လွန်ခဲ့သည့်နှစ်နှစ် နှစ်သစ်ကူးညက ဟာသသရုပ်ဆောင်တစ်ဦး သေဆုံးခဲ့သည့်အမှုတွင် စွပ်စွဲခံရသူသုံးဦးဘက်က ပြန်လည်စစ်ဆေးစေချင်သည့် တရားလိုပြ သက်သေအားလုံးကို စစ်ပြီးမှသာ အမှုစစ်မည့်ကြာချိန်ကာလကို သတ်မှတ်နိုင်မည်ဟု ဆိုင်ရာတရားရုံးပြန်ကြားရေးအရာရှိက ဇန်နဝါရီလ ၂၁ ရက်တွင် ပြောသည်။
၂၀၁၈ ခုနှစ် နှစ်ကူးညက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် The One Entertainment ၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ခုအတွင်း ကိုအောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းကိုထိုးကြိတ်ရန်ပြုခဲ့သည်ဟု စွပ်စွဲခံရသူ လူငယ်သုံးဦးကို လူသတ်မှုပုဒ်မမှ အပြင်းအထန် နာကျင်စေမှု ပုဒ်မသို့ ပြောင်းလဲပြီးနောက်တွင် ၎င်းတို့က ပြန်လည်ခေါ်ယူစေချင်သည့် တရားလိုပြသက်သေ ၁၀ ဦးအထိ ရှိသည်။
စစ်ဆေးပြီးသမျှ တရားလိုပြသက်သေ ၂၂ ဦးအနက်မှ ပြန်ခေါ်စစ်မည့်သက်သေ ၁၀ ဦးရှိရာ နှစ်ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း၊ အားလုံးကိုစစ်ဆေးပြီးမှ ရက်ပေါင်းမည်မျှအတွင်း အပြီးသတ်စစ်ရမည်ဆိုသည့် ကာလကို သတ်မှတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးကျော်စိုးမိုးက ယနေ့ ရုံးချိန်းအပြီးတွင် ပြောသည်။
ပြန်ခေါ် သက်သေ ၁၀ ဦးကို ရုံးချိန်း တစ်ချိန်းလျှင် သုံးဦးစီနှုန်းဖြင့် စစ်ဆေးရန် ခရိုင်တရားရုံးက လျာထားခဲ့သော်လည်း အမှန်တကယ် ရုံးချိန်းတွင် သက်သေများ မလာနိုင်သဖြင့် တစ်ချိန်းလျှင် တစ်ဦးသာ စစ်ဆေးနိုင်သည်။ ပြီးခဲ့သည့် တစ်ပတ်က ရုံးချိန်းတွင်လည်း အာမခံရရှိထားသည့် သံသယ တရားခံသုံးဦး တရားရုံးသို့ လာရောက်ခြင်း မရှိ၍ အမှုကို မစစ်ဆေးခဲ့ရချေ။
အခင်းဖြစ်သည့်ညက စွပ်စွဲခံရသူသုံးဦးက အောင်ရဲထွေးကို အရက်ပုလင်းဖြင့် ရိုက်ခဲ့သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်၍ အဆိုပါ အရက်ပုလင်းကို သိမ်းဆည်းခဲ့သည့် The One Entertainment မှ သန့်ရှင်းရေးနှင့် ပစ္စည်းအဝင်အထွက် ကြီးကြပ်သူ ဦးနိုင်နိုင်ဦးကို ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။
အရက်ပုလင်းကို နှစ်သစ်ကူးနေ့တွင် သိမ်းဆည်းရရှိသော်လည်း ၅ ရက်ကြာပြီးမှ ရဲလက်သို့ အပ်နှံခဲ့သည့်အကြောင်း၊ ထို့ပြင် အခင်းဖြစ်ပွားရာ The One Entertainment Park တွင် မည်သည့် အရက်ပုလင်းကို မည်သူ့ကို ရောင်းကြောင်း မှတ်တမ်းမှတ်ရာ ပြုလုပ်ထားခြင်း မရှိသည်မှာ မှန်ကန်ကြောင်း ဦးနိုင်နိုင်ဦးက ထွက်ဆိုခဲ့သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ညက ရန်ကုန်၊ သုဝဏ္ဏရှိ The One Entertainment Park တွင် အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟု စွပ်စွဲခံခဲ့ရသည့် ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ကို ရဲက ဖမ်းဆီးခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်သည်။
လူမှုကွန်ရက်တွင် ဟာသဗီဒီယိုဖိုင်များဖြင့် လူသိများသည့် ဟာသသရုပ်ဆောင် အသက် ၂၅ နှစ်ရှိ အောင်ရဲထွေး သေဆုံးပြီးနောက် ၎င်းတို့သုံးဦးကို ရက်ပိုင်းအတွင်း ရဲကဖမ်းကာ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးက စစ်ဆေးနေစဉ် ၂၀၁၈ ဇူလိုင်လအတွင်း တရားရုံးက အမှုကိုရုပ်သိမ်းခွင့်ပြုကာ စွပ်စွဲခံရသူများကို တရားရှင်လွှတ်ပေးခဲ့သည်။
လူသတ်မှုကို စွဲချက်တင်သည့် အဆင့် မရောက်မီ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ဥပဒေ ကျွမ်းကျင်သူများနှင့် သမ္မတ ဦးဝင်းမြင့်တို့က လူသိရှင်ကြားဝေဖန်ခဲ့သည့်နောက် အဆိုပါအမှုရုပ်သိမ်းခြင်း နှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းသတ်မှတ်ကာ အမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးခဲ့သည်။
အမှုပိတ်သိမ်းခြင်း၏နောက်တွင် စွပ်စွဲခံရသူသုံးဦး၏ မိဘများက လာဘ်ပေးကာ ကျေအေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပြီးနောက် အောင်ရဲထွေးသေဆုံးမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်မှစ၍ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်း ခရိုင်တရားသူကြီး ဦးအောင်ကြည်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့် သုဝဏ္ဏနယ်မြေစခန်းမှူးဟောင်း ဦးချစ်ကိုကိုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နှင့် ၅၆ တို့ဖြင့် အသီးသီးတရားစွဲခဲ့သည်။
အောင်ရဲထွေးအမှုကို ပြန်လည် စစ်ဆေးသည့်အခါ ကျော်ဇောဟန်၊ သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့သုံးဦးကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်ထားသည့် မူလရုံး (ခရိုင်ရုံး)၏ စွဲချက်ကို ကာယကံရှင်များက ပြင်ဆင်ချက်တင်သည့်အခါ ထောင်ဒဏ် ၇ နှစ်အထိ ချနိုင်သည့် အပြင်းအထန်နာကျင်စေမှုဖြင့် ရန်ကုန်တိုင်းတရားရုံးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်ပြောင်းလဲခဲ့သည်။
အဆိုပါသုံးဦးအနက် မည်သူ့ကြောင့် အောင်ရဲထွေးသေဆုံးရကြောင်း အတိအကျ မစွပ်စွဲနိုင်သဖြင့် စွဲချက်ပြောင်းလဲရခြင်းဖြစ်သည်ဟု တိုင်းတရားသူကြီးက သုံးသပ်ကြောင်း ရှေ့နေများကို ကိုးကားပြီး ဧရာဝတီသတင်းတစ်ပုဒ်က ရေးသားထားသည်။
အပြင်းအထန်နာကျင်စေမှုပုဒ်မမှာ အာမခံပေးနိုင်သဖြင့်ဆိုကာ ကျပ် သိန်း ၁၀၀ နှုန်းစီဖြင့် သုံးဦးလုံးကို အရှေ့ပိုင်းခရိုင်တရားရုံးက အာမခံပေးထားသည်။