ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ယနေ့ (ဇွန် ၂၃) နံနက်ပိုင်းက ကျေးရွာနှစ်ရွာကို လေတပ် က ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသားတစ်ဦးသေဆုံး၊ ကလေးနှစ်ဦး ဒဏ်ရာရကြောင်း သိရသည်။
ဖရူဆိုမြို့မှ အဖြောင့်တိုင်းလျှင် အနောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ လုခူပရားကျေးရွာနှင့် ၁၆ မိုင်ခန့် အကွာရှိ ဒိုရော(အောက်)ရွာတို့ကို နံနက် ၃ နာရီခွဲခန့်တွင် ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
ဗုံးတစ်လုံးကြဲချသည့် ဒိုရော(အောက်) ရွာတွင် သေဆုံးသူမှာ အသက် ၅၀ ကျော် အမျိုးသား လွီးဇီ ဆိုသူ ဖြစ်ကြောင်း သူ၏ အဒေါ်ဖြစ်သူက ပြောသည်။
ဒဏ်ရာရသွားသူ ကလေးနှစ်ဦးမှာ အခြားနေအိမ်တစ်လုံးမှ ဖြစ်ကြောင်း၊ ကလေးများ၏ အသက်အရွယ်နှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှု အခြေအနေ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဗုံးနှစ်လုံးကြဲချသည့် လုခူပရားကျေးရွာတွင် ဒေသခံတစ်ဦး ဒဏ်ရာအနည်းငယ် ရသွားပြီး နေအိမ် ၇ လုံး ပျက်သွားကြောင်း ဖရူဆိုဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
“လူတော့ အထိအခိုက်မရှိဘူး။ ဒဏ်ရာတစ်ယောက်ပဲရတယ်။ အသက် ၅၀ ကျော်ပဲ (ဒဏ်ရာ) သိပ်မပြင်းဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။
လုခူပရားကျေးရွာတွင် ဇွန် ၂၂ ကလည်း နံနက် ၁ နာရီမထိုးမီ စစ်ကောင်စီတပ်က ဗုံးနှစ်လုံး လာရောက် ကြဲချခဲ့ပြီး နေအိမ် ၆ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့သေးသည်။
စစ်ကောင်စီက ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၎င်းတို့၏ ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများကမူ လုခူပရားကျေးရွာတွင် တော်လှန်ရေးအဖွဲ့များ ခိုအောင်းနေကြောင်း ရေးသားနေကြသည်။
ဖရူဆိုဒေသခံအမျိုးသားကမူ အဆိုပါ ကျေးရွာနှစ်ရွာတွင် တိုက်ပွဲ မဖြစ်ခဲ့ဖူးသလို စစ်ကောင်စီဝါဒ ဖြန့်သလို တော်လှန်ရေးအင်အားစုများ နေထိုင်ခြင်းလည်းမရှိကြောင်း တုံ့ပြန်သည်။
ထိုနေရာ၌ နေထိုင်သော ဒေသခံတို့မှာ အိပ်စက်နေချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဒိုရော(အောက်)ရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး လုခူပရားရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိပြီး ကယောလူမျိုး အများစု နေထိုင်သောရွာငယ်လေးများဖြစ်သည်။
၂၀၂၁ အာဏာသိမ်းမှုဆန့်ကျင်သူတို့ ပစ်သတ်ခံရပြီး နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ခေါင်းဆောင်တို့ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသည့် ကယားပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
ပြည်နယ်မြို့တော် လွိုင်ကော်၏တောင်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး လေတပ် တိုက်ခိုက်မှုခံရ သည့် ဖရူဆိုမြို့သည် စစ်ဒဏ်ကို အကြီးအကျယ် ကြုံတွေ့နေရသည်။
၂၀၂၂ ဇန်နဝါရီ ၁၇ တွင် လေတပ်က ဖရူဆိုမြို့ ရီခီးဘူးကျေးရွာကို ဗုံးကြဲရာ စစ်ရှောင် ၇၀၀ ခန့် နေထိုင် နေသည့် တန်းလျားအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲပြီး ၁၂ နှစ် နှင့် ၁၅ နှစ်အရွယ် ညီအစ်မ၊ အသက် ၅၁ နှစ်အရွယ် ဦးအန်ဒရေးယာတို့ သေဆုံးသွားသည်။ ကလေးနှစ်ဦး ခန္ဓာကိုယ် အပိုင်းပိုင်း အစစ ဖြစ်သွားသည်ဟု သိရသည်။
အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) က ၂၀၂၁ ဒီဇင်ဘာ ၁၄ တွင် တိုက်တွန်းထားသည်။
ထိုသို့ တိုက်တွန်းပြီး ၁၀ ရက် အကြာတွင် ဖရူဆိုမြို့ပြင်တွင် အရပ်သား ၄၀ ဝန်းကျင် အစုလိုက် အပြုံလိုက် သတ်ဖြတ် အလောင်းဖျောက်ခံခဲ့ရသည်။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ထိုအထဲတွင် ၎င်းတို့ဝန်ထမ်းနှစ်ဦးပါဝင်ကြောင်း အတည်ပြုခဲ့သလို ကုလသမဂ္ဂအဖွဲ့ ကလေးများရန်ပုံငွေအဖွဲ့ကလည်း မီးရှို့ခံထားရသည့် ရုပ်အလောင်းများထဲတွင် ကလေးငယ်လေးဦးနှင့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများ ပါဝင်ကြောင်း ကြေညာခဲ့သည်။
စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်ပြီး တော်လှန်ရေးအဖွဲ့များက ကျေးလက်ဒေသကို ထိန်းချုပ်ထားသည်။
ကယားပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်းနှစ်ခု ရှိရာ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းမှာပင် ထိုတပ်ရင်းများက တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းလိုက်ကြသည်။