သတင်း

ဖရူဆိုတိုက်ပွဲတွင် စစ်တပ်အရာရှိတချို့ သေဆုံးဟုဆို

ကယားပြည်နယ်အတွင်း ဒီးမော့ဆိုမှ ဖရူဆိုမြို့န​ယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကရင်နီပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်နေရာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိအဆင့်နှစ်ဦး ပါဝင်သည်ဟု သိရသည်။

ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဒီးမော့ဆို-ဖရူဆိုလမ်းပေါ်တွင် ယခုလဆန်းမှ ယနေ့ (ဩဂုတ် ၁၅) အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အသေအပျောက်များသည်ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်က ဆိုသည်။

စစ်ကောင်စီဘက်မှ ယခုလ ၁၀ ရက်နေ့တွင် ဒုတပ်ရင်းမှူးတစ်ဦးနှင့် ၁၂ ရက်နေ့တွင် ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး သေဆုံးခဲ့ကာ ၎င်းတို့နှစ်ဦးလုံး တပ်မ ၅၅ မှ ဖြစ်သည်ဟု စစ်မြေပြင်ရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(ပစ္စတို) ရတာ သုံးလက်။ သုံးပွင့်ကောင်ရဲ့ မှတ်ပုံတင်၊ ကိုယ်ပိုင်နံပါတ်တွေတော့ ရထားတယ်”

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားမတည်ပြုနိုင်ပေ။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံရေးသားနေသည့် တယ်လီဂရမ်စာမျက်နှာတစ်ခုတွင် ဖရူဆိုတိုက်ပွဲအတွင်း အရာရှိတချို့ သေဆုံးသည်ဟု ရေးသားသည်။

ဒီးမော့ဆိုမြို့ပေါ်၌သာ နယ်မြေစိုးမိုးထားသည့် စစ်ကောင်စီတပ်သည် ဖရူဆိုမြို့နယ်သို့ စစ်ယာဉ်တန်း ဖြတ်သန်းသွားနိုင်ရန် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဖရူဆိုမြို့အဝင်မှ တောင်ဘက် သုံးမိုင်ခန့်အကွာ ထီးသော်ကူးနှင့် ကဒါးလားကျေးရွာအထိ ရောက်ရှိလာသော်လည်း ကရင်နီပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ထိုရွာများမှ ခေတ္တဆုတ်ခွာသွားသည်ဟု အထက်ပါပူးပေါင်းတပ်ဖွဲ့ဝင်က ဆိုသည်။

တိုက်ပွဲဖြစ်နေသည်မှာ ၁၀ ရက်ကျော် ရှိလာပြီဖြစ်ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် ရိက္ခာအမြောက်အမြားကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရမိထားသည်ဟု သိရသည်။ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိသည်ဆိုသော်လည်း အသေးစိတ် မသိရပေ။

ရှေ့တန်းတစ်နေရာတွင် တွေ့ရသော ကရင်နီအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ-PDF Hpruso)

ဖရူဆိုတိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူ အသုံးပြုခဲ့ပြီး ယခုလ ၁၃ ရက်နေ့က ထီးသော်ကူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယခုလ ၃ ရက်ကလည်း ဖရူဆိုမြို့နယ်အဝင်ရှိ ထူလွီးဘီလာကျေးရွာအနီး တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကရင်နီပူးပေါင်းတပ်ဘက်မှ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

နောက်လေးရက်အကြာ ဩဂုတ် ၇ ရက်နေ့တွင် ထိုလမ်းပိုင်း၌ စစ်ကားနှစ်စီးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

စစ်ကောင်စီသည် ဖရူဆိုမြို့နယ်အတွင်းရှိ ၎င်း၏တပ်များထံ ရဟတ်ယာဉ်ဖြင့် လက်နက်ရိက္ခာ ပို့ဆောင်နေရပြီး ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အတွင်း စခန်းများထံ သွားရောက်နိုင်ရေး ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်သည်ဟု ကရင်နီဒေသခံတို့က ယူဆသည်။

လက်ရှိ၌ ပြည်နယ်မြို့တော် လွိုင်ကော်မှ မယ်စဲ့သွားရာ လမ်းတစ်လျှောက်ဖြစ်သော ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ဇွန်လနှောင်းပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသတွင်း နယ်မြေစိုးမိုးမှုအရ တော်လှန်ရေးအဖွဲ့များက အားသာနေသည်ဟုလည်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button