
တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည့် မြန်မာ-ထိုင်းနယ်စပ် ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်အတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) အမှတ် (၄၃၀) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနှင့် ဒုတပ်ရင်းမှူးတို့ လက်နက်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က အတည်ပြုသည်။
မယ်စဲ့မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဇွန် ၁၃ ရက်မှစ၍ တော်လှန်ရေးပူးပေါင်းအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဇွန် ၂၃ ရက်အထိ စစ်ကောင်စီဘက်မှ ထွက်ပြေး၊ လက်နက်ချသူ ၁၀၀ ဝန်းကျင်ရှိသည်ဟု ၎င်းက ဆိုသည်။
လက်နက်ချသည်ဆိုသော တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ တာဝန်ထမ်းဆောင်သည့် တပ်ရင်းသည် ဘောလခဲမြို့နယ်တွင် အခြေစိုက်သည်။ ထိုတပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့မှာ မယ်စဲ့မြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ BP 13 စခန်းကုန်း (နယ်ခြားမှတ်တိုင် အမှတ် ၁၃) ၌ တပ်စွဲသည်။
တပ်ဖွဲ့ဝင် ၂၁ ဦးရှိသည့် ထိုစခန်းကုန်းကို ဇွန်လ ၂၃ ရက်နေ့က ကရင်နီတပ်ပေါင်းစုက ဝင်ရောက်စီးနင်း သိမ်းပိုက်သည်။
တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ လက်နက်ချသည့် အချိန်မှာ ထိုစခန်းကုန်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်အတွင်း ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။
ဦးနိုင်ထူးအောင်ကလည်း စစ်ကောင်စီဘက်မှ လက်နက်ချသူအများစုမှာ မယ်စဲ့မြို့နယ် နန်းမန်းကျေးရွာအနီးတစ်ဝိုက် တပ်စခန်းများမှ ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီစခန်းများကို သိမ်းယူရာတွင် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တာဝန်ရှိသူတစ်ဦးကမူ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ ထွက်ပြေး၊ လက်နက်ချ စာရင်းအတိအကျ သိနိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ပြောသည်။
“တချို့က လက်နက်ချပေမဲ့ တချို့က ထွက်ပြေးတာပါ။ ထိုင်းဘက် တချို့ရောက်တယ်” ဟု ၎င်းက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကလည်း ဇွန် ၂၃ ရက် BP 13 စခန်းကုန်းနှင့် လက်နက်ကြီးစခန်းကုန်း သိမ်းပိုက်သည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၂၁ ဦး လက်နက်ချသည်ကိုသာ အတည်ပြုထားနိုင်ကြောင်း ပြောသည်။
တောင်ကုန်း၊ တောင်တန်း ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးသည့် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း ၆ ခုကို သိမ်းပိုက်ရာတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ KNPLF, ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတပ်ဖွဲ့များ ပါဝင်သည်။
ထို့အတူ ကရင်နီလူမျိုးများဖြင့် ဖွဲ့စည်းထားသော စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၀၀၄ နှင့် ၁၀၀၅ နယ်ခြားစောင့်တပ်ရင်းနှစ်ခုကလည်း တော်လှန်ရေးအင်အားစုများဘက်သို့ ကူးပြောင်းလိုက်ပြီး ပူးပေါင်းတိုက်ခိုက်သည်။
မယ်စဲ့မြို့နှင့် မြို့နယ်အတွင်း နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ပြီဟု တော်လှန်ရေးအင်အားစုများက ဆိုသော်လည်း အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မြို့နယ်အတွင်း အရေးပါသော စစ်ကောင်စီ အခြေစိုက်နေရာများဖြစ်သည့် မယ်စဲ့မြို့မရဲစခန်း၊ BP 14 (မြန်မာ-ထိုင်း နယ်ခြားမှတ်တိုင် အမှတ် ၁၄ )၊ တောင်လှစခန်း၊ မယ်တနွယ်စခန်းတို့ကို ဇွန် ၁၃ ရက်၊ မယ်စဲ့ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်၊ BP 13 (နယ်ခြားမှတ်တိုင် အမှတ် ၁၃) ကို ဇွန် ၂၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များစွာ ရရှိသည်ကိုမူ တော်လှန်ရေးအင်အားစုများဘက်က အတည်ပြုထားသည်။
“သိမ်းပိုက်ရရှိပြီးတဲ့ နယ်မြေတွေကိုတော့ ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ ခြေကုပ်ယူ တပ်စွဲမှာကတော့ လုံခြုံရေးအနေအထားအရ ပြည်သူကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ အခြေအနေပေါ် မူတည်ပြီး တပ်စွဲမှာဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောသည်။

မယ်စဲ့မြို့နယ်အတွင်း အထိနာသွားသည့် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၊ စစ်ကူဖြည့်တင်းမှုများ ဆက်တိုက်လုပ်နေကြောင်း၊ မြို့နယ်အတွင်းရှိ ၁၂၀ မမ လက်နက်ကြီးများကို တော်လှန်ရေးအင်အားစုများက စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းယူနိုင်ခဲ့ပြီးဖြစ်၍ စစ်ကောင်စီဘက်က ပစ်ခတ်နိုင်မှု နည်းပါးနေကြောင်း အထက်ပါ KNPLF တာဝန်ရှိသူထံမှ သိရသည်။
“လေကြောင်းက နေ့ရော ညရော လာ(ပစ်)တယ်”
တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းလိုက်သည့် မယ်စဲ့မြို့နယ် ပန်တိန်းမြို့အခြေစိုက် အမှတ် ၁၀၀၄ နယ်ခြားစောင့်တပ်စခန်းကို စစ်ကောင်စီက ဗုံးကြဲပြီးနောက် ရဟတ်ယာဉ်ဖြင့် လူအင်အား ချထားသည်ဟု သတင်းရရှိထားကြောင်း၊ အသေးစိတ်မသိရသေးကြောင်း ထိုသူက ပြောသည်။
ကရင်နီတပ်ပေါင်းစုက စီးနင်းနိုင်ခဲ့သော မယ်စဲ့မြို့နယ်အတွင်းရှိ စခန်းအားလုံးမှာ အာဏာသိမ်းစစ်တပ် နှစ်ရှည်လများ တပ်စွဲခဲ့သော နေရာများဖြစ်သည်။
သံလွင်မြစ် အရှေ့ဘက်ကမ်းတွင် ရှိသော မယ်စဲ့မြို့၏ အရှေ့နှင့် တောင်ဘက်တို့တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် ဘောလခဲမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်နှင့် KNU/KNLA တပ်မဟာ (၅) ၏ ထိန်းချုပ်နယ်မြေတို့ ရှိသည်။
မယ်စဲ့တွင် အထိနာနေသော စစ်ကောင်စီတပ်ဆီသို့ ဖားဆောင်းမြို့နယ်ဘက်မှ စစ်ကူလာသော်လည်း သံလွင်တံတား (ဖားဆောင်း) တွင် ကရင်နီတပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားသဖြင့် ဖားဆောင်းတွင်လည်း ဇွန် ၂၀ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်နေသည်။
ဇွန်လ ၂၀ တွင် ဖားဆောင်းမြို့နယ် ကျောက်ပိန်းညိုကျေးရွာတွင် စစ်ကြောင်းထိုးကာ ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားသည်။ ဇွန် ၂၁ တွင်လည်း သံလွင်တံတား (ဖားဆောင်း) အနီး စစ်ကြောင်းထပ်ထိုးလာသဖြင့် တိုက်ပွဲဖြစ်ခဲ့သည်။
ဇွန်လလယ်မှစ၍ ယနေ့ (ဇွန် ၂၆) အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း လက်နက်ကိုင်နှင့် အရပ်သား ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
မယ်စဲ့မြို့သိမ်းတိုက်ပွဲများကြောင့် မြို့ခံများနှင့် ထိုမြို့နယ်တွင် ခိုလှုံနေသော စစ်ဘေးရှောင်စခန်း ၆ ခုမှ လူဦးရေ ၅၅၇၉ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ၃၂၅၇ ဦးကို ထိုင်းအစိုးရက လက်ခံထားပြီး ကျန် ၂၃၂၂ ဦးမှာ မြန်မာဘက်နယ်စပ်ရှိ တောထဲတွင် ခိုလှုံနေရကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
NUG ကာကွယ်ရေးဒုဝန်ကြီး ဦးနိုင်ထူးအောင်၏ အဆိုအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း အာဏာဖီဆန်၍ တပ်ကို စွန့်ခွာသူ (CDM)၊ တော်လှန်ရေးအင်အားစုများထံ လက်နက်ချသူ စစ်တပ်နှင့် ရဲ စုစုပေါင်းအင်အား ၁၅၀၀၀ ခန့် ရှိကြောင်း သိရသည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်သည်ထက် မြင့်လာနေသည်။ စစ်မျက်နှာများသဖြင့် မြေပြင်စစ်ရေးလှုပ်ရှားမှု အကန့်အသတ်ဖြစ်နေသည့် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသေးသည့် လေကြောင်းကိုသာ အားပြုတိုက်ခိုက်နေရာ အရပ်သား ထိခိုက်သေဆုံးမှုများ မြင့်တက်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)