
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာ၍ ယခုလဆန်းကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသည်။
ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်အနီး တောင်ကြောတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းမှာ ၎င်း၏ ထောက်ပို့ယာဉ်တန်းများ သွားလာနိုင်ရေးအတွက် နယ်မြေစိုးမိုးမှု ရယူရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
“ဒီးမော့ဆိုရယ် ဖရူဆိုကြားပေါ့၊ ဒီးမော့ဆိုအထွက်ဘက်က ရွာတွေမှာ စစ်ကောင်စီက စပြီးတော့ စစ်ကြောင်းထိုးတယ်။ သူတို့ ထောက်ပို့ယာဉ်တန်းတွေ ဖြတ်နိုင်ဖို့အတွက်ပေါ့။ ထောက်ပို့ယာဉ်ကတော့ ဖရူဆိုဘက်ကို ဦးတည်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီဘက်က အင်အား ၂၀၀ မှ ၃၀၀ အထိ ရှိနိုင်ကြောင်း၊ နှစ်ဖက် ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ပေါ်တွင်သာ နယ်မြေစိုးမိုးထားသည့် စစ်ကောင်စီတပ်က ထိုနှစ်မြို့ ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးကို ပြန်လည်အသုံးပြုနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
KNDF ကလည်း တိုက်ပွဲဖြစ်ပွားသည့် အထက်ပါလမ်းမကြီး၏ ဝဲယာတစ်လျှောက်ရှိ ဖရူဆိုမြို့နယ် ဒေါညေးခူနှင့် ထီးပေါ်ဆိုကျေးရွာလမ်းပိုင်းကို ဒေသခံပြည်သူများ အသုံးမပြုကြရန် ဩဂုတ် ၂ တွင် သတိပေးစာ ထုတ်ပြန်ထားသည်။
ယမန်နေ့ (ဩဂုတ် ၇) တွင် ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းရောက် စစ်ကားနှစ်စီး တိုက်ပွဲအတွင်း ပျက်စီးသွားသည်ဟု သတင်းရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဩဂုတ် ၃ တွင်လည်း တိုက်ပွဲဖြစ်နေသည့် လမ်းပိုင်းရှိ ဖရူဆိုမြို့နယ်အဝင် ထူလွီးဘီလာကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျသဖြင့် ပူးပေါင်းတပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။
တိုက်ပွဲနေရာအနီး ကျေးရွာများတွင် ဒေသခံများ မနေထိုင်ကြတော့သည်မှာ နှစ်နှင့်ချီ ရှိနေပြီကြောင်း ၎င်းက ဆက်ပြောသည်။
“ရှောင်ပြီးသားပဲဗျ။ နှစ်နှစ်လောက်ရှိပြီ။ အရင် နန်းဖဲ (ဘောလခဲ) မဲ့စလောင်းတောင် တိုက်ပွဲစဖြစ်တုန်းက” ဟု ၎င်းက ဆိုသည်။
ဒေသတွင်းတပ်များသို့ သွားရောက်သည့် စစ်ကောင်စီ ထောက်ပို့ယာဉ်များမှာ ပြည်နယ်တွင်း အဓိကလမ်းမကြီးများကို အသုံးပြုနေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်ထားသည့် လမ်းတွင်လည်း ဇူလိုင်လအတွင်းက စစ်တပ်ယာဉ်တန်းများ တိုက်ခိုက်ခံထားရသည်။
ယခုအခါ အဆိုပါလမ်းတွင် တိုက်ပွဲ ပြန်ဖြစ်နေသည်။
ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်တွင်လည်း လက်လွှတ်လိုက်ရသည့် စစ်စခန်းများ ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေသည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတချို့ ပါဝင်သော ကရင်နီဒေသရှိ ပြည်သူများမှာ စစ်တပ် အာဏာသိမ်းမှုကို အခြားဒေသများနည်းတူ ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ စစ်ကောင်စီက အကြမ်းဖက်တုံ့ပြန်ရာမှ ပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ လူဦးရေ သုံးသိန်းကျော်သာ ရှိသော ဒေသတစ်ခုလုံးနီးပါး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။
ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ် ကရင်နီတပ်မတော် (KA) အပါအဝင် KNDF, PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) နှင့် ဒေသကာကွယ်ရေးအဖွဲ့အများအပြားက စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြရာ နှစ်နှစ်ကျော်ကာလအတွင်း ကာကွယ်ရေးအဖွဲ့များက နယ်မြေအများစုကို စိုးမိုးနိုင်ခဲ့သည်။
နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသော ထိုဒေသတွင် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များတွင်သာ စိုးမိုးထားသည်။ ကာကွယ်ရေးတပ်များ ရှိနိုင်သည့် နေရာများကို လေတပ်က နေ့စဉ်နီးပါး တိုက်ခိုက်နေရာ ကျေးရွာများ၊ ဒုက္ခသည်စခန်းများပါ ပစ်ခတ်တိုက်ခိုက်ခံနေရသည်။
ထိုဒေသ တိုက်ပွဲများအကြောင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
ဇွန် ၃၀ ရက်နေ့က ဘောလခဲမြို့နယ်အတွင်း ပစ်ချခံရသော စစ်လေယာဉ်ပျက် အပိုင်းအစများကို စစ်ကောင်စီတပ်က သွားရောက်သိမ်းယူခဲ့သည်။ ထိုသို့ သိမ်းယူခြင်းမှာ စစ်တပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုကို ဟန့်တားနိုင်ရန် သက်သေဖျောက်ဖျက်ခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူတို့က ဆိုသည်။
စစ်ကောင်စီ၏ မကြာသေးမီက ဂုဏ်ပြုဆုချီးမြှင့်ကြောင်း ကြေညာချက် လူစာရင်းတွင် ထိုလေယာဉ် မောင်းနှင်သေဆုံးခဲ့သူ အရာရှိ ၂ ဦး၏ အမည် ပါဝင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)