
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးရုံးများကို ဇွန် ၂ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ပြန်လည် တိုက်ခိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
“မြို့အုပ်ချုပ်ရေးအဖွဲ့တွေကို ဝင်ပစ်တယ် ပြောပါတယ်။ အဆင်မပြေလို့ ပြန်ဆုတ်တယ်။ အဲ့လိုပြန်ဆုတ်ပြီး အချိန်အတော်ကြာမှ လေကြောင်းက MI 35 နဲ့ လာပစ်ခတ်တယ်” ဟု ၎င်းက ဆိုသည်။
ထိုနေ့က နံနက် ၄ နာရီခန့်မှ စတင်ပြီး မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များ မြို့အတွင်းမှ ပြန်လည် ဆုတ်ခွာပြီးနောက် နံနက် ၈ နာရီခွဲခန့်တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ပဒိုစောလစ္စတန်က ပြောသည်။
ဇမိမြစ်နှင့် ကပ်လျက်တွင် တည်ရှိသည့် ကြာအင်းဆိပ်ကြီးမြို့သည် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၏ အုပ်ချုပ်မှုနယ်မြေအတွင်း၌ ရှိနေသည်။
လေတပ်က မြစ်နှင့် ကပ်လျက်တွင် ရှိသည့် ရပ်ကွက်အတွင်းကို ဦးတည်ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ကြည်းတပ်ကလည်း မြို့နယ်အတွင်း နေရာအများအပြားကို လက်နက်ကြီးနှင့် ပစ်ခတ်ရာ အရပ်သားသေဆုံးမှု ရှိနေကြောင်း ပဒိုစောလစ္စတန်ကပြောသည်။
“လက်နက်ကြီးတွေနဲ့ ရမ်းထုနေတယ်၊ ထိခိုက်သေကျေ အတိအကျမသိရသေးပါ၊ တိုက်ပွဲက ကျွန်တော်တို့ဘက်က ပြန်ဆုတ်တာနဲ့ ပြီးပြီ။ ဒါပေမဲ့ စစ်ကောင်စီတပ်က မပြီးသေးဘူး၊ အတော်ကြာတဲ့အထိ ပစ်ခတ်နေတာပဲ” ဟု သူက ပြောသည်။
စစ်တပ်ဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်များတွင်လည်း တိုက်ပွဲအကြောင်း ရေးသားထားကြသည်ကို တွေ့ရသည်။
KNLA ပူးပေါင်းတပ်များက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တပ်ရင်းဌာနချုပ်များနှင့် လုံခြုံရေးအဖွဲ့များကို လာရောက်တိုက်ခိုက်ခြင်းကြောင့် သံဃာများ အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးကြောင်း ရေးသားကြသည်။
ပြီးခဲ့သည့် မေ ၉ ရက်နေ့တွင်လည်း စစ်တပ် ရိက္ခာသယ်ဆောင်လာသည့် ယာဉ်တန်းကို KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်က အထိနာခဲ့သည်။
ယင်းနောက် မေလ နောက်ဆုံးပတ်တွင် စစ်တပ်က ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို စက်ယန္တရားများ အသုံးပြုပြီး ဖျက်ဆီးလိုက်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်အရေအတွက်လည်း သိန်းနှင့်ချီ ရှိလာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)