သတင်း

ဝေါလေဒေသ ထိန်းချုပ်နိုင်ရေး နှစ်ဖက်ညှပ်ပြီး စစ်တပ် စစ်ကြောင်းထိုးနေ

ထိုင်း- မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသတွင် စစ်ကောင်စီတပ်ရင်းများက တောင်နှင့်မြောက် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသည်။

ဝေါလေဒေသ မြောက်ဘက်၌ မြဝတီ-ဝေါလေလမ်း၊ သုံးထပ်ကွေ့အနီး တောင်ကြောများတွင်လည်းကောင်း၊ တောင်ဘက်တွင် နယ်စပ်အနီးရှိ ဥကရစ်ထစခန်းကုန်းဘက်မှနေ၍လည်းကောင်း စစ်ကြောင်းနှစ်ဖက်ညှပ်ကာ စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

ဇွန်လကုန်ခန့်က ဥကရစ်ထစခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့၍  စစ်ကောင်စီသည် မွန်ပြည်နယ်အခြေစိုက် တပ်မ ၄၄ ၏ တပ်ရင်းများကို ခေါ်ယူ အင်အားဖြည့်တင်းခဲ့သည်။

တပ်ရွှေ့ရာတွင် ရဟတ်ယာဉ်ဖြင့် ဥကရစ်ထစခန်းကုန်းအနီး ပို့ဆောင်ခဲ့သလို ဝေါလေဒေသမြောက်ပိုင်း ဖလူးဘက်မှ တပ်ရင်းအချို့နှင့် နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးရန် ဇူလိုင်လဆန်းကတည်းက စစ်ကောင်စီက ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။ 

ဇူလိုင်လအစမှ စ၍ စစ်ကောင်စီတပ်ရင်းများသည် KNU လက်အောက်ခံ ကော်ဘရာစစ်ကြောင်းနှင့် မြဝတီ-ဝေါလေ ကားလမ်း၊ သုံးထပ်ကွေ့အနီး တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေသည်။

တပ်မ ၄၄ ၏ ခြေမြန်တပ်ရင်း ခမရ ၂၀၇ ၊ ခမရ ၁၀၂ ၊ ခြေလျင်တပ်ရင်း ခလရ ၈ တို့က စစ်ကြောင်းထိုးနေသည်ဟု ကော်ဘရာစစ်ကြောင်းဘက်က ဆိုသည်။

“စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာ တစ်လနီးပါးရှိနေပြီ။ သူတို့တွေ အကျအဆုံးများစွာနဲ့ ဗျူဟာတွေ ပြောင်းပြီး တိုက်ပွဲဝင်နေရတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကော်ဘရာစစ်ကြောင်းနှင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိသလို စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအပါအဝင် သေဆုံးဒဏ်ရာရသူအများအပြား ရှိခဲ့ကာ လက်နက်ခဲယမ်းအများအပြား လက်လွှတ်လိုက်ရသည်။ 

အလားတူ ယခုရက်ပိုင်းအတွင်း ဝေါလေတောင်ပိုင်းတွင် တပ်မ ၄၄ ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃ ၊ ခမရ ၉ ၊ ခမရ ၁၀၄ တို့က ဥကရစ်ထစခန်းကုန်းအနီး ရွှေအေးမြိုင်ရွာသစ်ဘက်တွင် စစ်ကြောင်းထိုးနေသည်။

ထိုစစ်ကောင်စီတပ်များသည် မကြာသေးမီကမှ ဖွဲ့စည်းလိုက်သည့် ကရင်ပြည်သူ့တပ်မတော် (Kaw Thoo Lei Army) ၏ Venom စစ်ကြောင်းနှင့်လည်း တိုက်ပွဲများဖြစ်နေပြီး ပြီးခဲ့သည့်ရက်အတွင်း Venom ဘက်မှ ၃ ဦး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

တိုက်ပွဲရက်ရှည်ကြာ၍ စစ်သည်အချို့ ပင်ပန်းနေခြင်း၊ လက်နက်ခဲယမ်း နည်းလာခြင်းတို့ကြောင့် ဥကရစ်ထစခန်းကုန်းအနီးရှိ တပ်အချို့ ပြန်ဆုတ်ထားကြောင်း Venom စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ရဲဘော်တွေလည်း တိုက်နေရတာ လချီနေပြီ။ ပင်ပန်းနေပြီ၊ လက်နက်ခဲယမ်းတွေလည်း မလုံလောက်တော့ဘူး။ ခဏ နောက်ဆုတ်လိုက်ပြီး အင်အားပြန်ဖြည့်နေပြီ” 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ခြေမြန်တပ်မ ၄၄ သည် ၂၀၂၀ ရခိုင်ပြည်နယ်စစ်ဆင်ရေးများတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် တပ်မလည်း ဖြစ်သည်။

ဝေါလေဒေသအတွင်းကို စစ်ကြောင်းထိုးနေသည့်တပ်များက ပျက်စီးထိခိုက်မှုများနေကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း ပြောသည်။

“သူ (စစ်ကောင်စီ) က နေရာတိုင်းမှာ မထူးဇာတ်ခင်းနေတဲ့ အနေအထားရောက်လာတဲ့အခါမှာ တော်လှန်ရေးသာလျှင် အဆုံးအဖြတ်ဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်လေ” ဟု ၎င်းက လက်ရှိအခြေအနေကို မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို မြင်တွေ့နေရပြီဖြစ်သောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ထက် တစ်ဖက်ဖက်ကို ပြတ်ပြတ်သားသား ရပ်တည်သင့်ပြီဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။ 

“အမှန်အမှားကို ပြောနေရတာနဲ့ အချိန်တွေ သိပ်မကုန်ချင်တော့ဘူး။ လူတွေရဲ့ အသက်ကို တစ်နေ့ထက် တစ်နေ့ ထိပါးလာတယ်လေ”

စစ်ကောင်စီက တိုက်ပွဲအခြေအနေကို လျှို့ဝှက်ထားသည်။

စစ်ကောင်စီ နယ်မြေစိုးမိုးရန် ကြိုးစားနေသော ဝေါလေဒေသသည် KNU ၏ တပ်မဟာ ၆ နယ်မြေအတွင်း ပါဝင်နေပြီး KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ကော်ဘရာစစ်ကြောင်း၊ အသစ်ဖွဲ့လိုက်သည့် ကော်သူးလေတပ်မတော် အပါအဝင် စစ်ကောင်စီကို တိုက်ခိုက်နေသောတပ်များ အခြေစိုက်လှုပ်ရှားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button