သတင်း

တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါ ၅ဦး၏ အဂတိအမှုတွင် သက်သေများ စစစ်ဆေးတော့မည်

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို စစ်ဆေးရာတွင် အဂတိလိုက်စားခဲ့သည်ဟု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း အပါအဝင် ဥပဒေနှင့် တရားရေးအရာရှိငါးဦးအမှုမှာ တစ်နှစ်နှင့် ရှစ်လကျော်ကြာပြီးနောက် ဇွန် ၁၂ တွင် သက်သေများကို စတင်စစ်ဆေးတော့မည်ဟု ရန်ကုန်တိုင်းတရားလွှတ်တော်က ယနေ့ ဆုံးဖြတ်လိုက်သည်။

တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးနှင့် တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးအောင်ကြည်၊ ဥပဒေအရာရှိ ဦးကိုကိုလေးနှင့် ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်တို့သည် အောင်ရဲထွေးအမှုတွင် လူသတ်တရားခံဟု စွပ်စွဲခံရသူများ၏ မိဘများထံမှ လာဘ်ယူပြီး အမှုပိတ်ပေးခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ စက်တင်ဘာနှောင်းပိုင်းတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ အဂတိအမှုအတွက် တရားလိုမှာ ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးမှူးဖြစ်သည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်ဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်က ၎င်းတစ်ဦးတည်းကို တစ်နှစ်နှင့် ရှစ်လကျော် စစ်မေးခဲ့ကာ လာမည့် သောကြာနေ့တွင် ပထမဦးဆုံး တရားလိုပြသက်သေကို စတင် စစ်ဆေးမည်ဖြစ်သည်။

စွပ်စွဲခံရသူ အရာရှိဟောင်း ငါးဦးကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် မေးမြန်းရသည့်အခါ ငါးဦးလုံးက ချေပရခြင်း၊ သက်သေခံတင်သွင်းမှု တစ်ခုအတွက် တရားလိုဘက်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခြင်း၊ ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးကာလအဖြစ် တရားရုံးများစစ်ဆေးမှုကို နှစ်လခန့် ရပ်နားခဲ့ခြင်းတို့ကြောင့် တရားလိုတစ်ဦးတည်းကို တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ရသည်ဟု ဦးဟန်ထူး၏ရှေ့နေ ဦးမင်းစိန်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းတရားလွှတ်တော်၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံ Myanmar Now က မေးမြန်းခဲ့သော်လည်း ပြောရေးဆိုခွင့်ရှိသူမှာ မအားလပ်၍ မဖြေကြားနိုင်ကြောင်း ပြောသည်။

အသက် ၂၅ နှစ်ရှိ အောင်ရဲထွေးသည် ၂၀၁၇၊ ဒီဇင်ဘာ ၃၁ ညပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်၌ ရန်ဖြစ်ကာ ၎င်းကို လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ဇန်နဝါရီ ၂ တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အောင်ရဲထွေးသေဆုံးမှုတွင် လူသတ်တရားခံဟု စွပ်စွဲခံရသူ သုံးဦးကို အမှုရုပ်သိမ်း၍ တရားရှင် လွှတ်ပေးလိုက်ခြင်းအပေါ် ပြည်သူလူထုအတွင်း ဟိုးလေတစ်ကျော် ဖြစ်ပြီးနောက် နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ဝေဖန်ခဲ့သည်။

၎င်းအမှုကို ကျော်စောမှုအဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းဖော်ထုတ်ပြီးနောက် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေနှင့် တရားရေးအရာရှိ ငါးဦးအပြင် သုဝဏ္ဏနယ်မြေ စခန်းမှူးဟောင်း ဦးချစ်ကိုကိုတို့ကို ထောင်ဒဏ် ၁၀နှစ်မှ ၁၅ နှစ်ထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် ၅၆ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ Blue Label အရက်တစ်ပုလင်းနှင့် အင်္ကျီတစ်ထည်၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀၊ အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည်၊ ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ နှင့် ရန်ကုန်တိုင်း ရွှေပေါက်ကံနယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏစခန်းမှူး) ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀ အသီးသီး လာဘ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ ခုနစ် စက်တင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အောင်ရဲထွေးသေဆုံးမှုတွင် စွပ်စွဲခံရသူသုံးဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ပြန်လည်စစ်ဆေးရာတွင် မူလစွဲချက်တင်ထားသည့် လူသတ်မှုပုဒ်မမှ အပြင်းအထန် နာကျင်စေမှုပုဒ်မသို့ ပြောင်းလဲကာ စွပ်စွဲခံရသူ သုံးဦးကို ကျပ် သိန်း ၁၀၀ စီဖြင့် အာမခံပေးပြီး ယနေ့တိုင် စစ်ဆေးနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button