သတင်း

ဖရူဆိုစစ်ရှောင်စခန်း​ ဗုံးကြဲခံရ၊ ကလေးများ အပါအဝင် ၃ ဦး သေဆုံး

ယနေ့ (ဇန်နဝါရီ ၁၇) နံနက် ၁း၁၀ နာရီတွင် ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် လေယာဉ်ပေါ်မှ ဗုံးကြဲရာ စစ်ရှောင်စခန်းမှ အသက်မပြည့်သေးသော ညီအစ်မနှစ်ဦးနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဗုံးစထိမှန် သေဆုံးသွားသည်။

ဖရူဆိုမြို့နယ်အနောက်ခြမ်း ရီခီးဘူးကျေးရွာရှိ စစ်ရှောင် ၇၀၀ ခန့် နေထိုင်နေသည့် တန်းလျားအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုသုံးဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ ၁၂ နှစ်အရွယ်ရှိ ကယ်ရိုလိုင်း ခေါ် မခိုင်၊ ၁၅ နှစ်အရွယ် မာရီယာ ကော်ရက်တီ ခေါ် မချောစုတို့ ညီအစ်မနှစ်ဦးနှင့် အသက် ၅၁ နှစ်အရွယ် ဦးအန်ဒရေးယာ ဆိုသူတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“သူ့ရဲ့ (ဗုံး) အစတွေက စစ်ရှောင်ကလေးတွေအိပ်တဲ့ အဆောင်ဘက်ကို အကုန်ထိမှန်သွားတော့ ညီအစ်မနှစ်ယောက် ထိသွားတယ်။ ခန္ဓာကိုယ်ဆို အပိုင်းအပိုင်းဖြစ်သွားတယ်။ အစတွေ အကုန်လွင့်ထွက်သွားတယ်ပေါ့နော်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက ပြောသည်။

“ဦးလေးတစ်ယောက်ကကျတော့ နေမကောင်းလို့ မီးဖိုနားမှာ အိပ်နေတာ။ အဲဒီဦးလေးတစ်ယောက်ကို ထိသွားတယ်”

စစ်ရှောင်များထားရန် ပြင်ဆင်ထားသည့် အခြားနေရာတစ်ခုတွင်လည်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းထံမှ သိရသည်။

“တိုက်ပွဲ လုံးဝမဖြစ်ဘူး။ မဖြစ်ဘဲနဲ့ကို ညတုန်းက လေယာဉ်က အခေါက်ခေါက် အခါခါ လာဝဲဝဲပြီးတော့ ကျွန်မတို့လဲ ထွက်ကြည့်တယ်၊ ဒါပေမဲ့ မမြင်ရဘူး။ သူက အသံအရမ်းကျယ်တယ်၊ နီးမလိုလိုနဲ့ ဘာမှ မမြင်ရဘူး” ဟု ထိုအမျိုးသမီးက ပြောပြသည်။

ဗုံးကြဲချခဲ့သည့်နေရာအနီးမှ တန်းလျားသည် ဖရူဆိုမြို့နယ်၊ မိုဆိုရွာမှ စစ်ဘေးရှောင်များနေထိုင်သည့် တန်းလျားဖြစ်ပြီး သေဆုံးသူ သုံးယောက်စလုံးမှာလည်း မိုဆိုရွာခံများဖြစ်ကြသည်။

အဆိုပါမိုဆိုရွာမှာ ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၄ တွင် လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံထားရသည့် ရွာဖြစ်ပြီး ဒေသခံအများအပြားမှာ ထွက်ပြေးနေရသည်။ 

ဗုံးကျရောက်ပေါက်ကွဲပြီးနောက် စစ်ရှောင်စခန်းအခြေအနေကို ဇန်နဝါရီ ၁၇ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-KFBR) 

လေယာဉ်မှ ကြဲချခဲ့သည့် ဗုံးကျရောက်ပေါက်ကွဲရာနေရာသည် စစ်ရှောင်တန်းလျားနှင့် ပေ ၁၂၀ ခန့် ဝေးသော်လည်း ငါးပေခန့်နက်သည့် တွင်းကြီးဖြစ်သွားကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“သူတို့(စစ်တပ်)ရက်စက်တာ၊ ယုတ်မာတာ သိတယ်။ ဒါပေမဲ့ ဒီလောက်ထိ ဒုက္ခရောက်နေတဲ့ လူတွေ ဘယ်လောက်ထိ အကုန်လုံး လိုက်လုပ်လိမ့်မယ်လို့လဲ မထင်ဘူး။ သူတို့(စစ်ရှောင်)မှာလဲ ဒီဘက်မှာ လုံခြုံတယ်ထင်ပြီး ဒီဘက်ကို လာကြတာပေါ့နော်” ဟု ပြောသည်။

ဗုံးကြဲခံရသဖြင့် လက်ရှိတွင် ရီခီးဘူးရွာအနီး ခိုလှုံနေသည့် စစ်ရှောင်များမှာ အခြားနေရာသို့ ထပ်မံ ရွှေ့ပြောင်းပေးလိုက်ကြောင်း၊ အနွေးထည်နှင့် စောင် မလုံလောက်သဖြင့် ဆောင်းရာသီအအေးဒဏ်နှင့် ရေရှားပါးသည့်ဒဏ်ကို စစ်ရှောင်များ ကြုံတွေ့နေရကြောင်း ထိုအမျိုးသမီးက ပြောသည်။

“ကျွန်မတို့ ပြည်နယ်အတွင်းမှာ လုံခြုံတဲ့နေရာ မရှိပါဘူး။ လုံခြုံတယ်လို့ ထင်တဲ့နေရာကို ရွေးပြီး ပြေးနေရတာပဲ ရှိပါတယ်။ ဒီစစ်ရှောင်အများကြီးကို ဘယ်နေရာက လုံခြုံတယ်ဆိုပြီးတော့ နေရာထိုင်ခင်းတွေ၊ စားဖို့သောက်ဖို့တွေ ပြင်ဆင်ပေးနိုင်မလဲဆိုတဲ့ အတွေးလဲ ကျွန်မတို့ဆီမှာရှိတယ်။ ဒါပေမဲ့ ဘယ်သူမှလဲ ဒီအချိန်မှာ မလုပ်ပေးနိုင်ဘူးလို့လဲ တွေးထားတယ်။ ဒါကြောင့်မို့ ကိုယ့်အချင်းချင်းပဲ အားပေးနှစ်သိမ့်ကြတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

နန်းမယ်ခုံတွင်လည်း ၃ ဦး သေဆုံး

ယမန်နေ့ (ဇန်နဝါရီ ၁၆) ညနေ ၆ နာရီခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲသောကြောင့် ပရဟိတလုပ်နေသည့် လူငယ်သုံးဦး ပွဲချင်းပြီးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည့် နေရာကို လေကြောင်းမှ တိုက်ခိုက်လေ့ရှိသည့် စစ်ကောင်စီသည် ကရင်နီဒေသမှ တိုက်ပွဲမရှိသည့်နေရာများနှင့် စစ်ရှောင်စခန်းကဲ့သို့ အရပ်ဘက်ပစ်မှတ်များကိုပါ လေကြောင်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်။

နန်းမယ်ခုံကို လေကြောင်း၊ အမြောက်တို့နှင့် တိုက်ခိုက်ရခြင်းမှာ ထိုမြို့တွင် အကြမ်းဖက်သမားများရှိသောကြောင့် ဖြစ်သည်ဟု ယနေ့ထုတ် စစ်ကောင်စီသတင်းစာများတွင် သတင်းဖော်ပြထားသည်။

ဖရူဆိုစစ်ရှောင်စခန်း ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကရင်နီပြည်နယ်တစ်ခုလုံးတွင် စစ်ရှောင်များအတွက် လုံခြုံသည့်နေရာ မရှိတော့သဖြင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ရှောင်များအတွက် Safe Zone ခေါ် လေယာဉ်မပျံသန်းရဇုန်တစ်ခု ဖြစ်ပေါ်လာအောင် နိုင်ငံတကာက ဆောင်ရွက်စေလိုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ဇန်နဝါရီ ၁၁ က Myanmar Now ကို ပြောထားသည်။

“လူသားတစ်ဦးချင်းစီရဲ့ Right to live ဆိုတဲ့ လူ့အခွင့်အရေးအနေနဲ့ရော ပြည်နယ်တစ်ခု၊ လူမျိုးတစ်ခုရဲ့ Collective Rights ဖြစ်တဲ့ အခွင့်အရေးအနေနဲ့ရော လူသားချင်းစာနာမှုရှုထောင့်ကနေ ကြည့်ပြီးတော့ Safe Zone တွေကို ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ တောင်းဆိုချင်တယ်” ဟု ၎င်းက ပြောသည်။

“ဒီနေ့ဖြစ်ပျက်နေတဲ့ ပြဿနာတွေဟာ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းစစ်ဆိုပြီးမှ ဒါကို ခေါင်းရှောင်လို့တော့ မရတော့ဘူး”

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့ပါဝင်သည့် ကရင်နီဒေသတွင် မြို့တော်လွိုင်ကော်အပါအဝင် စစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင် ရှိနေပြီ ဖြစ်သည်။ 

အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်တွင်လည်း ဇန်နဝါရီ ၆ မှစ၍ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး မြို့စွန်ရပ်ကွက်များသာမက မြို့နယ်အထိပါ တိုက်ပွဲများကူးစက်လာပြီး ဒေသခံအများအပြား ထွက်ပြေးနေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button