မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စတည်ထောင်ကတည်းက သွင်းကုန်ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲများကို ဒါရိုက်တာအဖွဲ့တွင် အမြဲခန့်ထားခဲ့သည်ဟု ဦးပိုင်ဒါရိုက်တာဟောင်းတစ်ဦးက ဖွင့်ဟပြောသည်။
လက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်တို့နှစ်ဦး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များအဖြစ် ရှိနေသေးခြင်းအပေါ် ဦးပိုင်တွင် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောခြင်းဖြစ်သည်။
“ဒါရိုက်တာကြီးများအဖွဲ့ထဲမှာ အကောက်ခွန်ညွှန်ချုပ်နဲ့ ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲက အရင်ကတည်းက တောက်လျှောက်ပါနေတာ။ အခု ပြည်သူရွေးချယ်တဲ့ အစိုးရခေတ်ဖြစ်နေပြီဆိုတော့ မှားတာပေါ့ဗျာ။ တပ်မတော်အစိုးရမဟုတ်တော့ဘူးလေ” ဟု ဦးပိုင်၏ အစုရှယ်ယာဌာန ဒါရိုက်တာအဖြစ်မှ ၂၀၁၃ တွင် အငြိမ်းစားယူခဲ့သည့် ၎င်းက ပြောသည်။
ရန်ကုန်တိုင်းလွှတ်တော် ဒဂုံမြို့နယ်အမတ် ဦးကျော်ဇေယျသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းဖြစ်ပြီး လက်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌဖြစ်သည်။
သွင်းကုန်ပို့ကုန်ဆိုင်ရာ လုပ်ငန်းများကြီးကြပ်ရသည့် အဆိုပါဌာနနှစ်ခု၏ အကြီးအကဲရာထူးနှစ်ခုတွင် တပ်မတော်အရာရှိဟောင်းများကို ခန့်အပ်လေ့ရှိသလို ထိုရာထူးရှင်နှစ်ဦးကိုလည်း တပ်မတော်ပိုင် ဦးပိုင်လီမိတက် စတည်ထောင်သည့် ၁၉၉၀ ကာလကတည်းက ဒါရိုက်တာအဖွဲ့ထဲသို့ ထည့်သွင်းထားခဲ့ကာ ဦးပိုင်၏ သွင်းကုန်ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်ဖြစ်သည်ဟု ဦးကျော်ဇေယျက ပြောသည်။
“ပြည်ပကနေ ပစ္စည်းတွေသယ်လာတယ်ဆိုရင်၊ (ပြည်တွင်းကနေပစ္စည်းတွေ) ပြည်ပပို့ချင်တယ်ဆိုရင် ဆိပ်ကမ်းအာဏာပိုင်နဲ့ အကောက်ခွန်နဲ့ကို ဒါရိုက်တာအဖွဲ့ဝင်ထည့်ထားတော့ လုပ်ငန်းကိုင်ငန်းလုပ်ရတာ အဆင်ချောတာပေါ့ဗျာ” ဟု ၎င်းကဆိုသည်။
အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်ကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ အာဏာမလွှဲပြောင်းမီ ၂၀၁၆ မတ်လတွင် အစိုးရအရာရှိအဖြစ် ခန့်ထားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။
အကောက်ခွန်ဦးစီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ဦးပိုင်လီမိတက် စထူထောင်သည့် ၁၉၉၀ မှစ၍ ဦးကျော်ထင်မတိုင်မီအထိ ညွှန်ကြားရေးမှူးချုပ်တာဝန်ယူခဲ့သူ ငါးဦးရှိပြီး လေးဦးမှာ တပ်မတော်တွင် အနိမ့်ဆုံးအားဖြင့် ဒုတိယဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း တိတိကျကျ ဖော်ပြထားသည်။
အကောက်ခွန်ဝက်ဆိုက်တွင် တပ်မတော်သားရာထူး ထည့်မရေးထားသူတစ်ဦးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းသိန်းမှာလည်း ဗိုလ်မှူးကြီးအဆင့်ထက် မနိမ့်ကြောင်း ဦးကျော်ဇေယျက ပြောသည်။ ဦးထွန်းသိန်းမှာ ဦးကျော်ထင်၏ရှေ့မှ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အဂတိငြိစွန်းမှုဖြင့် ၂၀၁၆ မတ်လတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အကြီးအကဲအစဉ်အဆက် ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ပါလေ့ရှိသည်ကိုလည်း မိခင်ဝန်ကြီးဌာနဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က အတည်ပြုသည်။ သို့သော် ထိုဌာနဆိုင်ရာ အကြီးအကဲအဆက်ဆက် ဦးပိုင်၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ သွားမတက်ခဲ့သလို ဖိတ်ကြားခြင်းလည်း မခံခဲ့ရဟု ၎င်းက ပြောသည်။
ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုတွင် ထိုသို့ပါဝင်နေခြင်းမှာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ညီမညီ၊ အကျိုးစီးပွားပဋိပက္ခ ရှိနိုင်မရှိနိုင် မှတ်ချက်တောင်းခံရာတွင်မူ သမ္မတရုံးက ပြောပြီးဖြစ်သကဲ့သို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်နေဆဲဖြစ်သည်ဟု ဦးဝင်းခန့်က ဆိုသည်။
“ဥပဒေအရ ဘာငြိစွန်းမှုမှတော့ မရှိပါဘူး။ သူ့ဟာသူ လုပ်နိုင်ရင်လုပ်ပေါ့။ မလုပ်နိုင်ရင် ငြင်းပေါ့။ အဲဒီလိုပဲရှိတာပေါ့။ ဒါက မဟုတ်တာလုပ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ဥပဒေအရ သွားနေရတာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းကို ကျော်သွားလို့ရှိရင် ဌာနအကြီးအကဲတစ်ယောက် ချက်ချင်းဒုက္ခရောက်သွားမှာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။
၂၀၁၇ တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်လာသော ဗိုလ်မှူးဟောင်း ဦးနီအောင်မတိုင်မီ ၎င်း၏နေရာတွင် တာဝန်ထမ်းဆောင်ခဲ့သူမှာ တပ်မတော်အရာရှိအငြိမ်းစားလည်းဖြစ် ဦးပိုင်၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်ခဲ့သူ ဦးကျော်မြင့်ဖြစ်သည်။
ဦးပိုင်လီမိတက်၏ တရားဝင်ဝက်ဆိုက်စာမျက်နှာပါ ကော်ပိုရိတ်အုပ်ချုပ်မှုပုံစံနှင့် ပတ်သက်သည့် ဖော်ပြထားချက်တွင်မူ ဒါရိုက်တာအဖွဲ့သည် ရှယ်ယာရှင်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်စေရန်အလို့ငှာ အဓိကမဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ရည်မှန်းချက်ကို အစဉ်အမြဲ ထိန်းသိမ်းထားကြောင်း ပါဝင်သည်။
ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သည့် ဦးကျော်ဇေယျကလည်း သူ၏အတွေ့အကြုံအရ ဦးပိုင်၏ ဒါရိုက်တာအဖွဲ့ဝင်များမှာ လစာမရသည်မှာ မှန်သည်ဟု ဆိုသည်။ သို့သော် နှစ်စဉ် ဒါရိုက်တာဘုတ်အဖွဲ့ အမြတ်ခံစားခွင့်တော့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ဦးပိုင်က နှစ်စဉ်အမြတ်ခွဲဝေရာတွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ မည်မျှရလေ့ရှိပါနည်းဟု Myanmar Now က မေးမြန်းသည့်အခါတွင်မူ ဦးကျော်ဇေယျက “ဒါရိုက်တာကြေးက ပါချည်ပါချဲ့လည်း ပေးလို့မကောင်းဘူးလေ။ ကိန်းဂဏန်းတော့ ကျွန်တော် မပြောလိုပါဘူး။ မက်လောက်စရာဖြစ်အောင် ရပါတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
ထို့အတူ ယင်းသို့သော ကိစ္စများကို ရွေးကောက်ပွဲနည်းလမ်းဖြင့် ပထမဆုံးတာဝန်ယူသော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရတက်လာကတည်းက ရပ်တန့်ရန် မကြိုးပမ်းခဲ့သည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွင်း လစ်ဟာချက်အဖြစ် ယနေ့တိုင် ရှိနေခဲ့ရခြင်းဖြစ်သည်ဟုလည်း ဦးကျော်ဇေယျက ဝေဖန်သည်။
ဦးကျော်ဇေယျပြောသလိုပင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှာ ဌာနဆိုင်ရာအကြီးအကဲအချို့ ဦးပိုင်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရှိနေခြင်းကို မသိကြောင်း မေ ၃၀ တွင် ဝန်ခံထားရပြီး ဖြစ်သည်။
စီးပွားရေး၊ ကုန်သွယ်ရေး အချက်အချာကျသည့် ဌာနဆိုင်ရာ ရာထူးများတွင် ထိပ်တန်းနေရာ ရယူထားသူများက ဦးပိုင်အကြီးအကဲများဖြစ်နေခြင်းကြောင့် အကျိုးစီးပွားပဋိပက္ခရှိနေနိုင်ကြောင်း Myanmar Now ၏ သတင်းဖော်ပြချက် နှင့် စပ်လျဉ်း၍ မေးခွန်းထုတ်ခဲ့ရာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယခုမှသိကြောင်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ဖြေခဲ့သည်။
ထိုသို့ပူးတွဲတာဝန်ယူခွင့်ရှိမရှိ၊ အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်မဖြစ်နိုင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့၍ ဥပဒေကြောင်းအရ ဆန်းစစ်စေမည်ဟု ဦးဇော်ဌေးက ထုတ်ဖော်ပြောဆိုခဲ့ရသည်။
ဦးဇော်ဌေးကိုယ်တိုင်လည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သလို အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်မည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာလည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သည်။
ဦးပိုင်ကုမ္ပဏီတွင် ၎င်းတို့နှစ်ဦး၏ ရှယ်ယာရှိမရှိကို မသိရသလို သမ္မတရုံးက ပြောထားသည့် စစ်ဆေးမှုအခြေအနေများကိုလည်း စုံစမ်း၍မရသေးပေ။
အုပ်ချုပ်မှုအာဏာရှိသူများ ဦးပိုင်လီမိတက်ကဲ့သို့သော ကျယ်ပြန့်ကြီးမားသည့် စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်သူဖြစ်နေခြင်းကို ခွင့်မပြုသင့်ဟု ပြည်သူ့လွှတ်တော်အမတ် ဦးလှမိုးက ပြောသည်။
ထို့အတူ ရှယ်ယာရှင်အဖြစ် ပါဝင်နေသူများရှိပါကလည်း အများသိ ထုတ်ဖော်ကြေညာရန် စီစဉ်သင့်ကြောင်း အောင်မြေသာစံအမတ်ဖြစ်သည့် ၎င်းက အကြံပြုသည်။
“လွှတ်တော်အနေနဲ့ကတော့ တိုက်တွန်းတာ၊ မေးမြန်းတာ၊ လိုအပ်ရင် ဥပဒေပြုတာတွေ လုပ်လို့ရပါတယ်” ဟု ဦးလှမိုးက ပြောသော်လည်း ယင်းကိစ္စအပေါ် လွှတ်တော်နည်းလမ်းဖြင့် လုပ်ဆောင်ရန်ရှိမရှိကိုမူ အတည်ပြုချက်မရသေးပေ။
တပ်မတော်က ၁၉၉၀ တွင် ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနယ်ပယ်အများအပြား လုပ်ကိုင်နေပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် “ပြည်ထောင်စု” စာသားကို ဖြုတ်ကာ ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ’ ဟု ပြောင်းလဲထူထောင်သည်။
ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာနှစ်မျိုးရှိခဲ့သည့်အနက် ‘က’ ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ‘ခ’ ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ ‘က’ ရှယ်ယာများကို ‘ခ’ ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။
စစ်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့် ၂၀၀၉-၂၀၁၂ ဝန်းကျင်ကာလအတွင်း နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အအုံ၊ လုပ်ငန်းအများအပြားကို ပုဂ္ဂလိကပိုင်ပြုခဲ့ရာ ဦးပိုင်က ဝယ်ယူခဲ့သည့် လုပ်ငန်းအများအပြားအနက် ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတို့လည်း ပါဝင်သည်။
ထို့ပြင် မကြာသေးမီအတွင်းကပင် ဦးပိုင်လီမိတက်၏ စီးပွားရေးမိတ်ဖက်တစ်ခုဖြစ်သည့် ထာဝရနဒီသယ်ယူပို့ဆောင်ရေးလုပ်ငန်းစု (Ever Flow River Group) မှာ ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ရှယ်ယာအရောင်းအဝယ်ပြုခွင့်ရ ကုမ္ပဏီအဖြစ် မေ ၂၈ ရက်က သတ်မှတ်ခံလိုက်ရပြီးဖြစ်သည်။ထာဝရနဒီလုပ်ငန်းစု၏ နောက်ဆုံးရလုပ်ပိုင်ခွင့်များထဲတွင် ဦးပိုင်လီမိတက်၏ လက်ခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့်အတူ အမေရိကန်ဒေါ်လာ ၄၃ သန်းတန် Hlaing Inland Terminal and Logistics- HITLC အမည်ရှိ ကုန်းတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းတစ်ခု ပါဝင်နေသည်။
ရန်ကုန်စတော့အိတ်ချိန်းထံသို့ တင်ပြထားသည့် EFR ၏ ဖွင့်ဟကြေညာစာတမ်း (Disclosure Documents) ပါ မှတ်တမ်းများအရ အဆိုပါ HITLC ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို EFR က ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို လန်းပြီရေကြောင်းက ပိုင်ဆိုင်ထားကြောင်း တွေ့ရသည်။
ယင်းကြောင့် ကြီးမားသော အဂတိမှုများ ပေါ်လာနိုင်ကြောင်း၊ အထက်ဖော်ပြပါ ဦးပိုင်လီမိတက်ဒါရိုက်တာနှစ်ဦး အစိုးရအရာရှိများအဖြစ် ရှိနေခြင်းမှာ အကျိုးစီးပွားပဋိပက္ခရှိနိုင်ကြောင်း မြန်မာနိုင်ငံအတွက်တရားမျှတမှုအဖွဲ့ (Justice for Myanmar) က ဝေဖန်ထားသည်။