
ကရင်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောနယ်ဒါးမြ ဦးဆောင်ပြီး ကရင်ပြည်သူ့တပ်မတော် (Kaw Thoo Lei Army) တည်ထောင်ကြောင်း မကြာသေးမီက ဥကရစ်ထစခန်းကို တိုက်ခိုက်ရာတွင် ပါဝင်သော VENOM ကွန်မန်ဒိုစစ်ကြောင်းက ယနေ့ (ဇူလိုင် ၁၉) သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) က စောနယ်ဒါးမြကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ်တာဝန်မှ ရပ်ဆိုင်းကာ စစ်ဦးစီးချုပ်အသစ်ကို ပွဲထုတ်အပြီးတွင် VENOM စစ်ကြောင်း၏ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဇန်နဝါရီမှာ ခန့်အပ်ခဲ့သော စစ်ဦးစီးချုပ်သစ် ဗိုလ်မှူးချုပ်စောရှီးလေကို ဇူလိုင် ၁၆ ရက်နေ့တွင် KNU က ပြုလုပ်သော KNDO နှစ်ပတ်လည်နေ့အခမ်းအနားတွင် တွေ့ခဲ့ရသည်။

ထိုင်းနိုင်ငံနှင့် ကပ်လျက် ကရင်ပြည်နယ် ကျေးလက်ဒေသတွင် လှုပ်ရှားသော VENOM ကွန်မန်ဒိုစစ်ကြောင်းက ကရင်ပြည်သူ့တပ်မတော်၏ စစ်ကြောင်းဖြစ်လာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
အဖွဲ့သစ်ထူထောင်သည်ဟူသော ထိုစစ်ကြောင်း၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စောနယ်ဒါးမြကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးကြောင်း ပြောသည်။
KNDO ခေါင်းဆောင် အပြောင်းအလဲ
ယမန်နှစ် မေလကုန်ပိုင်းက မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေးကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တွင် ရှိနေသူ ၄၇ ဦးကို ဖမ်းဆီးပြီးနောက် ၂၅ ဦးကို KNDO က သတ်ဖြတ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာမှ KNU က ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးခဲ့သည်။
ဇူလိုင် ၈ တွင် KNU ကာကွယ်ရေးဌာနက ထိုအမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ဗိုလ်ဘာဝါးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက အထက်အမိန့်ကို လက်မခံဘဲ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယမန်နှစ် ဇူလိုင်လအတွင်းက ပြောထားသည်။
ယခုနှစ် ဇန်နဝါရီ ၁၇ တွင် KNU က ၎င်းတို့နှစ်ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ အရေးယူထုတ်ပြန်မှုများ ရှိလင့်ကစား ဗိုလ်မှူးချုပ်စောနယ်ဒါးမြက KNDO ခေါင်းဆောင်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်ကို တိုက်ပွဲသတင်းများတွင် တွေ့ရသည်။
လက်နက်ကိုင်အဖွဲ့များ
KNU တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO ဟူ၍ လက်နက်ကိုင်အဖွဲ့ နှစ်ခုရှိသည်။
KNDO စစ်ဦးစီးချုပ်အပြောင်းအလဲဖြစ်ပေါ်ပြီး အောက်ခြေတွင် သက်ရောက်မှု မည်မျှရှိသည်၊ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ၏ လက်အောက်တွင် အင်အားမည်မျှရှိသည်ကို မသိရသေးပေ။
KNU ကလည်း အကဲဆတ်သော ဤအမှုနှင့် ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ပြောဆိုလျက်ရှိသည်ကို တွေ့ရသည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကွယ်လွန်သူ KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ၏ သားတစ်ဦး ဖြစ်သည်။
KNU ခေါင်းဆောင်ဟောင်းများနှင့် ဖွဲ့စည်းထားသော KNU Concerned Group တွင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားကြောင်း KIC သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
KNU သည် ယခင်ကလည်း ခွဲထွက်မှုတချို့နှင့် ရင်ဆိုင်ခဲ့ဖူးသည်။
ခွဲထွက်သွားသူတချို့က ၂၀၀၇ တွင် KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ) အမည်ဖြင့် အဖွဲ့တည်ထောင် ပြီး ယနေ့တိုင် အင်အားအနည်းငယ်ဖြင့် ရပ်တည်လျက်ရှိသည်။
၁၉၉၄ ခုနှစ် ခွဲထွက်မှုမှာ KNU အတွက် အထိနာသော ဖြစ်ရပ်ဖြစ်ခဲ့သည်။ ထိုစဉ်က အလုံးအရင်းခွဲထွက်သူများက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကို တည်ထောင်ခဲ့သည်။
နောက်ပိုင်းတွင် ဦးသန်းရွှေစစ်အစိုးရက အသွင်ပြောင်းခိုင်းသဖြင့် DKBA အင်အားစုထဲမှ အင်အားအများအပြားသည် နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲသွားသည်။
ပြီးခဲ့သည့် ဧပြီလတွင် DKBA မှ ဗိုလ်စလုံး ဦးဆောင်သော တပ်ဖွဲ့ဝင် ၂၀၀ ကျော်က ဗိုလ်မှူးချုပ်စောနယ်ဒါးမြထံတွင် ခိုဝင်ခဲ့ကြသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်သဖြင့် လက်နက်ကိုင်ခုခံလိုသော၊ စစ်ပညာသင်ယူလိုသော ဒေသအသီးသီးမှ အာဏာသိမ်းမှု ဆန့်ကျင်သူတို့က KNLA နှင့် KNDO တပ်များထံသို့ သွားရောက်ခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)