခဲ့သည်ဆိုကာ စစ်ကောင်စီဘက်မှနေ၍ သက်သေထွက်ဆိုပေးခဲ့သူ စီးပွားရေးသမား မောင်ဝိတ်သည် ယမန်နေ့က အာဏာသိမ်းခေါင်းဆောင်တည်သည့် ဘုရားအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

နေပြည်တော်ရှိ စကျင်ကျောက်ဆင်းတုဘုရား တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာနှင့်ချီသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များကို ယမန်နေ့ (ဇွန် ၂၉) တွင် နေပြည်တော်သို့ ဖိတ်ခေါ်ရှင်းလင်းခဲ့သည်။

ထိုအခမ်းအနားတွင် နာမည်ကြီးလုပ်ငန်းရှင်ကြီးများ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ရာဂဏန်းအထိ တက်ရောက်ခဲ့ပြီး ကျပ်ငွေ ၁၆ ဒသမ ၁၇၇ ဘီလျံ လှူဒါန်းသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဘုရားတည်ဆောက်ရေးတွင် လုပ်ငန်းရှင်သူဌေးများက ကျပ်ဘီလျံချီ လှူဒါန်းခဲ့ပြီး မောင်ဝိတ်သည်လည်း ထိုအခမ်းအနားတက်ရောက်ခဲ့ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်သည်ကို တွေ့ရသည်။

စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်က ယမန်နေ့ ညပိုင်း၌ပင် Facebook စာမျက်နှာ၌ မကြာမီက လွတ်မြောက်သည့်အကြောင်း ရှည်လျားသော မုတ်ဆိတ်မွေးများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ၎င်း၏ ဓာတ်ပုံများနှင့်တကွ ရေးတင်ခဲ့သည်။

ဒုတိယအကောင်းဆုံးအရွယ်ဖြစ်သော အသက် ၄၀ နှင့် ၅၀ ကြားရှိ ၎င်းအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ယမန်နေ့ ဇွန်လ ၂၉ ရက်အထိ ဘဝစာမေးပွဲများ တစ်ခုပြီးတစ်ခု ဖြေခဲ့ရသည်ဟု အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသည့်သဘော မောင်ဝိတ်က ရေးသားထားသည်။

“ကံဇာတ်ဆရာအနေနဲ့ ….ဘဝပန်းလာပြီဖြစ်တဲ့ ကျွန်တော့်ကို ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့လို့”

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ထောင်မှ လွတ်လာသည့် မောင်ဝိတ်က ရန်ကုန်နှင့် မန္တလေးတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ပူးပေါင်းကာ ဆောက်လုပ်ရေးစီမံကိန်းများ ရရှိရန် ကြိုးပမ်းခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း မောင်ဝိတ်သည် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ပူးပေါင်းခဲ့ပြီး နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည် တည်ထားကိုးကွက်သည့် ထာဝရငြိမ်းချမ်းရေးစေတီအတွက် ပါဝင်လှူဒါန်းခဲ့ဖူးသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အမှုပေါင်းများစွာဖြင့် တရားစွဲဆိုခဲ့ရာတွင် လာဘ်ပေးလာဘ်ယူဖြင့် အမှုဆင်ရာ၌ မောင်ဝိတ်ကို အသုံးချခဲ့သည်။

၂၀၁၈ နှင့် ၂၀၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင် တွေ့ဆုံရာ၌ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲကို စာအိတ်ဖြင့် ထည့်၍ ပေးအပ်ခဲ့ကြောင်း မောင်ဝိတ်ကိုယ်တိုင် ထွက်ဆိုသည့် ရုပ်သံဖိုင်ကို စစ်ကောင်စီက အာဏာသိမ်းအပြီး လအတန်ကြာ ၂၀၂၁ မတ်လအတွင်း ထုတ်လွှင့်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် NLD အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်သို့ ဆေးသွားကုရန် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် မြန်မာကျပ်ငွေ သိန်း ၆၅၀ လာဘ်ထိုးခဲ့သည်ဟုလည်း စစ်ကောင်စီဘက်မှ ထွက်ဆိုခဲ့သူဖြစ်သည်။​

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရားရုံးချိန်းတစ်ခုတွင် မောင်ဝိတ် သက်သေလာထွက်စဉ် ဒေါက်တာဇော်မြင့်မောင်က “ကျမ်းဆိုတာ စူးတတ်တယ်၊ သံသရာအထိ ခံရမှာ ကိုယ့်လူ” ဟု သတိပေးခဲ့ဖူးသည်။

သို့သော် ထိုအချက်မှာ မဟုတ်မှန်ကြောင်း၊​ ဒေါက်တာဇော်မြင့်မောင်က ဆုတောင်းပေးခဲ့ခြင်းသာ ဖြစ်ကြောင်း မောင်ဝိတ်က ၎င်း၏ Facebook စာမျက်နှာ၌ ယနေ့ (ဇွန် ၃၀) ရေးတင်ထားသည်။

“တချို့အရာတွေက ဘာမှမပြောပဲ ထားလိုက်တာ ကောင်းတယ်….ကျွန်တော် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေမလှူဖူးပါ။ ငွေလှူခဲ့တာပဲ ရှိပါတယ်။ ဒီထက်ပိုပြောရရင် အိမ်ထမင်းစားမကောင်းဘူးဆိုတာမျိုး ဖြစ်သွားလိမ့်မယ်” ဟုလည်း မောင်ဝိတ်က ရေးသားသည်။

အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လေးကြိမ် ခွဲပေးသည်ဆိုသော မောင်ဝိတ်ပြောဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂိတလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုနှစ်ခု ခွဲဖွင့်၍ ၂၀၂၂ အောက်တိုဘာတွင် ထောင် ၃ နှစ် တစ်ပေါင်းတည်း ချခဲ့သည်။

ထို့အတူ ဒေါက်တာဇော်မြင့်မောင်သည်လည်း မောင်ဝိတ်ထွက်ဆိုချက်ကြောင့် အထက်ပါ အဂတိပုဒ်မဖြင့်ပင် အမှုနှစ်ခု ခွဲဖွင့်ခံရကာ စုစုပေါင်းထောင်ဒဏ် ၁၀ နှစ် ချခံရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်နေ့ကတည်းက နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း ပုဒ်မ ၁၉ ခုဖြင့် ထောင် ၃၃ နှစ် ချကာ နေပြည်တော်အချုပ်ထောင်၌ ပိတ်လှောင်ထားသည်။

မန္တလေးတွင် အလားတူဖမ်းဆီးခံရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုမူ စုစုပေါင်း အမှု ၁၀ ခုဖြင့် စွပ်စွဲထားကာ ၂၀၂၂ ဇွန် ၁၇ အထိ ၉ မှုဖြင့် ထောင် ၂၆ နှစ် ချကာ အိုးဘိုထောင်တွင် ထားရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button