
အာဏာသိမ်းပြီးနောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခဲ့သည့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ မြေပြင်ထိုးစစ်မှာ မေလအတွင်းမှစ၍ အရှိန်လျော့ကျသွားကာ ခံစစ်အသွင်ပြောင်းသွားသည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ပြောသည်။
၂၀၂၃ ဇန်နဝါရီလမှ ဧပြီလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားသည့် နယ်မြေအားလုံးတွင် တိုက်ပွဲပေါင်း ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့သော်လည်း မေလအတွင်းတွင်မူ တိုက်ပွဲ ၃၁ ကြိမ်သာ ရှိခဲ့သည်ကို KNU ၏ ထုတ်ပြန်ချက်များတွင်လည်း တွေ့ရသည်။
စစ်ကောင်စီတပ်သားများသည် အထိုင်ချတပ်စွဲထားသည့် စခန်းထဲတွင်သာ ရှိနေတော့သည်ဟု KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
“တစ်နိုင်ငံလုံးမှာ အရူးမီးဝိုင်းသလို ဖြစ်နေတော့ ခံစစ်ပြင်ဆင်မှု ပြုလုပ်ရင်း လေကြောင်းနဲ့ တစ်မျိုး၊ လက်နက်ကြီးနဲ့ တစ်ဖုံ ခြိမ်းခြောက် ပစ်ခတ်မှုတွေ လုပ်ပြီး အချိန်ရသလောက်ဆွဲပြီး ပြင်ဆင်နေတယ်” ဟု သူက ပြောသည်။
KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး ၊ ဘုရားသုံးဆူ စသည့် မြို့နယ်များ ပါဝင်သလို မွန်ပြည်နယ် ရေးမြို့နယ်လည်း ပါဝင်သည်။ ယင်းဒေသများသည် ၂ နှစ်တာ ကာလအတွင်း စစ်တပ်နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည့် နေရာများဖြစ်သည်။
ကရင်ပြည်နယ်အတွင်း တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းများ၊ တနင်္သာရီတိုင်းအခြေစိုက် စစ်မြေပြင်ကွပ်ကဲမှုဌာနချုပ် (စကခ ၁၃ ) လက်အောက်ခံ တပ်ရင်းများ ရှိနေသည်။
မြဝတီ သုံးထပ်ကွေ့ဒေသ တိုက်ပွဲများ၊ ဝေါလေဒေသတွင်း တိုက်ပွဲများ၊ ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးတွင် ဖြစ်ပွားသည့် တိုက်ပွဲများအပြင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသများတွင်ပါ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့သည်။
ဇန်နဝါရီလမှ ဧပြီအထိ ၃ လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၀၀ ကျော် ဒဏ်ရရသည်ဟု KNU က မေ ၁၁ တွင် ထုတ်ပြန်ထားသည်။
စစ်တပ်၏ ပြုန်းတီးအင်အားကို အချိန်မီ ပြန်လည် ဖြည့်တင်းနိုင်ခြင်းမရှိသလို နိုင်ငံအနှံ့ လက်နက်ကိုင် ပုန်ကန်မှုဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တိုက်ခိုက်ရေးနည်းနာ ပြောင်းသုံးနေသည်ဟု စစ်မှုထမ်းသက် နှစ် ၂၀ နီးပါးရှိသည့် CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အခြေချရာ စခန်းကုန်းများကို ခံစစ်ပြင်ဆင်ပြီး စစ်မြှူနေသည့် ဗျူဟာကို အသုံးပြုနေကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“နေရာတော်တော်များများမှာ ထိုးစစ်လျော့လာတယ်၊ အဓိကကတော့ ထိုးစစ်ကနေ ခံစစ်ပြန်ပြင်နေတဲ့ အနေအထားပေါ့၊ လမ်းတံတားဂိတ်တွေပါ ဖြုတ်လိုက်တာ များတယ်၊ PDF တွေကို သူတို့နေရာကို လာတိုက်အောင် သူတို့လည်း အလစ်အငိုက်မခံရအောင် စစ်မြှူတယ်လို့ ပြောလို့ရမယ်ဗျ၊ နောက်ပြီး သူတို့ရဲ့ လက်ကျန်အင်အားကို ဗျူဟာမြောက် အပြုန်းအတီးမခံနိုင်တော့ဘူးလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၂၈ တွင် ထုတ်ပြန်သည့် ကာကွယ်ရေးအခြေပြစာတမ်းတွင် စစ်ကောင်စီတပ်တွင် အင်အားသိသာစွာ လျော့ကျနေသည်၊ တပ်ရင်းတစ်ရင်းတွင် အင်အား ၈၅၇ ဦး ရှိခဲ့ရာမှ ယခု ၁၇၀ မှ ၂၀၀ ကြားသာ ရှိတော့သည်ဟု ဖော်ပြထားသည်။
ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကောင်စီတပ်တွင် မြေပြင်စစ်ဆင်ရေးလုပ်သည့်အင်အား လျော့နည်းနေပြီး၊ တိုက်ပွဲအတွင်း သေဆုံးနှင့် ဒဏ်ရာရရှိသူ၊ ခွင့်မဲ့ပျက်ကွက်သူ လွန်စွာ များပြားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။
“တိုက်ခိုက်ရေး ခြေလျင်ခြေမြန်တပ်တွေဟာ အရင်ကဆို စစ်ကြောင်းနှစ်ကြောင်း ခွဲနိုင်တယ်ခင်ဗျ။ အခုဆို တပ်ရင်းတစ်ရင်းကို စစ်ကြောင်းတစ်ကြောင်းတောင် အနိုင်နိုင်ဖြည့်နေရတယ်” ဟု သူက ဆိုသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့ ဒေသအတွင်း အဓိက လှုပ်ရှားနေသည့် နဂါးနီစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ကိုဟိန်းကလည်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု မရှိသလောက် နည်းပါးနေကြောင်း အတည်ပြုသည်။
“စစ်ကြောင်းတော့ သွားတာရှိတယ်။ ရိက္ခာပို့ ဘာပို့အတွက်ပေါ့၊ တောတိုးပြီးတော့ ပုန်းလျှိုးကွယ်လျှိုးပဲ သွားကြတာ၊ ထိုးစစ်က မရှိတော့တာ ကြာပြီ၊ သူတို့ ခံစစ်စခန်းကုန်းမှာပဲ ခံစစ်ကို အသေအချာ ပြင်ဆင်နေကြတယ်” ဟု သူက ပြောသည်။
ဒုစစ်ကြောင်းမှူး ကိုဟိန်းသည် စစ်ကောင်စီတပ်တွင် ဒုတိယဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၂ လကျော်အကြာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့ကာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေသူလည်း ဖြစ်သည်။
ယခုအခါ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးရုံးများ၊ တပ်ရင်းဌာနချုပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ ယင်းအပြင် ရှေ့တန်းအခြေစိုက်စခန်းများသို့ လူသူလက်နက်အင်အား ပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
စစ်ကောင်စီတပ်ကလည်း ရွာချင်းဆက်လမ်းများ၊ မြို့အဝင် လမ်းများကို ဖျက်ဆီးကာ ခံစစ်ကို အခိုင်အမာ ပြင်ဆင်နေသည်။
အခိုင်အမာခံစစ်စခန်းများကို တော်လှန်ရေးအင်အားစုများ ဝင်တိုက်စေရန် စစ်မြှူနေခြင်း ဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
“အင်အား အလုံးအရင်း သုံးစေချင်လို့ စကစ (စစ်ကောင်စီ) က စစ်မြှူလိုက်တာပဲ ဆိုတော့ကာ အင်အားအလုံးအရင်း ထုတ်သုံးရင် သူတို့မှာ Backup Plan (နောက်ထပ်အစီအစဉ်) ရှိနေနိုင်တယ်။ မတိုက်လို့လည်း မရပြန်ဘူး၊ ဒီတော့ သူတို့ကို ယောင်ပြတိုက်ပေးနေရမယ်။ ဒါဆိုရင် သူတို့ စစ်ပန်းမယ်၊ စိတ်ဓာတ်ကျမယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
မြန်မာပြည်တောင်ပိုင်း စစ်ရေးလှုပ်ရှားမှုတွင် တော်လှန်ရေးအင်အားစုကို ဦးဆောင်နေသူမှာ KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ဖြစ်သည်။
အလားတူ ကော်ဘရာ၊ ကျားသစ်နက်၊ ကျားဖြူ၊ နဂါးဖြူ၊ ဒေါန၊ နဂါးနီ၊ တောင်ညို စသည်တို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုအောက်ရှိ PDF စစ်ကြောင်းများ ဖြစ်သည်။
