စစ်ကောင်စီတပ်က ဇွန်လတွင် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့ကို ပြန်လည်စိုးမိုးရန် ကြိုးစားနေစဉ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း-မယ်စဲ့ လမ်းမကြီးမှတစ်ဆင့် မယ်စဲ့မြို့သို့ လက်နက်ခဲယမ်းများ ပို့ဆောင်မည့် စစ်ယာဉ်တန်းသွားလာရန် ကြိုတင်နယ်မြေရှင်းလင်းသည့်အနေဖြင့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
ဖရူဆိုမြို့နယ် ထားလဲကျေးရွာနှင့် ပရယ်သော်ကျေးရွာတို့တွင် အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်နေသည်မှာ လဝက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေသုံးပြီး ပြန်လည်တိုက်ခိုက်တာရှိတယ်။ လောလောဆယ်တော့ စစ်ကောင်စီယာဉ်တန်းတွေက ဆက်သွားဖို့ အသည်းအသန် ကြိုးစားနေတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုယာဉ်တန်းသည် ဩဂုတ်လအတွင်းက ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် တစ်လကြာ တိုက်ခိုက်ခံရသော်လည်း ဩဂုတ်လကုန်ပိုင်းတွင် ယာဉ်အစီး ၄၀ ခန့် ထိုလမ်းပိုင်းကို ဖြတ်သန်းကာ ဖရူဆိုသို့ ရောက်ရှိခဲ့သည်။
လက်ရှိတွင် ဖရူဆိုမှတစ်ဆင့် မယ်စဲ့မြို့ကို ဦးတည်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
“အဲဒီစစ်ယာဉ်တန်းတွေကတော့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ လူအင်အားတွေ မယ်စဲ့ကို စစ်ကူသွားဖို့အတွက် ထွက်လာတဲ့ယာဉ်တန်းတွေဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
မြေပြင်တွင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း တိုက်ပွဲသည် အနီရောင်အဆင့်ရှိပြီး စစ်ယာဉ်တန်းများ ရောက်မလာသေးကြောင်း ပြောသည်။ စစ်တပ်နေရာယူထားသည့် ထိုရွာနှစ်ရွာအနီး တိုက်ပွဲ နေ့စဉ်ဖြစ်လျက်ရှိကြောင်း အခြားမြေပြင်ရဲဘော်တစ်ဦးကလည်း ပြောသည်။
လူဦးရေ ၆,၀၀၀ ကျော် နေထိုင်သည့် နိုင်ငံအရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့တွင် စစ်ကောင်စီတပ်များကို တိုက်ထုတ်ခဲ့ပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
စစ်ကောင်စီဘက်က မယ်စဲ့မြို့ကို လက်လွှတ်ထားရသော်လည်း ဖရူဆို-ဘောလခဲ-ဖားဆောင်း-မယ်စဲ့လမ်းပေါ်ရှိ ပန်တိန်းကျေးရွာတွင် တပ်စွဲထားသည်။ မယ်စဲ့မြို့မရောက်မီ ၁၀ မိုင်ခန့်အလိုတွင်ရှိသည့် ရွာဖြစ်သည်။
ဇွန်လလယ်ပိုင်းက ပန်တိန်းကျေးရွာရှိ အမှတ် ၁၀၀၅ နယ်ခြားစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင်များ စစ်ကောင်စီကို ပုန်ကန်ကာ စခန်းစွန့်ခွာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် စစ်ကောင်စီက လေကြောင်းပစ်ကူနှင့် ရဟတ်ယာဉ်ဖြင့် စစ်သည်များ ပို့ဆောင်ကာ ထိုစခန်းကို ပြန်လည်နေရာယူထားခြင်းဖြစ်သည်။
ပုန်ကန်လာသော တပ်ဖွဲ့ဝင်များသည် ကရင်နီပြည်နယ်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ပြန်လည် ပူးပေါင်းနေပြီဖြစ်သည်။
လက်ရှိတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုများ နှစ်ဖက်ထိခိုက်သေဆုံးကြောင်း ကြားသိရသော်လည်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဩဂုတ်လတွင်မူ ဒေသတွင်း တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
ကယား (ကရင်နီ) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ဘေးတိမ်းရှောင်သူ ၂၃၀၀၀၀ ကျော်ရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ၏ စက်တင်ဘာ ၂၄ စာရင်းများအရ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။