သတင်း

မြဝတီတွင် တစ်နေကုန် တိုက်ပွဲပြင်းထန်၊ လေကြောင်းမှ ဗုံးကြဲ

ယမန်နေ့ (ဩဂုတ် ၁၈) ညမှစ၍  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲမှု ပါဝင်သည့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး သုံ့ပန်း ၂ ဦးနှင့် လက်နက်အများအပြား ရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ပြောသည်။ 

ယမန်နေ့ ည ၁၁ နာရီခန့်အချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းများက မြဝတီမြို့နယ်တောင်ဘက် ဘုရားကုန်းအနီး ဝင်ရောက်လာသည်ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

“ဩဂုတ် ၁၉ မနက် (၃:၃၅) နာရီက စလို့ တစ်နေကုန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်က စစ်မျက်နှာ ၄ ခုထက်မနည်း ဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ထိုးစစ်ဆင်လာခဲ့ပြီး ည ၇ နာရီအထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ယနေ့ညပိုင်းတွင် ကော်ဘရာက ထုတ်ပြန်သည်။ 

ဒုတပ်ကြပ် ထင်ကျော်၊ တပ်သား မင်းသူ ဆိုသူတို့ကို ဖမ်းမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး ၂၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ ၃ ဦး ဒဏ်ရာရကြောင်း  သိရသည်။

MA 1 သေနတ် တစ်လက်၊ MA 4 သေနတ် တစ်လက်၊ ကျည်ကာ စစ်ခမောက် ၂ လုံး၊ RPG ဗုံးသီး ၂ လုံး၊ RPG ပို့ယမ်း ၂ တောင့်၊ ကျည်ကာပစ္စည်း ၂ ခု၊ ၅.၅၆ ကျည် ၁၀၀၀ တောင့်၊ ကျည်ဘောက် ၇ ခု၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ၆၀ မမ ဗုံးသီး ၄ လုံး သိမ်းဆည်းရမိသည်ဟု ဆိုသည်။

မြဝတီမြို့နယ်တောင်ဘက်တွင် ကော်ဘရာစစ်ကြောင်း ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်နေသည်။  

ယနေ့ နံနက်တွင် လေယာဉ် ပျံသန်းသွားသည့် အသံများကို မြဝတီမြို့ပေါ်မှ ကြားနေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“လေယာဉ်တွေဖြတ်နေတာ သုံးလေးငါးစီး ပျံနေတာပဲ။ မနက်ပိုင်းကတော့ လေယာဉ်နဲ့ ကြဲနေတာ ဖြစ်မယ်။ ဘယ်ကို ကြဲနေတာလဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

မှော်ဘီ လေတပ်အခြေစိုက်စခန်းမှ Yak (130) လေယာဉ် နှစ်စီးက နံနက် ၁၀ နာရီနှင့် မွန်းလွဲ ၃ နာရီခန့် တို့တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကော်ဘရာက ပြောသည်။

ဖမ်းဆီးရမိသည့် ဒုတပ်ကြပ် ထင်ကျော်နှင့် တပ်သား မင်းသူ။ (ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)

ယမန်နေ့ကလည်း မြ၀တီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်မြို့နယ်အတွင်း၌  တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းအတွက် မြဝတီကုန်သွယ်ဇုန်ကို နေ့ခင်းပိုင်းတွင် စစ်ကောင်စီက ပိတ်ခိုင်းခဲ့သည်ဟု မြဝတီကုန်သွယ်ဇုန်အတွင်း၌ အလုပ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည် ။

“နေ့လယ် တစ်နာရီလောက်မှ အားချင်းလာပြီးတော့ တစ်နာရီအတွင်း အားလုံးပြန်ဆိုပြီး ကျွန်တော်တို့ကို ပြောတော့ ချက်ချင်းပိတ်ပြီး ပြန်ရတာပေါ့” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်တွင် ပြန်ဖွင့်ထားသည်ဟု ဆိုသည်။

ဘားအံနှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းနေပြီး KNLA, DKBA ခွဲထွက်အဖွဲ့ဝင်များ၊ PDF အဖွဲ့ဝင်များက စစ်ကောင်စီကို ယင်းဒေသတွင် ဆန့်ကျင်တိုက်ခိုက်နေသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများ အဓိကစီးဆင်းရာ လမ်းမကြီးဖြစ်သည့် အာရှလမ်းမကြီးကိုမူ လတ်တလော ပိတ်ဆို့ထားခြင်း မရှိသေးသော်လည်း တိုက်ပွဲအခြေအနေကို ကြည့်ပြီး သွားလာနေရကြောင်း အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆက်ပြောသည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအနှံ့ ဆန့်ကျင်တိုက်ခိုက်မှုများ ကြုံနေရပြီး လက်နက်ကိုင် ပြန်လည်ခုခံသူများကို သံချပ်ကာယာဉ်များ၊ လက်နက်ကြီးများ၊ ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြုပြီး သာလွန်အင်အားဖြင့် ရှင်းလင်းနိုင်ရေး ကြိုးပမ်းနေသည်။ 

မြဝတီ -ဝေါ်လေ ကားလမ်း သုံးထပ်ကွေ့နေရာ အနီးတစ်ဝိုက်ကိုလည်း စစ်ကောင်စီသည် ဇူလိုင်လ အစောပိုင်းတည်းက စစ်ကြောင်းထိုးနေပြီး တပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် အများအပြား ထိခိုက်သေဆုံးသည်အထိ အထိနာခဲ့သလို ဘက်ပြောင်းခိုလှုံသူတချို့လည်း ရှိခဲ့သည်။

Show More

Related Articles

Back to top button