သတင်း

အောင်ရဲထွေးအမှု ဖမ်းဆီးထားသူများကို အာမခံဖြင့် ယနေ့ပြန်လွှတ်

သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုတွင် ဖမ်းဆီးထားသူ ၃ ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ကျပ်သိန်း ၁၀၀ စီ အာမခံဖြင့် ယနေ့ပြန်လွှတ်ပေးလိုက်သည်။

အာမခံဖြင့် လွှတ်ပေးခြင်းသည် ရန်ကုန်တိုင်းတရားလွှတ်တော်၏ အမှုတွဲပါ အမိန့်အရဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးကျော်စိုးမိုးက တရားခွင်အပြီး မီဒီယာများကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

“အာမခံပေးရမယ့် ပုဒ်မတော့ အာမခံပေးရမှာပဲ။ အာမခံ မပေးဘဲ ချုပ်ထားလိုက်ရင်လည်း ကျွန်တော်တို့က ဥပဒေနဲ့ မညီဘူး ဖြစ်သွားပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုး အောင်(ခ) အောင်လေးနှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့၏ အမှုတွင် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ အဖြစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ပြောင်းလဲခဲ့ပြီးနောက် ယခုကဲ့သို့ အာမခံ ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို လူသတ်မှု၊ အားပေးကူညီမှုများဖြင့် မူလတရားရုံးက စွဲချက်တင်ထားခြင်းဖြစ်ပြီး စွပ်စွဲခံရသူများဘက်က ရန်ကုန်တိုင်းလွှတ်တော်တရားရုံးသို့ ပြင်ဆင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သန်းထွဋ်အောင်နှင့် ပြည်ဖြိုးအောင်တို့ကို လူသတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားပြီး ကျော်ဇောဟန်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၀၂ (၂)/၁၁၄ (ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု) ဖြင့် ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ယခုအမှုကို ဆက်လက်စစ်ဆေးရန် လိုပြသက်သေ ၁၁ ဦးကို ပြန်လည်ခေါ်ယူပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၇ ရက်မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ရုံးချိန်းတစ်ချိန်းလျှင် သက်သေ ၃ ဦးနှုန်းဖြင့် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရွှေလှိုင်တင်က ဆိုသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် The One Entertainment Park တွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးပွဲတွင် လူတစ်စု၏ ဝိုင်းဝန်းထိုးကြိတ် တိုက်ခိုက်ခံရပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် တွင် တိုက်ခိုက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သဖြင့် အောင်ရဲထွေး၏ အကိုဖြစ်သူ ကိုသန့်ဇင်ဦးက ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးတွင် တရားစွဲခဲ့ခြင်းဖြစ်သည်။

အရှေ့ပိုင်းခရိုင်တရားရုံးက ၆ လခန့်အကြာ စစ်ဆေးပြီးနောက် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄(က) အရ အမှုရုပ်သိမ်းကာ လွှတ်ပေးခဲ့သည်။

အဆိုပါအမှုရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းသတ်မှတ်ကာ အမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးခဲ့သည်။

လူသတ်မှုတရားခံအဖြစ် စွပ်စွဲခံရသူ၏ မိဘများက လာဘ်ပေးကာ ကျေအေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပြီးနောက် အောင်ရဲထွေးသေဆုံးမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ အောက်တိုဘာ ရက်မှ စ၍ နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးနေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button