
ဇွန်လမှစ၍ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်(ကယား)၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ဝေဟင်၊ မြေပြင် အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် သံလွင်မြစ်အရှေ့ဘက်ကမ်း ရွာနှစ်ရွာမှ တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာပေးလိုက်ရသည်။
စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး အများအပြားသုံးစွဲ၊ မြေပြင်စစ်သည်အင်အား ၄၀၀ ဝန်းကျင်ဖြင့် ဇူလိုင် ၁၉ မှစ၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် လေးရက်အကြာ (ဇူလိုင် ၂၂) တွင် မယ်စဲ့မြို့၊ အနောက်ဘက် မိုင် ၃၀ နီးပါးအကွာရှိ ဖားဆောင်းမြို့နယ်၊ သံလွင်တံတားအနီးမှ ကျောက်ပဲညိုနှင့် ဝမ်အောင်း (ရှမ်း) ရွာတို့ကို တော်လှန်ရေးသမားများ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
သံလွင်တံတား (ဖား ဆောင်း) အနီး မြစ်အရှေ့ဘက်ကမ်းတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီ မြေပြင်တပ်ဖွဲ့က အင်အား ၁၀၀ ခန့် ပါသော စစ်ကြောင်းလေးကြောင်းခွဲ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဖားဆောင်းမြို့နယ်အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။
“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုက ခေတ္တဆုတ်ပေးလိုက်ရတဲ့ အနေအထားရှိတယ်”။
ထိုဒေသကို ပြန်လည်ထိန်းချုပ်ရန် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုမူ ဖားဆောင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံထံမှ ရှင်းလင်းစွာမသိရပေ။
စစ်ကောင်စီ မြေပြင်စစ်ကြောင်းများက RPG (ပခုံးထမ်းလောင်ချာ)၊ ၁၂၀ မမ၊ ၈၀ မမ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ သုံးစွဲခဲ့သည်ဟု ၎င်းထံမှ သိရသည်။
ကျောက်ပဲညိုနှင့် ဝမ်အောင်း (ရှမ်း) ရွာအနီး တိုက်ပွဲများအတွင်း ဖားဆောင်း၊ ဘောလခဲအခြေစိုက် PDF တပ်များ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၂၀) တပ်ရင်းတို့ စစ်ကောင်စီကို ပူးပေါင်းခုခံခဲ့ကြသည်။
ကျောက်ပဲညိုရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့သို့ ကားဖြင့် နာရီပိုင်းသာ ခရီးရှိသည်။ မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီ အခြေစိုက်စခန်းဖြစ်သည့် ပန်တိန်းရွာအနီးမှ အမှတ် (၁၀၀၅) နယ်ခြားစောင့်တပ်တည်နေရာသည်လည်း ကျောက်ပဲညိုရွာနှင့် မိုင် ၂၀ ဝန်းကျင်သာ ဝေးသည်။

“သူတို့ရည်ရွယ်ချက်က နယ်မြေစိုးမိုးမှုကို ပြန်လိုချင်တယ်။ ပြီးတော့ သူတို့ စွန့်လွှတ်ခဲ့ရတဲ့စခန်းတွေကိုလည်း ပြန်ထိန်းချင်တဲ့သဘောပေါ့” ဟု ဖားဆောင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုင်း-ကရင်နီနယ်စပ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၆ ခုကို ဇွန်လ ၁၃ မှစ၍ တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သိမ်းပိုက်ထားသည်။ စတုရန်းမိုင် ၁,၀၀၀၊ မြို့ ၁ မြို့၊ ရပ်ကွက် ၂ ခု၊ ကျေးရွာ ၁၄ ရွာသာ ရှိပြီး လူဦးရေ ၆,၀၀၀ ကျော်သာရှိသည့် မယ်စဲ့မြို့နယ်ဧရိယာအားလုံးနီးပါးကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ကနဦးတွင် တော်လှန်ရေးအဖွဲ့များ သိမ်းယူထားသည့် စခန်း ၆ ခုအနက် စခန်းကို စွန့်ခွာကာ ၎င်းတို့ကို ပုန်ကန်ပြီး ပြန်လည်တိုက်ခိုက်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ပန်တိန်း အမှတ် (၁၀၀၅) နယ်ခြားစောင့်တပ်စခန်းကုန်းကို ဇွန် ၁၇ ရက်တွင် လက်လွှတ်ရပြီး ရက်ပိုင်းအကြာတွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၊ ရဟတ်ယာဉ်ဖြင့် စစ်သည်များ ပို့ဆောင်ကာ ပြန်လည် တပ်စွဲထားပြီးဖြစ်သည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများ ဆုတ်ခွာပေးခဲ့ရသည့် ကျောက်ပဲညိုနှင့် ဝမ်အောင်း (ရှမ်း) ရွာတို့ကို စစ်ကောင်စီက ဇူလိုင် ၂၂ ရက်တွင် ဝင်ရောက်လာကြောင်း၊ အိမ်ခြေ ၂၀ ခန့်ရှိသည့် ကျောက်ပဲညိုရွာမှ နေအိမ်အားလုံးနှင့် ဝမ်အောင်း (ရှမ်း) ရွာရှိ နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖားဆောင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဝမ်အောင်း(ရှမ်း)ရွာ တိုက်ပွဲအတွင်း ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီး၍ စစ်ကောင်စီက ခေါ်ဆောင်လာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
“ထိတွေ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ လူတစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတာ လမ်းပြခိုင်းတာ တွေ့တယ်။ အဲဒီရွာသားကတော့ သိရသလောက် သူလည်း တိုက်ပွဲမှာ ထိသွားတယ် ကြားတယ်”။
တိုက်ပွဲများအတွင်း နှစ်ဖက်တပ်ဖွဲ့နှင့် အရပ်သားထိခိုက်၊ သေဆုံးမှု၊ တော်လှန်ရေးအင်အားစုများဘက်မှ စွပ်စွဲမှု စသည့် အခြေအနေအသေးစိတ်တို့ကိုမူ အတည်ပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
သံလွင်မြစ်အရှေ့ဘက်ကမ်းတွင် ရှိပြီး တောင်ကုန်း၊ တောင်တန်း ပေါများသည် မယ်စဲ့မြို့၏ အရှေ့နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် ဘောလခဲမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်တို့ ရှိသည်။
လက်ရှိတွင် ကယားပြည်နယ်၌ လွိုင်ကော်မြို့ပေါ်မှလွဲ၍ ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ စသည့် မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စွဲထားခြင်းမရှိသည့် နေရာများတွင် တော်လှန်ရေးအင်အားစုများဘက်က နယ်မြေစိုးမိုးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)