သတင်း

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း သွားလာခွင့်ပိတ်၊ တိုက်ပွဲဆက်ဖြစ်နေ

တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းကို ယနေ့ (ဇန်နဝါရီ ၁၆) မှ ၂၃ ရက်အထိ သွားလာခွင့် ပိတ်လိုက်သည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း ပါဝင်သည့် ထိုမြို့နယ်တွင် လဆန်းပိုင်းမှစ၍ KNU လက်အောက်ခံတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က စစ်ကောင်စီတပ်ကို ရင်ဆိုင်နေသည်။

တိုက်ပွဲများကြောင့် ခရီးသွားပြည်သူ ထိခိုက်မည် စိုးရိမ်၍ လမ်းပိတ်လိုက်ခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က Myanmar Now ကို ယနေ့ ပြောသည်။

“အဓိကက ခရီးသွားဧည့်သည်တွေကို အန္တရာယ်မဖြစ်စေချင်ဘူး။ အဲဒါကြောင့် အချိန်တစ်ပတ် အကန့်အသတ်နဲ့ ထုတ်ကြည့်ပါတယ်။ ရန်သူ့လှုပ်ရှားမှု အခြေအနေအပေါ် မူတည်ပြီး ရက်ကို ဆွဲဆန့်သင့်မသင့်က ဖြစ်ပေါ်မှာပါ ” ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် ဘုရားသုံးဆူလမ်းပိုင်းကို KNU က လုံခြုံရေးအရ ပိတ်ခြင်းသာ ဖြစ်နိုင်သည့်အတွက် အသွားအလာ မပြုလုပ်တော့ဘဲ အခြေအနေကို စောင့်ကြည့်နေကြောင်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

“လမ်းမပိတ်ခင်တုန်းကလည်း သွားရတာ အဆင်တော့မပြေဘူး။ ဘာလို့ဆို အန္တရာယ်ကို ကြည့်ပြီးတော့ သွားနေရတာလေ။ သူတို့ (KNU) ပိတ်လိုက်တာက တစ်ပတ်လောက်ဆိုတော့လည်း အချိန် တအားကြီးမကြာဘူးဆိုတော့ ကျွန်တော့်အနေနဲ့ အဆင်ပြေတယ်” ဟု ပြောသည်။

ထိုလမ်းပိုင်းတွင် သွားလာနေသည့် ခရီးသွားများကို စစ်ကောင်စီတပ်က ရပ်တန့် ခိုင်းကာ စစ်ဆေးသလို မရပ်တန့်ပါက သေနတ်ဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ စစ်တပ်က ဒေသခံရွာသားအချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသည်၊ တပ်အပြောင်းအရွှေ့ပြုလုပ်ရာတွင်လည်း အရပ်သားတို့၏ မော်တော်ယာဉ်များကို အသုံးပြုနေသည်ဟု KNU ဘက်က ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက် မရရှိသေးပေ။

တပ်မဟာ ၆ မှ ထုတ်ပြန်စာ။

ယနေ့ နံနက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့၏ တောင်ဘက် ၆ မိုင်ခန့်အကွာ ထိုလမ်းပိုင်းရှိ အလယ်ရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

မွန်းတည့်အချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ် အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရွာများကို ပစ်ခတ်နေ၍ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု KNU  ထံမှ သိရသည်။

“ရွာသားတွေကတော့ ပြေးတာ ကုန်သလောက်ရှိပါပြီ။ ပစ္စည်းတွေ သံယောဇဉ်နဲ့ တစ်ယောက်တလေ သူ့အိမ်ခြံ သူ ပြန်ကြည့်လိုက် ရှောင်ပုန်း အိပ်လိုက်နဲ့ ရက်အတော်ကြာခဲ့ပြီ” ဟု ပဒိုစောလစ္စတန်က  ဒေသခံများအခြေအနေကို ပြောသည်။

ဇန်နဝါရီ ပထမပတ်အတွင်း KNU, PDF ပူးပေါင်းတပ်များက ကြာအင်းဆိပ်ကြီးမြို့ပေါ် အခြေစိုက် တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်ဟု KNU ဘက်က ဆိုသည်။

ဇန်နဝါရီ ၄ ရက်က ဖြစ်ပွားခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ် သုံးခုကို KNU,PDF  အပါအဝင် ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်မှုတွင် တပ်ရင်းဌာနချုပ်အတွင်းပိုင်းအထိပါ စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကာ KNU, PDF ပူးပေါင်းတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button