မေးမြန်းခန်း

အင်တာဗျူး – မူဝါဒခိုင်မာသည့် အဖွဲ့ဖြစ်၍ အကွဲအပြဲဒဏ်ကို ခံနိုင်သည်ဟု KNU ပြော

ကရင်ခေါင်းဆောင်တစ်ဦးဖြစ်သော စောနယ်ဒါးမြ ဦးဆောင်၍ ကော်သူးလေတပ်မတော်ဖွဲ့စည်းကြောင်း ကြေညာပြီး တစ်ရက်အကြာ ဇူလိုင် ၂၀ တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က အသိအမှတ်မပြုနိုင်ဟု ကြေညာသည်။

စောနယ်ဒါးမြမှာ KNU ၏ ကွယ်လွန်သူ နာမည်ကျော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားတစ်ဦးဖြစ်သည်။

ထိုသို့ တစ်စင်မထောင်မီ ယခုနှစ်ဆန်းပိုင်းအထိ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ဖွဲ့ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နည်းတူ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တွင် စောနယ်ဒါးမြက စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။

၂၀၂၁ မေ ၃၁ ရက်နေ့က ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုတွင် တာဝန်ရှိမှုဖြင့် KNDO ခေါင်းဆောင်အဖြစ်မှ KNU က ထုတ်ပယ်ပြီး ၆ လကျော်အကြာတွင် စောနယ်ဒါးမြက တပ်ဖွဲ့သစ်တစ်ခုကို ထူထောင်ကြောင်း ကြေညာခြင်းဖြစ်သည်။

ကော်သူးလေတပ်မတော်မှာ KNU၏ တပ်မဟာနယ်မြေအချို့၌ပင် အခြေစိုက်သည့် တပ်ဖွဲ့အချို့ကို အသွင်ပြောင်းထားခြင်းဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်းမှစ၍ လက်အောက်ခံတပ်ဖွဲ့တချို့ ခွဲထွက်သွားသည့် အတွေ့အကြုံ ရှိနှင့်ပြီးဖြစ်သည့် KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ၊ အလားအလာများကို မေးမြန်းထားပါသည်။

ဆင်နွှဲနေဆဲဖြစ်သည့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတိုက်ပွဲ အရှိန်ရနေချိန်တွင် ရှေ့တန်းမှ ပါဝင်နေသည့် KNU၏ ခုခံတော်လှန်စစ်အပေါ် သက်ရောက်နိုင်မှုများကိုလည်း ပဒိုစောတောနီးက ပြောပြထားသည်။

မေး – အခုအသစ်ဖွဲ့လိုက်တဲ့ Kaw Thoo Lei Army ကို KNU က အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဘာကြောင့် လက်မခံနိုင်တာလဲ ရှင်းပြပေးနိုင်မလား။

ကျွန်တော်တို့ KNU က ဘာလို့ လက်မခံရတာလဲဆို ရှင်းနေတာပဲလေ။ ဒီအဖွဲ့အစည်းဟာ လက်နက်ကိုင် တိုက်ပွဲဝင်ရတယ်ဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီကျင့်စဉ်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်လျှောက်တယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စံနှုန်းစံထားတွေကို လိုက်ဖြည့်တယ်။

အထူးသဖြင့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ပေမီဒေါက်မီဖြစ်တဲ့ တပ်ဖွဲ့ဖြစ်အောင် လုပ်တယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ ရည်မှန်းလဲဆိုရင် ကျွန်တော်တို့ တည်ဆောက်မဲ့ ဖက်ဒရယ်တိုင်းပြည် တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ ကရင်တပ်ဖွဲ့တွေဟာ လုံခြုံရေးကဏ္ဍမှာ ပါဝင်ပေါင်းစည်းနိုင်ဖို့ အခုကတည်းက အဆင်သင့်ပြင်ထားတာ၊ အဲဒါကြောင့်မို့လို့ ပရမ်းပတာ လျှောက်လုပ်လို့မရပါဘူး။  

စစ်သားတစ်ယောက်အနေနဲ့ စစ်တပ်က ချမှတ်ထားတာတွေ လိုက်နာရမယ်။ အဲဒါကို မလိုက်နာဘဲနဲ့ ကိုယ့်ဟာကိုယ် ထလုပ်တဲ့ကိစ္စကို ဘာမှ လက်ခံစရာမရှိဘူး။ ကျွန်တော်တို့က တဒင်္ဂကာလမှာ ရန်သူကို တိုက်ဖို့မဟုတ်ဘူး၊ နောင်အနာဂတ်ကာလမှာ တည်ဆောက်ရမဲ့ လူ့ဘောင်သစ်ကို အထောက်အကူဖြစ်မဲ့ တပ်ဖွဲ့တစ်ခုဖြစ်ဖို့ အခုကတည်းက လုပ်ထားရမယ်။

…. ကျွန်တော်တို့က ရန်သူကို တိုက်ပြီးရုံနဲ့ မပြီးဘူး၊ ရန်သူပြိုကျသွားပြီးရင် ကျွန်တော်တို့ တာဝန်ယူရတဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင်က ပရမ်းပတာတွေဖြစ်ရင် ဒီတိုင်းပြည်က ပြန်ပြီးတော့ ပျက်သုဉ်းသွားမှာပဲ။ အခုကတည်းက စနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က အလေးထားပါတယ်၊ (စောနယ်ဒါးမြ) လိုက်နာဖို့လည်း ပြုပြင်တယ်၊ ဆုံးမတယ်။ နောက်ဆုံး ဘယ်လိုမှမရတော့ဘဲ တစ်စင်ထောင်သွားတဲ့ အပိုင်းကတော့ နှုတ်ဆက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး။ 

မေး – ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို KNU ကနေ ထုတ်လိုက်တယ်။ သူ့အပေါ် အရေးယူမှု တစ်စုံတရာ ရှိလာနိုင်မလား။ ဘယ်လို ဆက်လုပ်သွားမလဲ။

ကျွန်တော်တို့နဲ့ ဘာမှမဆိုင်တော့လို့ ဘာမှလုပ်စရာတော့ မရှိတော့ပါဘူး။

အထူးသဖြင့် ပဋိပက္ခမဖြစ်စေဖို့ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမယ်။ ရှေ့လာမဲ့ကာလမှာတော့ ကျွန်တော်တို့က ပြဿနာမဖြစ်အောင် ထိန်းသိမ်းသွားမယ်။ အဓိကကျတာက ကျွန်တော်တို့ ဘုံရန်သူတိုက်နေတဲ့အခါမှာ စုစုစည်းစည်းနဲ့ ဆက်လုပ်သွားမယ်ဆိုတာ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

မေး – ဒီကိစ္စက ကရင်ဒေသအတွင်း KNU ဦးဆောင်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေအပေါ် သက်ရောက်မှု ရှိလာနိုင်မလား၊ ဘယ်လိုမျိုးတွက်ဆထားလဲ။

ကျွန်တော်တို့ကတော့ သက်ရောက်မှုရှိမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းမူ၊ ပေါ်လစီကို နှစ်ပေါင်းများစွာ ကိုင်စွဲလာတဲ့အခါ ဒီဟာကို မခံနိုင်တဲ့ အဖွဲ့တွေက ဒီလိုပဲ ကွဲထွက်သွားတာပဲ။ ဒါကတော့ သမိုင်းတစ်လျှောက်လုံးပါပဲ။ ဒီလိုမျိုးဖြစ်သွားတဲ့အပေါ်မှာ ကျွန်တော်တို့က အလျှော့ပေးလိုက်လို့လည်း မရဘူး။ မူအပေါ်မှာတော့ တစ်သမတ်တည်းသွားရမယ်။ ကျွန်တော်တို့အထဲမှာ ငြင်းကြခုံကြမယ်၊ အယူအဆတွေ မတူကြတာရှိမယ်။ သို့သော်ငြားလည်း မူအပေါ်မှာ ကျွန်တော်တို့ အလျှော့ပေးလို့မရဘူး။ အဲဒီအပိုင်းမှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ လူတွေပြောင်းသွားသည့်တိုင်အောင် မူက ပြောင်းသွားမှာ မဟုတ်ပါဘူး။

ဖက်ဒရယ်ဒီမိုကရေစီ ရဖို့ဆိုရင် စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်ပဲရှိရှိ မရဘူး။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားမယ်ဆို ဘယ်လိုမှ သွားလို့မရဘူး။ အဲဒါကိုတော့ အကုန်လုံးတိုက်ဖျက်ရမယ်။ ဒီလိုတိုက်ဖျက်ဖို့အတွက် ဘာလုပ်ရမလဲဆိုရင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမယ်။ စစ်အာဏာသိမ်းတဲ့သူတွေကို အကုန်ဖြုတ်ပစ်ရမယ်။ အဲဒါကို ကျွန်တော်တို့ အဓိကလုပ်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ မူဝါဒ ပြောင်းစရာ မရှိဘူး။ ဒီဟာပဲ တစိုက်မတ်မတ် လုပ်သွားရမယ်။ လူထုအနေနဲ့ သံသယတွေ၊ ဇဝေဇဝါဖြစ်စရာ မလိုဘူး။ ကျွန်တော်တို့ မူဝါဒအခိုင်အမာရှိတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ၊ ပြည်သူလူထုတွေနဲ့ ဆက်ပြီးတော့ လက်တွဲသွားမယ်။

မေး – ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီအတောအတွင်း ကွဲသွားတဲ့ အဖွဲ့တွေလည်း ရှိခဲ့တယ်။ ဆိုတော့ အခြေအနေတွေအရ ဘာတွေဆက်ဖြစ်လာဖို့ ရှိမလဲခင်ဗျာ။

အဖွဲ့အစည်းထဲမှာ ဒီလိုမျိုး ကွဲတယ်၊ … မူဝါဒကို မလိုက်နာဘူး၊ လိုက်မလျှောက်နိုင်ဘူး၊ သူ့သဘောနဲ့သူ လုပ်ချင်တဲ့အပိုင်းတွေက သမိုင်းစဉ်တစ်လျှောက်မှာ ဖြစ်ခဲ့တာပဲ။ ဒီလိုဖြစ်ရင် လွင့်စဉ်သွားတဲ့အဖွဲ့တွေက ဘယ်လိုမျိုး ရပ်တည်သွားလဲဆိုတာ ပြည်သူလူထုအမြင်ပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ သံသယရှိစရာမလိုဘူး။

ကျွန်တော်တို့က လုပ်စရာရှိတာက စစ်အာဏာရှင်ကျဆုံးရေးကို ဆက်လက်တိုက်ပွဲဝင်သွားမယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဘယ်လောက်ရှိရှိ ကျွန်တော်တို့ ဆက်လုပ်သွားမယ်။ ဘာလို့ဆို တစ်နှစ်ကျော်ကာလအတွင်းမှာ (စစ်ကောင်စီကို ခုခံတော်လှန်မှုတွေ) ဒီလိုအခြေအနေမျိုး ရောက်လာတယ်ဆိုတာ ကျွန်တော်တို့ သမိုင်းစဉ်တစ်လျှောက်မှာ တစ်ခါမှ မဖြစ်ဖူးဘူး။

ကျွန်တော်တို့ရဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုအနေအထား တစ်ပြည်လုံးအနေအထား ဒီလိုမျိုးဖြစ်နေတယ်ဆိုတာ တော်ရုံတန်ရုံ ကျွန်တော်တို့ရခဲ့တဲ့အခွင့်အရေး မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒါကို ကျွန်တော်တို့က တစိုက်မတ်မတ် လုပ်သွားမှာ ဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပြောဖို့ ခက်တယ်ဆိုပေမဲ့ ဒီတစ်ပွဲဟာ ကျွန်တော်တို့ အနိုင်တိုက်ရမဲ့ပွဲဆိုတာ ယုံကြည်ချက် သန္နိဋ္ဌာန်ချထားပြီးသားပါ။

မေး – KNU ကနေ DKBA, KNLA (PC) အစရှိတဲ့ အဖွဲ့တွေကွဲတယ်။ အခု Kaw Thoo Lei Army ဆိုပြီး ဆက်ကွဲတယ်။ ဒါတွေက စစ်ကောင်စီအကြိုက် ဖြစ်လာနိုင်မလား။

ကွဲတယ်ဆိုကတည်းက ဘယ်ဟာပဲကွဲကွဲ တစ်ခုမှ မကောင်းဘူး။ အဲလိုကွဲပြီး ပြန်စိဖို့ဆိုတာ အင်မတန်ခက်တယ်ဆိုတာ ကျွန်တော်တို့ KNU ရဲ့ အတွေ့အကြုံပဲဗျ။ KNU ရဲ့ အတွေ့အကြုံအရ တော်တော်ခက်တယ်။ ခက်တယ်ဆိုပေမဲ့ ဒါက မနေ့တစ်နေ့ကမှ ကြုံရတဲ့ ကိစ္စမဟုတ်ဘူး။ KNU မှာလည်း အဖွဲ့တွေ အကွဲကွဲအပြားပြားရှိတယ်။ မြစ်ဝကျွန်းပေါ်တွေ၊ ပဲခူးရိုးမတွေမှာလည်း ရှိသေးတယ်။ ဆိုတော့ အဲဒီတုန်းက ကွဲတယ်ဆိုတဲ့အဖွဲ့တွေက သူတို့ရဲ့ခံယူချက်တွေ မူပေါ်လစီတွေ အခိုင်အမာရှိတယ်။

လက်ဝဲယိမ်းတဲ့သူတွေကလည်း လက်ဝဲဆန်ဆန် မူဝါဒပေါ်လစီကို အခိုင်အမာကိုင်ထားတယ်။ လက်ယာယိမ်းတဲ့သူကလည်း လက်ယာအလျောက် မူဝါဒရှိတယ်။ သို့သော်လည်း ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကွဲပြဲမှုတွေက အခုထက်ထိ ပြန်ပေါင်းစည်းလို့ မရသေးဘူး။ ဒီလိုကွဲပြဲမှုဟာ ကျွန်တော်တို့အတွက် မကောင်းဘူး။

သို့သော်ငြားလည်း ကျွန်တော်တို့ ဘာမှ အားငယ်စရာမရှိဘူး။ ဘာလို့ဆို ကျွန်တော်တို့ KNU အဖွဲ့အစည်းဟာ ခိုင်မာတဲ့ မူဝါဒ ပြတ်ပြတ်သားသားနဲ့ ရပ်တည်နိုင်တဲ့အခါမှာ စစ်အာဏာရှင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရင်ဆိုင်လာခဲ့တယ်။ နောက်ဆုံးရှိတဲ့ စစ်အာဏာရှင်စနစ်ကို ကောင်းကောင်းကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့ဆို ဒီနေ့ ဒီကာလမှာ ရှိနေတဲ့ စစ်အာဏာရှင်ဟာ အရင်က စစ်အာဏာရှင်နဲ့ နှိုင်းယှဉ်ရင် အားအနည်းဆုံးဖြစ်တယ်ဆိုတာကို ပြောလို့ရတယ်။ အဲဒါကြောင့် ကောင်းကောင်းကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။  

မေး – အခု အသစ်ဖွဲ့လိုက်တဲ့ Kaw Thoo Lei Army ပေါ့နော်။ အဲဒီအဖွဲ့ဟာ  KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ မှာ အခြေစိုက်မယ်လို့ ပြောထားတယ်ဆိုတော့ နယ်မြေအရှုပ်အရှင်းတွေ၊ တပ်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်မလား။

အဲဒီအပိုင်းမှာတော့ မရှိဘူးလို့ ပြောလို့ဘယ်ရမလဲ။ ဒါကတော့ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ရှိလာတဲ့အခါ အောက်ခြေမှာ ပြန်ပြီးတော့ရှင်းရမှာပဲ။ ဒီကိစ္စက ဒီအတိုင်းထားလို့မရဘူး။ အကောင်းဆုံးပြေလည်နိုင်တဲ့ အနေအထားရောက်အောင် ကျွန်တော်တို့ လုပ်ရမယ်။ မူပေါ်လစီအရ ကျွန်တော်တို့ ပေါင်းလို့မရတော့ဘူး။ ဒါပေမဲ့ ဘုံရန်သူကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးတော့ လုပ်ဆောင်သွားရမဲ့ အပိုင်းတွေ ရှိပါတယ်။ 

မေး – Kaw Thoo Lei Army ကလည်း စစ်ကောင်စီကို တိုက်မယ်လို့ ပြောထားတယ်။ KNLA ကလည်း စစ်ကောင်စီကို တိုက်နေတာရှိတယ်။ ဆိုတော့ အောက်ခြေမှာ တိုက်နေတဲ့ တပ်တွေအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောလား။

ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ရှေ့ဆက်ပြီး အချင်းချင်း ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို နည်းလမ်းတွေရှာပြီး လုပ်သွားရမဲ့အပိုင်း ရှိပါတယ်။ ဒါက မြေပြင်အနေအထားအရပေါ့နော်။ မဖြစ်နိုင်တာတစ်ခုကတော့ ကျွန်တော်တို့ မူဝါဒအရ လုံးဝ သီးသန့်အဖွဲ့အစည်းတစ်ခုဖြစ်နေတဲ့အတွက် မူဝါဒ ပေါ်လစီ နိုင်ငံရေးအယူအဆ မတူနိုင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ မြေပြင်အနေအထားအရ ဆက်လက်ပြီး ကြိုးစားသွားပါမယ်။

မေး – KNLA တပ်ရင်းတွေမှာလည်း PDF တွေ ပါဝင်တိုက်နေတာမျိုးရှိတယ်။ စောနယ်ဒါးမြနောက်ကို လိုက်ပါနေတဲ့ PDF တွေရှိတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်သွယ်ပြောဆိုတာမျိုး ဆွေးနွေးညှိနှိုင်းထားတာ ရှိလား။

ကျွန်တော်တို့အနေနဲ့ NUG နဲ့ ဆက်သွယ်မှု အမြဲတမ်းရှိပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ကိုယ်တိုင်ကလည်း NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) ထဲမှာ အတူတူရှိနေတဲ့အခါကျတော့ အမြဲတမ်းစကားပြောနေရတာပဲလေ။ နိုင်ငံရေးအရ၊ စစ်ရေးအရ အထူးသဖြင့် ကျွန်တော်တို့နယ်မြေထဲမှာ PDF တွေကိစ္စ ပြောဖြစ်ပါတယ်။ အထူးသဖြင့် ဥကရစ်ခီးဒေသမှာ ရှိတဲ့ PDF ဆိုတာ အနည်းအကျဉ်းပဲရှိပါတယ်။ ကျွန်တော်တို့ဒေသတွေဖြစ်တဲ့ တောင်ငူခရိုင်ကနေ မြိတ်-ထားဝယ်ခရိုင်အထိ ရှိ‌နေတဲ့ PDF အဖွဲ့တွေရှိတယ်။ အဲဒါတွေက ကျွန်တော်တို့လက်အောက်မှာရှိပြီး ကျွန်တော်တို့အနေနဲ့ NUG နဲ့ စကားမပြောလို့ မရဘူးလေ။ ဆွေးနွေးပြောဆိုရမှာပဲ။ အဲဒါကြောင့်မို့လို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဘုံရန်သူကို တိုက်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ ဒီအတိုင်းနေလို့မရဘူးဗျ။

မေး – အခုလိုမျိုး Kaw Thoo Lei Army ဆိုပြီး တပ်ဖွဲ့အသစ်ခွဲထောင်တာဟာ ဒေသအတွင်းမှာ ရိုက်ခတ်မှု ရှိလာနိုင်မလားခင်ဗျာ။

အစတော့ ရှိမှာပဲလေ။ နည်းနည်းပါးပါး နောက်ဆုံးတော့လည်း ဒီလိုပဲ ဖြစ်သွားတာပဲ။ ကျွန်တော်တို့ နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ မှာပဲ ရှိပါတယ်။ ကျွန်တော်တို့ ဒေသဆိုင်ရာမှာ ရှိတဲ့ အကြီးအကဲတွေက ဒီလိုမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိနေပါတယ်။

မေး – KNU ကို NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဆိုပြီး ပြောဆိုမှုအပေါ် ဘယ်လိုတုံ့ပြန်ချင်သလဲ။

အထူးသဖြင့် ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ သေချာကြည့်ကြပါ။ ကျွန်တော်တို့ဟာ မူဝါဒတစ်ခုကိုင်စွဲတဲ့ အပေါ်မှာ သေချာရပ်တည်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ မူဝါဒအပေါ်မှာ ကိုင်စွဲထားတယ်။ အဲဒါကြောင့် NCA ကို လက်မှတ်ရေးထိုးပြီးတော့  နိုင်ငံရေးဆွေးနွေးပွဲကို ရတဲ့အခါမှာ အားနည်းချက်တွေရှိပေမဲ့ အခက်အခဲအတားအဆီးမျိုးစုံ ရင်ဆိုင်ပြီးတော့ စစ်တပ်နဲ့ စကားပြောတယ်။

သို့သော်ငြားလည်း စစ်တပ်က ဖောက်လှဲဖောက်ပြန်လုပ်ပြီးတော့ အကြမ်းနည်းဖြေရှင်းတဲ့အခါမှာ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ဒီလိုမျိုး ကတိမတည်တဲ့ စစ်တပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးစရာ အကြောင်းကို မရှိဘူး။ အဲဒါကြောင့်မို့လို့ ဒီနေ့ဒီကာလမှာ စစ်အာဏာရှင်ဖြုတ်ချရေးကို တစိုက်မတ်မတ် လုပ်ဆောင်လာတယ်။ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တယ်ဆိုတဲ့ ယိုးစွပ်မှုအောက်မှာ မှန်တယ်မှားတယ်ဆိုတာကို ပြည်သူလူထုက သေချာသုံးသပ်ဖို့လိုပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲပေါင်း ၆၀၀၀ နီးပါးဖြစ်တယ်။ သူတို့ (စစ်ကောင်စီ) လက်အောက်ခံဆိုရင် တိုက်ပွဲဖြစ်စရာကို မလိုဘူး။ ကျွန်တော်တို့ဟာ သူတို့ (စစ်ကောင်စီ) လက်အောက်ခံဖြစ်တယ်ဆိုတဲ့ ယိုးစွပ်တဲ့ စကားဟာ အဆီအငေါ်မတည့်တဲ့စကား၊ ဒါဟာ ဖြုတ်ဦးနှောက်လောက်သာရှိပြီးတော့ နိုင်ငံရေးမှာ မျက်စိမရှိ၊ နားမရှိ၊ ဘာမှ စဉ်းစားတွေးခေါ်မှုမရှိဘဲ ပြောဆိုတဲ့အနေအထား ဖြစ်လာတဲ့အခါကျတော့ ပြည်သူလူထုကို ပြောချင်တာ သေချာကြည့်ကြပါ၊ (KNU က) စစ်အာဏာရှင်ကျဆုံးရေးကို ဆက်လက်လုပ်ဆောင်သွားမှာပဲ။ 

စိုးရိမ်တာတစ်ခုက ပြည်သူလူထုက မဟုတ်တမ်းတရားပြောဆိုမှုတွေကို နားမယောင်ကြဖို့နဲ့ နားဝေတိမ်တောင်မဖြစ်ဖို့က သိပ်အရေးကြီးတယ်။ အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်းမှာ တိုက်ပွဲပေါင်း ၆၀၀၀ နီးပါး ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ စစ်ကောင်စီလက်အောက်မှာ မရှိလို့သာ တိုက်ပွဲဖြစ်တာပါ။ ဒါဟာ ရှင်းနေတာပဲ အဲဒါပဲ၊ ကျွန်တော်ထောက်ပြချင်ပါတယ်။

မေး –  ရပ်တည်မှုတွေ ကွဲပြားနေကြချိန် ပြည်သူလူထုကို KNU အနေနဲ့ ဘာများ သတင်းစကား ပါးချင်သလဲခင်ဗျာ။

ဒီလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ အနေအထားမျိုးကိုလည်း ကြုံခဲ့ရပြီးပြီ။ ဒီလိုမျိုး အကွဲအပြဲပြဿနာမျိုး ကြုံခဲ့ရတဲ့အပေါ်မှာလည်း စိတ်မကောင်းပါဘူး။ သို့သော်ငြားလည်း မူဝါဒအပေါ်မှာ အခိုင်အမာရပ်တည်ပြီး ဒီဟာတွေကို ကျော်လွှားနိုင်တယ်ဆိုတာ ပြည်သူလူထုကို ပြောချင်တယ်။

ဒုတိယအချက်အနေနဲ့ ဒီနေ့ ဒီကာလမှာ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ပြည်သူတစ်ရပ်လုံးက အုံအုံကြွကြွနဲ့ ပါဝင်လာတဲ့အခါမှာ ပြည်သူလူထုက တတ်နိုင်တဲ့ဘက်ကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပစ္စည်း၊ စည်းစိမ်တွေကို ပုံအောပြီးလှူကြတာ အင်မတန်မှ ချစ်စရာကောင်းတဲ့အ‌လေ့အထဖြစ်တယ်။ 

ဒါပေမဲ့ ကျွန်တော်သတိပေးချင်တာကတော့ လှူနေတဲ့ အနေအထားဟာ သေချာကြည့်ကြပါ၊ မူကို ကြည့်ပြီး သေချာလှူကြပါ။ အထူးသဖြင့် အဆိပ်ပင် ရေမလောင်းမိဖို့က သတိထားမိဖို့ လိုပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့ အလုပ်ဟာ ကျွန်တော်တို့ သက်တမ်းမှ မဟုတ်ဘူး အနာဂတ်မှာ ဖြစ်ပေါ်လာမဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်တဲ့နေရာမှာ စစ်အာဏာရှင် ဖြုတ်ချပြီး ကျွန်တော်တို့ကိုယ်တိုင် တာဝန်ယူရတဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် ပရမ်းပတာလူတွေနဲ့ ဖွဲ့စည်းနေတဲ့အခါကျတော့ ကျွန်တော်တို့တိုင်းပြည်ဟာ ကသောင်းကနင်းဖြစ်ပြီးတော့ ဒီထက်ဆိုးဝါးတဲ့ အနေအထားကို ရောက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုက လှူတဲ့အခါမှာ မူအပေါ် ကြည့်ပြီးတော့ လှူကြပါ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button