သတင်း

ထိုင်း-ကရင်နီနယ်စပ် ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ဆယ်နှစ်သား ပါဝင်

မြန်မာ-ထိုင်း နယ်စပ် ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီလေတပ် ဗုံးကြဲမှုကြောင့် ၁၀ နှစ်အရွယ် ရွာသားတစ်ဦး၊ စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦးတို့ သေဆုံးကာ ဒေသခံတချို့ ဒဏ်ရာရသွားသည်။

ယမန်နေ့ (ဇူလိုင် ၁၁) ည ၁၁ နာရီ မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာ ဗုံးကြဲမှုတွင် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးကြောင်း၊ ဒေသခံ နှစ်ဦး ဒဏ်ရာအနည်းငယ်ရသည်ဟုသာ သိရပြီး အသေးစိတ်အချက်အလက် မသိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကယားစစ်ဒေသ၊ ဘောလခဲခရိုင် ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက ပြည်သူလူထု ထိခိုက်မှာကို သိသိနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်လုံးနှင့် လူနေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်မှု နောက်တစ်ခုမှာလည်း နာရီပိုင်းအတွင်း ပေါ်ပေါက်ခဲ့သည်။

ရှားတောမြို့နယ် ဒေါနိုကူးစစ်ဘေးရှောင်စခန်း ယနေ့နံနက် ၂ နာရီခန့်တွင် ဗုံးကြဲခံရစဉ် အသက် ၃၀ ကျော်အရွယ် စခန်းလုံခြုံရေးမှူး အမျိုးသား သေဆုံးကာ ၂ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း စစ်ရှောင်ဒုက္ခသည်များကို ကူညီပေးနေသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group) က ထုတ်ပြန်ထားသော မှတ်တမ်းဓာတ်ပုံများအရ ဒေါနိုကူးစစ်ရှောင်စခန်းအဆောက်အအုံ တစ်စစီဖြစ်နေကြောင်း တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသော ဒေသတွင်းတိုက်ပွဲများကြောင့် အဆိုပါစခန်းတွင် ရှားတောမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ ဒေသခံတစ်သောင်းခန့် ခိုလှုံနေထိုင်ခြင်းဖြစ်ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုစခန်းမှ စစ်ရှောင်များ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“မယ်စဲ့ကို မနိုင်တော့ တွေ့ကရာစခန်းတွေကို လိုက်ကြဲတယ်။ အထူးသဖြင့် စာသင်ကျောင်း၊ ဆေးခန်းတွေကို ကြဲသွားတာက သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေပဲ” ဟု အထက်ပါ လူငယ်က မှတ်ချက်ပြုသည်။

ထိုမြို့နယ်ရှိ စစ်ကောင်စီစခန်း ၆ ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များက ဇွန် ၁၃ မှ ၂၄ ရက်အတွင်း သိမ်းယူခဲ့ပြီး လက်ရှိတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည့်ဖြစ်ရပ်ကို ထိုလူငယ်က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

သံလွင်မြစ်အရှေ့ဘက်ကမ်းတွင် ရှိသော မယ်စဲ့မြို့၏ အရှေ့နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် ဘောလခဲမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၅) ၏ ထိန်းချုပ်နယ်မြေတို့ ရှိသည်။

လေကြောင်းရန်ကြောင့် ကိုယ်ထူကိုယ်ထ ဗုံးခိုကျင်း တူးနေသော ကရင်နီစစ်ရှောင်တစ်ဦးကို ၂၀၂၂ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now)

ကရင်နီတပ်ပေါင်းစုက ထိုစခန်း ၆ ခုကို တိုက်ခိုက်သိမ်းယူခဲ့ပြီး မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာနှင့် ဘောလခဲမြို့နယ် ရွာသစ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်းနှစ်ခုလည်း မိခင်အဖွဲ့အစည်းဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) နှင့် ပြန်ပေါင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ပန်တိန်းကျေးရွာနှင့် ရွာသစ်မြို့ရှိ စခန်းနေရာတို့ကို ပြန်လည်ရယူထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်မှုမှာ လက်ခံနိုင်စရာမရှိဟု ဘောလခဲခရိုင် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စကစရဲ့လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချပါတယ်။ နိုင်ငံတကာအနေနဲ့လည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် ဒီအတိုင်း ကြည့်မနေကြဘဲ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်စေချင်ပါတယ်” ဟု သူက တိုက်တွန်းသည်။

ကရင်နီဒေသတိုက်ပွဲများကြောင့် မယ်စဲ့မြို့နယ်ရှိ ဒေသခံနှင့် စစ်ဘေးရှောင်များအပြင် ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံ တစ်သောင်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုများအနက် ယခုနှစ် ဧပြီလဆန်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကလေးများအပါအဝင် လူ ၁၀၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် လူဦးရေ ၃ သိန်းကျော်သာ ရှိသော ကရင်နီဒေသကို ယခုနှစ်ဆန်းမှစတင်၍ လေကြောင်းပစ်ခတ်မှု ခပ်စိပ်စိပ်လုပ်လာပြီး ဆေးရုံ၊ ကျောင်းများကိုပါ ဗုံးကြဲနေရာ FAB အမျိုးအစား ဖျက်အားပြင်းဗုံးများပါ ကြဲချခဲ့သည်။

ဒေသတွင်းသတင်းများ ဖော်ပြနေသည့် Karenni’s Voice သတင်းဌာနက ဧပြီတစ်လလုံးတွင် ကယားပြည်နယ် အပါအဝင် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၄၆ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ကရင်နီဒေသစစ်ရှောင်များသည် လေတပ်ဗုံးကြဲမှုကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင် အန်တုနေကြရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button