သတင်း

စစ်တပ်နှင့် ကော်သူလေးတပ် ဥကရစ်ထအနီးတွင် တိုက်ပွဲဖြစ်

မကြာသေးမီကမှ ဖွဲ့စည်းလိုက်သည့် ကရင်ပြည်သူ့တပ်မတော် (Kaw Thoo Lei Army) နှင့် စစ်ကောင်စီတို့ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ရွှေအေးမြိုင်ရွာတွင် တိုက်ပွဲဖြစ်နေသည်။

စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် ဥကရစ်ထစခန်းမှ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဒေသတွင်းသို့ စစ်ရေးလှုပ်ရှားလာချိန် ယမန်နေ့ (ဇူလိုင် ၂၇ ရက်) မွန်းလွဲပိုင်းမှစ၍ တိုက်ပွဲဖြစ်နေသည်ဟု ကော်သူးလေတပ်ဘက်မှ ပါ ဝင်နေသည့် VENOM စစ်ကြောင်း တာဝန်ခံထံမှ သိရသည်။

ယခု တိုက်ပွဲဖြစ်ပွားရာ ရွှေအေးမြိုင်ရွာသည် ပြီးခဲ့သည့် ရက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ခဲ့သည့်  ဥကရစ်ထစခန်းကုန်းနှင့် ၁ မိုင်ခွဲခန့်သာ ကွာဝေးသည်။

ဇူလိုင် ၂၇ ရက်၊ ည ၈ နာရီအထိ ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သူ အများအပြားရှိခဲ့ကာ ၎င်းတို့ဘက်မှ ၂ ဦး ဒဏ်ရာရကြောင်း၊ စစ်ကောင်စီက ဥကရစ်ထစခန်းကုန်းသို့ ပြန်ဆုတ်သွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။

“အခုမနက် (ဇူလိုင် ၂၈) မှာတော့ စစ်ကောင်စီက (စခန်းကုန်းကနေပြီး) လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နာမည်ကျော်ခေါင်းဆောင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏ သားဖြစ်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်၍ ဇူလိုင် ၁၉ ရက်ကမှ ထူထောင်သည့် ကော်သူးလေတပ်တွင် VENOM စစ်ကြောင်းပါဝင်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှာ မူလက ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်ဖြစ်သည်။ အရပ်သားအချို့သတ်ဖြတ်ခံရမှုတွင် တာဝန်ရှိသဖြင့် KNU က ၎င်းကို လွန်ခဲ့သည့် ၆ လက တာဝန်မှ ထုတ်ပယ်ထားခြင်းဖြစ်သည်။

ကော်သူးလေတပ်သည် ဝေါလေဒေသ ဥကရစ်ခီးတွင် အခြေပြုလှုပ်ရှားသွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သည့် မည်သည့်အင်အားစုများနှင့်မဆို လက်တွဲသွားမည်ဟု ကြေညာထားသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့တောင်ဘက် ဝေါလေဒေသသည် KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်နယ်မြေအတွင်း ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည်။

အလားတူ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF) တပ်များ လှုပ်ရှားမှုများရှိနေပြီး BGF သည် စစ်ကောင်စီတပ်နှင့်အတူ ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button