အောင်ရဲထွေးအမှု ရုပ်သိမ်းဖို့ ၂ကြိမ်တိုင်တိုင် ကြိုးစားခဲ့

ဟာသသရုပ်ဆောင်အောင်ရဲထွေး (ဓာတ်ပုံ - အောင်ရဲထွေးFB)
ဟာသသရုပ်ဆောင်အောင်ရဲထွေး (ဓာတ်ပုံ - အောင်ရဲထွေးFB)

ရန်ကုန် - ဟာသသရုပ်ဆောင် ကိုအောင်ရဲထွေး သေဆုံးသည့်အမှုကို ရုတ်သိမ်းရန် ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိက နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ အရာရှိက အောက်တိုဘာ၅ရက်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် အမှုကြားနားစဉ်အတွင်း ပြောကြားခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်သည် ဖေဖော်ဝါရီလအတွင်းက ကိုအောင်ရဲထွေးကို ကန်ကြောက်ကာ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် သန်းထွဋ်အောင်(ခ) သားကြီး၏ အဖေ ဦးခင်မောင်လေးထံမှ အရှေ့ပိုင်းခရိုင်မှ ဒုတိယ တရားသူကြီး ဦးအောင်ကြည်အတွက် သိန်း ၃၀၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးအတွက် ငွေကျပ် သိန်း ၃၀ နှင့် ၎င်းအတွက် ငွေကျပ် သိန်း ၃၀ တို့ကို လက်ခံရယူကာ သက်ဆိုင်သူများကို ပေးအပ်ခဲ့သည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားလိုဖြစ်သည့် စုံစမ်းရေးမှူးဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်က တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

အမှုရုတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သဘောထားမှတ်ချက် တောင်းခံသည့်အခါ ရဲတပ်ဖွဲ့မှ ကန့်ကွက်ခဲ့သည့်အတွက် အမှုရုတ် သိမ်းမှုကို ရပ်ဆိုင်းထားခဲ့ပြီး တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ ဖြေကြားခြင်းနှင့် စွပ်စွဲခံရသူများ ပြစ်မှုကျူးလွန်ကြောင်းကို သက်သေများက ထွက်ဆိုနိုင်ခြင်းမရှိသည့် အခြေအနေကို ဒေါ်သစ်သစ်ခင်မှ ဖန်တီးခဲ့သည်ဟု သူက ထွက်ဆိုသည်။

လိုပြသက်သေ ၆ ဦးကို စစ်ဆေးပြီးသည့် ယခုနှစ် မေလပိုင်းတွင် အမှုရုတ်သိမ်းသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကာ စွပ်စွဲခံထားရသည့် သန်းထွဋ်အောင်(ခ) သားကြီး၏ အဖေ ဦးခင်မောင်လေးထံမှ အမှုရုတ်သိမ်းခွင့်ရရှိလျှင် ငွေကျပ် သိန်း၁၀၀ ဖြင့် သဘောတူညီခဲ့ကြောင်း၊ သတင်းမီဒီယာများမှ အဂတိလိုက်စားပြီး အမှုရုတ်သိမ်းပေးရန်ဆိုသည့် သတင်းများ ရေးသားခဲ့ကြသဖြင့် ငွေကျပ် သိန်း ၁၀၀ ကို လက်ခံခြင်းမပြုသေးပဲ စောင်းဆိုင်နေခဲ့သည်ဟု ထွက်ဆိုချက်များအရ သိရသည်။

ဒေါ်သစ်သစ်ခင်နှင့်အတူ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကိုအောင်ရဲထွေး သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးပြီး အဂတိလိုက်စားမှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ အမှုရုတ်သိမ်းခွင့်ပြုခဲ့သည့် အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့သည်။

တခြားသူတွေရော ဘယ်လို ငွေကြေးရယူခဲ့ကြသလဲ

ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးသည် ဖေဖော်ဝါရီလပိုင်းက ပထမအကြိမ် အမှုရုတ်သိမ်းရန်အတွက် ဒေါ်သစ်သစ်ခင်မှတဆင့် သန်းထွဋ်အောင်(ခ) သားကြီး၏ အဖေ ဦးခင်မောင်လေး ထံမှ ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့သည့်အပြင် ဇူလိုင်လတွင် ၎င်း၏ ရုံးခန်းတွင်ပင် ဦးခင်မောင်လေးနှင့် ဒေါ်သစ်သစ်ခင်တို့ အတူလာပေးသည့် Gold Label အရက်တစ်လုံးနှင့် ငွေကျပ် သိန်း ၁၀၀ ကို လက်ခံရယူခဲ့ကြောင်း တရားခွင်အတွင်း စစ်ဆေးချက်များအရ သိရသည်။

ဦးကိုကိုလေးသည် ယခုတရားစွဲခံရမှုကို ရှေ့နေမငှားပဲ မိမိကိုယ်တိုင် လျှောက်လွှဲမည်ဟု Myanmar Nowသို့ ပြောသည်။ တရားခွင်အတွင်းတွင်လည်း “အမှုမိတ္တူကို ကူးယူတဲ့အခါမှာ ပထမသတင်းပေးတိုက်ချက်နဲ့ စွဲချက်တို့ပဲ ရပါသေးတယ်။ ဒီအမှုတစ်ရပ်လုံးကို ရယူဖို့ လျှောက်ထားပါတယ်။ ဒီအမှုကို ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်မှာပါ” ဟု ယခုအဂတိလိုက်စားမှုဖြင့် စွပ်စွဲထားမှုကို ကိုင်တွယ်သည့် တိုင်းတရားလွှတ်တော်မှ တရားသူကြီး ဒေါ်စိုးစိုးအောင်ကို လျှောက်ထားခဲ့သည်။

ဦးကိုကိုလေးအနေဖြင့် သက်သေခံဥပဒေအရ သက်သေများကိုပင် ပြန်လှန်စစ်မေးခွင့်ရရှိမှာဖြစ်ကြောင်း၊ ယခုအမှုတွင် တရားလိုဘက်မှ သက်သေခံ ၃၉ ဦး တင်ပြထားကြောင်း တိုင်းတရားလွှတ်တော်၊ ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

ရန်ကုန်တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်သည် ဇွန်လိုင်ပိုင်းက ဒေါ်သစ်သစ်ခင်မှ ဦးခင်မောင်လေးကိုယ်စား ၎င်း၏ ရုံးခန်းသို့ လာပေးခဲ့သည့် ငွေကျပ် သိန်း ၂၀၊ ဇူလိုင်လအတွင်းက ငွေကျပ် သိန်း ၃၀ တို့အသီးသီးကို လက်ခံရယူခဲ့ကြောင်း တရားခွင် စစ်ဆေးချက်များအရ သိရသည်။

ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူးသည် ဇူလိုင်လ ၃ ရက်နေ့က ဦးခင်မောင်လေးနှင့် ဒေါ်သစ်သစ်ခင်တို့သည် ၎င်း၏ရုံးခန်းတွင်ပင် လာပေးသည့် Black Label အရက်တစ်လုံး နှင့် အကျီ ၤတစ်ထည်၊ ဇူလိုင် ၆ ရက်နေ့တွင် ၎င်း၏ ကိုယ်ရေးအရာရှိမှတဆင့် ဦးခင်မောင်လေးပေးသော ငွေကျပ်သိန်း ၁၅၀ တို့ကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ဖေဖော်ဝါရီလအတွင်းက ငွေကျပ် သိန်း ၃၀၊ ဇူလိုင်လအတွင်းက ငွေကျပ် သိန်း ၃၀၀ တို့ကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးချက်များတွင် ပါဝင်သည်။

စွပ်စွဲခံရသူများဘက်မှ အားလုံးသည် ပထမသတင်းပေးတိုင်ကြားချက်ကို သက်သေခံအဖြစ် တင်သွင်းရာတွင် သက်သေခံမဖြစ်ထိုက်ကြောင်း အသီးသီးကန့်ကွက်ခဲ့ကြပြီး တရားလိုဘက် မှ လိုက်ပါဆောင်ရွက်သည့် ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးအုန်းသန်းက သက်သေခံအဖြစ် သတ်မှတ်သင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

အဆိုပါ ပထမသတင်းပေးတိုင်ကြားချက်ကို သက်သေခံအဖြစ် ခံယူထိုက်၊ မခံယူထိုက်နှင့် ပက်သက်ပြီး လာမည့်ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေ အသီးသီးမှ အကျယ်တဝင့် လျှောက်ထားကြ မည်ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် အောင်ရဲထွေးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်း ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူး ပွဲတော် အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွန်းအောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။ ကိုအောင်ရဲထွေး သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဇူလိုင် ၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။

လူထုအကြားဝေဖန်ခဲ့သည့် အဆိုပါအမှုကို ပိတ်သိမ်းရန် တရားရေးနှင့်ရဲအရာရှိများက လာဘ်ယူငွေ ပမာဏစုစုပေါင်းမှာ ကျပ်သိန်း ၇၂၀ နှင့် ဆက်စပ်ပစ္စည်းများရယူခဲ့သည်ဟု အဂတိတိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲထားပြီးနောက်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအရာရှိများသည် အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်မှ ၁၅နှစ်အထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားရင်ဆိုင်နေရသည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading