သတင်း

ထိုင်းတွင် အဖမ်းခံရသူ လူငယ် ၃ ဦး မြန်မာဘက်အရောက်တွင် ပစ်ခတ်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိန်းသိမ်းခံရသည့် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင် ၃ ဦး မြဝတီမြို့သို့ ပြန်ရောက်လာစဉ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ ပစ်ခတ်ဖမ်းဆီးခြင်း ခံလိုက်ရသည်။

ထို ၃ ဦးမှာ ကော်သူးလေတပ်မတော် လက်အောက်ခံ Lion Battalion Commando အမည်ရ စစ်ကြောင်းမှ ၃၈ နှစ်အရွယ် ကိုသီဟ၊ ၃၁ နှစ်အရွယ် ကိုထက်နေဝင်းနှင့် ၂၆ နှစ်အရွယ် ကိုစောဖြိုးလေးတို့ဖြစ်သည်။

ယင်းတပ်ဖွဲ့ဝင် သုံးဦးမှာ မတ် ၂၅ ရက်နေ့က ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်ပွဲအတွင်း ရရှိခဲ့သည့် ဒဏ်ရာအတွက် ကုသမှု ခံယူရန် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိနေစဉ် ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသည်။

ကျုံဒိုးမြို့ရှိ စစ်ကောင်စီပစ်မှတ်များကို Lion Battalion အဖွဲ့ အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့၌ပင် ကျုံဒိုးနှင့် ၃၅ မိုင်ကျော် ဝေးသည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်ရဲစခန်းတို့ကိုလည်း တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။​

ကျုံဒိုးတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ကိုသီဟ ဆေးကုသမှုအတွက် ခရီးထွက်စဉ် ကျန်တပ်ဖွဲ့ဝင်နှစ်ဦးက အဖော်အဖြစ် လိုက်ပါပေးခြင်းဖြစ်သည်၊ နယ်စပ်မှတစ်ဆင့် မဲဆောက်သွားစဉ် လမ်းမှားပြီး အဖမ်းခံရခြင်းဖြစ်သည်ဟု ထိုသုံးဦးလွတ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးခဲ့သူတစ်ဦးက ယနေ့ (ဧပြီ ၆) Myanmar Now ကို ပြောသည်။ 

ဧပြီ ၃ ရက်နေ့ ညနေပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူများမှတစ်ဆင့် ထိုင်းလဝက တာဝန်ရှိသူများထံ သွားရောက်ညှိနှိုင်းရာ၌ မိုးချုပ်နေသဖြင့် နောက်နေ့မှ ပြန်လာရန် အကြောင်းပြန်သည်ဟု ဆိုသည်။ ဧပြီလ ၄ ရက် နံနက် ၁၁ နာရီတွင် ထပ်မံသွားရောက်စဉ် ဖမ်းဆီးထားသူ သုံးဦးကို နယ်စပ်တွင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း သိခဲ့ရသည်။

မဲဆောက်တွင် တရားဝင်နေထိုင်ခွင့် အထောက်အထားလက်မှတ် မပြနိုင်သူတို့ ဖမ်းဆီးခံရလျှင် ထိုင်းလဝက အရာရှိတို့က ရက်ပိုင်းအတွင်း နယ်စပ်သို့ သွားရောက် ပို့ဆောင်လေ့ရှိပြီး သောင်ရင်းမြစ်ကို ဖြတ်၍ မြန်မာနိုင်ငံဘက်သို့ ဖြတ်ကူးသွားကြစေရန်လည်း စီစဉ​်လေ့ရှိသည်။ သောင်ရင်းမြစ်သည် အသေးစားမြစ် ဖြစ်သောကြောင့် ထိုင်းအရာရှိတို့ လွှတ်ပေးသည့် နေရာနှင့် မြန်မာဘက်ကမ်းရှိ လှေဆိပ်မှာ နီးကပ်စွာ တည်ရှိသည်။ 

မြန်မာဘက်ရှိ လှေဆိပ်တွင် စစ်တပ် သို့မဟုတ် စစ်တပ်က တာဝန်ပေးထားသည့် အဖွဲ့အစည်းတစ်ခုခု ရှိနေတတ်သည်။ 

ထိုင်းလဝက တာဝန်ရှိသူများက သူတို့ ၃ ဦးကို BGF ဂိတ်ရှိရာ အင်ကြင်းမြိုင်သွားမည့် လှေပေါ် တင်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထိုသို့ ပြန်လွှတ်လိုက်စဉ် မြန်မာဘက်ခြမ်း မြဝတီမြို့နယ် အင်ကြင်းမြိုင်ရွာအနီးတွင် ရှိနေသည့် BGF ၏ စစ်ဆေးရေးဂိတ်မှ လက်နက်ကိုင်တို့က ထို ၃ ဦးကို ပစ်ခတ်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်သူ အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“လိုက်စုံစမ်းတော့ မနက် ၈ နာရီလောက်မှာ BGF ဂိတ်နားမှာ ပစ်ခတ်မှုဖြစ်တယ်။ ၃ ယောက်ကို ပစ်ပြီး ဖမ်းတာတဲ့။ လိုက်မေးကြည့်တော့ ဆေးကုဖို့သွားတဲ့ ၃ ယောက် ဖြစ်နေတယ်။ သူတို့က လှေပေါ်ကနေ ရေထဲ ခုန်ဆင်းပြေးတာ။ ပြေးတဲ့အချိန်မှာ ပစ်ဖမ်းလိုက်တာ” ဟု သူက ပြောသည်။

ထိုင်းဘက်က ပြန်ပို့သည့်အစီအစဉ်နှင့် ပစ်ခတ်မှုဖြစ်ပွားသည့်အကြောင်း အသေးစိတ်အခြေအနေ မသိရပေ။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

နယ်ခြားစောင့်တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ် ကိုသီဟသည် ရင်ဘတ်ကို ထိမှန်ကာ ကိုစောဖြိုးလေးမှာ ပေါင်တွင် ထိမှန်ကြောင်း၊ ၎င်းတို့သုံးဦးကို BGF တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က ဧပြီလ ၄ ရက် ညပိုင်းတွင် စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“BGF တွေက ပြန်ဖမ်းပြီးတော့ ခေါင်းကို အဝတ်အမည်းတွေ စွပ်ပြီးတော့ နိုင်မောင်ဇော်က လာခေါ်သွားတာ။ ညကျတော့ စကစ (စစ်ကောင်စီ) ဆီ အပ်လိုက်တာတဲ့” ဟု သူက ဆိုသည်။

နောက်ဆက်တွဲ အခြေအနေများကို မသိရသေးပေ။ 

တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်သားတို့ကို ဖမ်းမိလျှင် လက်နက်ချ အညံ့ခံသူများ၊ စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များအတိုင်း ဆက်ဆံရန် လမ်းညွှန်ထားသည်။ တောတွင်းစခန်းတွင် ကောင်းမွန်စွာ နေထိုင်ရသည့် မှတ်တမ်းများလည်း အွန်လိုင်းစာမျက်နှာများတွင် တွေ့နိုင်သည်။

စစ်ကောင်စီတပ်ဘက်တွင်မူ ဖမ်းဆီးရမိသည့် တော်လှန်ရေးတပ်သားများကို အကြမ်းဖက်သောင်းကျန်းသူဟု သတ်မှတ်ပြီး နှိပ်စက် သတ်ဖြတ်လေ့ရှိသည်။

ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် KNU လက်အောက်ခံ ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်နေပြီး ဒေသခံ ရာထောင်ချီ သောင်ရင်းမြစ်ကူးကာ ထိုင်းနိုင်ငံဘက် ထွက်ပြေး ခိုလှုံနေရသည်။

BGF တပ်ဖွဲ့ပိုင် အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သော မြဝတီအနီး ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတစ်ဝိုက်ရှိ ကင်းစခန်းအချို့ကို ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီလေတပ်က တုံ့ပြန်တိုက်ခိုက်နေသည်။

နှစ်ဖက်အကျအဆုံးများသည်ဟု သိရကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ယနေ့ ညနေပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“ဒဏ်ရာရသူအများအပြား မဲဆောက်၊ မဲရမတ်ဒေသ ဆေးရုံများသို့ ရောက်လာသည်၊ ဆေးရုံတွင် သေဆုံးသွားသူများလည်း ရှိသည်” ဟု သတင်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button