အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖရူဆိုရှိ စစ်ကောင်စီစခန်းကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ သွားရောက်ပစ်ခတ် 

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို ယမန်နေ့ (ဒီဇင်ဘာ ၂၈) က သွားရောက်ပစ်ခတ်ခဲ့ပြီး ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ (Karenni Commando) က ပြောသည်။

ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာအရှေ့ဘက်ရှိ စစ်တပ်စခန်းကို ယမန်နေ့ နံနက် ၆ နာရီတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးပြီး ၎င်းတို့တပ်ဖွဲ့အနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။​

“ဒါက ပထမဆုံးတိုက်ပွဲပေါ့နော်။ အဲဒီစခန်းကို ကျွန်တော်တို့က ခရစ္စမတ်လက်ဆောင် သွားပေးတာ ပေါ့နော်။ သွားလည်း ကစားတာပေါ့။ ဒီရက်တွေ တခြားဘက်တွေ သွားလည်ဦးမယ်” ဟု ၎င်းက ပြောသည်။

သွားရောက်တိုက်ခိုက်ခဲ့သည့် Karenni Commando တပ်ဖွဲ့သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) မှ တပ်ဖွဲ့ဝင်များဖြင့် အများဆုံးဖွဲ့စည်းထားပြီး ဒေသအခြေစိုက် အခြား လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ပါဝင်သည်ဟု သိရသည်။ 

ယမန်နေ့က ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ သွားရောက်ပစ်ခတ်သည့် စစ်တပ်စခန်းမှာ ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄) တန်းမြင့်စစ်တပ်လေ့ကျင့်ရေးကျောင်းကို လုံခြုံရေးယူထားပေးသည့်စခန်းဟု သိရသည်။ 

“သူတို့က အဲဒီမှာ စခန်းမချဘူးဆိုရင် ကျွန်တော်တို့က အမှတ် (၁၄) တပ်စခန်းကို အချိန်မရွေး သူတို့ကို စစ်သွားထိုးလို့ ရတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့စခန်းချလိုက်တော့ ကျွန်တော်သွားလို့လည်း အဆင်မပြေ တော့ဘူး” ဟု ကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ ၎င်းတို့တပ်ဖွဲ့ သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖရူဆိုမြို့နယ်တွင် ၎င်းတို့၏ တပ်ရင်းများအတွင်းနှင့် လူသူမရှိတော့သည့် မြို့ပေါ် တွင်သာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရနေကြောင်း အထက်ပါသတင်းရင်းမြစ်ထံမှသိရသည်။ 

ဖရူဆိုမြို့ပေါ်တွင် ခမရ ၅၃၁၊ ခမရ ၄၂၈ တို့လှုပ်ရှားနေကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့မရဲစခန်း၊ ခရစ်ယာန် ဘုရားကျောင်းနှင့် လမ်းဆုံလမ်းခွရှိနေအိမ်အချို့တို့တွင် နေရာယူထားကြောင်း ၎င်းက ဆက်ပြောသည်။

မာခရော်ရှေ့ကျေးရွာအနီးရှိ စစ်တပ်ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA) ကလည်း ဒီဇင်ဘာလ အတွံင်း သွားရောက်တိုက်ခိုက်ခဲ့ဖူးသည်။​ ထိုသို့တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီဘက်မှ ၉ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း KA သတင်းများကို ဖော်ပြနေသည့် Karenni Army Center – KnAC က ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။ 

ကယားပြည်နယ်ရှိ အဆိုပါ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်ဝန်းကျင် ၌ ပြည်သူပိုင်မြေ ဧက ၂၇၀၀ ကျော်ကို အဓမ္မသိမ်းယူကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ကယား(ကရင်နီ)ပြည်နယ်တွင် လူဦးရေ၏ သုံးပုံနှစ်ပုံ ဖြစ်သည့် ပြည် သူ ၂ သိန်းကျော်မှာ ဒေသတွင်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button