
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၈ မိုင်ကွာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်း ဥကရစ်ထတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်မှာ ခြောက်ရက်မြောက်ရှိပြီဖြစ်သည်။ ထိုစစ် တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၆ ရက် တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းလက်မလွှတ်ရေးအတွက် စစ်ကောင်စီ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့ကြောင်း၊ ထိုကိစ္စအပေါ် မြန်မာဘက်က တောင်းပန်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန် ထားသည်။
ဥကရစ်ထစခန်းကို ဝင်ရောက်တိုက်ခိုက်သူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးကြောင်း စစ်ကောင်စီက ယမန်နေ့ (ဇွန် ၃၀) တွင် နိုင်ငံပိုင်းသတင်းစာမှတစ်ဆင့် ထုတ်ပြန်သည်။ သို့သော် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်စဉ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
စစ်ကူလာသော တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တို့ ပူးပေါင်း၍ ယမန်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်အနီး ဥကရစ်ထစခန်းတိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ KNDO အထူးကွန်မန်ဒို စစ်ကြောင်းတစ်ခုဖြစ်သော Venom ၏ စစ်ကြောင်းမှူး စောဝင်းမြင့်ကို Myanmar Now က ယနေ့ (ဇူလိုင် ၁) မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းထာသည်။
မေး – တိုက်ပွဲအခြေအနေ အကျဉ်းချုပ်လေး အရင်ပြောပြပါလား။
ဖြေ – ဥကရစ်ထက တိုက်ပွဲအရမ်း ပြင်းထန်တယ်။ အခုလည်း မရပ်သေးဘူး။ ကျွန်တော်တို့ တနင်္ဂနွေနေ့ ကတည်းက စပစ်တယ်။ အခုဆိုရင် ၆ ရက်။ စဖြစ်တဲ့နေ့ကနေ အခုထိ တိုက်ပွဲက တချက်မှ မရပ်သွားသေးဘူး။ တော်တော်လေးပြင်းတယ်။ ဒီလိုမျိုး တိုက်ပွဲကြီးကြီး တစ်ခါမှ မကြုံသေးဘူး။ အခုက လေယာဉ်ပျံကလည်း နေ့တိုင်းပဲ။
မေး – ဥကရစ်ထရွာအပြင် တခြားဘယ်နေရာတွေမှာ တိုက်ပွဲဖြစ်သေးလဲ။
ဖြေ – ဥကရစ်ထမှာပဲ ကျွန်တော်တို့ စစ်မျက်နှာဖွင့်တယ်။ တိုက်ပွဲဖြစ်တယ်။ တခြားနေရာကျတော့ စစ်ကူ တက်လာတယ်။ ကျွန်တော်တို့က အကုန်လုံးပူးပေါင်းပြီးတော့ စစ်ကူဖြတ်ပေးတယ်။ အဲဒီအနေအထားပဲ။
မေး – ဝေါလေဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ကြားရတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာလေးတွေ ပြောပြပေးလို့ရမလား။
ဖြေ – ဝေါလေဘက်မှာ တိုက်ပွဲမဖြစ်ဘူး။ ဝေါလေက ၁၂၀ (မမ) နဲ့ပဲ ပစ်ကူတယ်။ အဲဒီမှာ စစ်ကြောင်းလာချတယ်။ လေယာဉ်နဲ့ လာချတာ။ လာချတဲ့စစ်ကြောင်းက တက်လာတာ ဥကရစ်ထမရောက်ခင် ကျွန်တော် တို့က သွားပစ်တယ်။ မနေ့က ဆိုရင်လည်း စစ်ကြောင်းတစ်ကြောင်းလုံး ပျောက်သွားတယ်။ ကျွန်တော်တို့ ပစ်တာ။ စစ်ကြောင်းက တစ်ယောက်ပဲ ပြန်ထွက်လာတယ်။
မေး – စစ်ကောင်စီဘက်က ဘယ်လိုလက်နက်တွေ သုံးပြီးတိုက်နေလဲ။
ဖြေ – သူတို့က မြေပြင်ရော၊ လေကြောင်းရော နှစ်ခုစလုံး တော်တော်လေးဖိပြီးတော့ လာပစ်နေတယ်။ သူတို့လည်း ဆုံးမှာကြောက်လို့ပေါ့ါ။ အင်အားဖိပြီးတော့ လာပစ်နေတယ်။ ပြောမယ်ဆိုရင် သူတို့ အရမ်းအထိနာလို့ပေါ့ါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



