
ကိုဗစ်နိုင်တင်းဂယက်ကြောင့် ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ခြင်း မရှိသည့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၁ မှစ၍ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး အထက်တန်းအဆင့်မှစ၍ အသုတ်လိုက်ဖွင့်လှစ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူကဆိုသည်။
ကျောင်းများပြန်လည် ဖွင့်လှစ်ရန်အစီအစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုဗစ်နိုင်တင်း(Covid-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပညာရေးဝန်ကြီးဌာနသို့ အကြောင်းကြားလာခြင်းဖြစ်သည်ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
ယင်းကြောင့် ဇူလိုင် ၂၁ (အင်္ဂါနေ့)တွင် အထက်တန်းအဆင့် အတန်းများကို စတင်ဖွင့်မည်ဖြစ်ပြီး ၂ ပတ်ကြာ စမ်းသပ်ဖွင့်လှစ်ပြီးနောက်တွင် အခြေအနေကောင်းပါက အလယ်တန်းကိုဖွင့်မည်ဖြစ်ကြောင်း၊ အလယ်တန်းဖွင့်ပြီး တစ်ပတ်ကြာမှသာ မူလတန်းကို ဆက်ဖွင့်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
လူစုလူဝေးမဖြစ်စေရေးအတွက် ကျောင်းအပ်နှံရာတွင်လည်း အသုတ် ၃ သုတ်ခွဲကာ ဇူလိုင် ၁၃ မှ ၁၇ အထိကို အထက်တန်းကျောင်း အပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ အထက်တန်းဖွင့်ပြီး နောက်တစ်ပတ်အကြာမှသာ အလယ်တန်းအတွက် ကျောင်းအပ်နှံနိုင်မည်ဖြစ်သလို နောက်ထပ်တစ်ပတ်အကြာမှသာ မူလတန်းအတွက် ကျောင်းအပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပညာရေးဝန်ကြီးဌာန၏ ယခုအစီအစဉ်အပေါ် ပျဉ်းမနားမြို့နေ၊ ကျောင်းသားနှစ်ဦး၏ ဖခင်ဖြစ်သူ ဦးသန်းထူးက “ဒီအစီအစဉ်ကတော့ မဆိုးပါဘူး။ ဒီလိုပဲဖြစ်သင့်ပါတယ်။ စုပြုံပြီးမဖွင့်ဘဲ အတန်းကြီးတွေကနေစပြီးဖွင့်တော့ Social Distancing(ခပ်ခွာခွာနေခြင်း)ကိုလည်း ကောင်းကောင်းလုပ်လို့ရတာပေါ့” ဟု မှတ်ချက်ပြုသည်။
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးအတွက်လည်း ကျောင်းသား၊ မိဘနှင့် ဆရာ၊ ဆရာမများ လိုက်နာရမည့်အချက်များကိုလည်း အမြန်ဆုံးထုတ်ပြန်ကြေညာနိုင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။
ကျောင်းသား၊ ကျောင်းသူဦးရေ များပြားသည့် ကျောင်းများတွင် နှစ်သုတ်ခွဲ၍ တစ်လှည့်စီကျောင်းတက်ရန် စီစဉ်နေပြီး ခပ်ခွာခွာနေရမည့်စည်းကမ်း (social distancing)ကို အားလုံးမဖြစ်မနေ လိုက်နာရမည်ဖြစ်သည်ဟု ဦးကိုလေးဝင်းက မေ ၂၂ တွင် Myanmar Now ကို ပြောဆိုထားသည်။
မည်သို့ပင်ဆိုစေ ယခုနှစ်ကျောင်းဖွင့်ရာသီတွင် မိမိတို့၏ သား၊ သမီးများကို ကျောင်းပို့ရန် ချီတုံချတုံဖြစ်နေသည့် မိဘများလည်းရှိနေသည်။
ကိုဗစ်နိုင်တင်းဂယက်ကြောင့် သမီးအကြီးကို ကျောင်းထားရန် အနည်းငယ်စိတ်ချသော်လည်း သမီးအငယ်အတွက် စိုးရိမ်မှုရှိကြောင်း နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက်နေ အငှားယာဉ်မောင်း ကိုဆန်းက ဆိုသည်။
ကျောင်းဖွင့်ပါက အကြီးကိုအရင်ထားကြည့်ပြီး စိတ်ချရသည့် အခြေအနေမျိုးရှိမှသာ အငယ်ကိုကျောင်းထားမည် ဖြစ်ပြီး စိတ်ချရသည့် အခြေအနေမရှိပါက အငယ်ကိုယခုနှစ်တွင် ကျောင်းမတက်ခိုင်းရန်စီစဉ်ထားကြောင်း အလယ်တန်းကျောင်းသူတစ်ဦးနှင့် မူလတန်းကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူ ၎င်းကဆိုသည်။
သူငယ်တန်းမှ ကိုးတန်းအထိ အောင်စာရင်းများကို ဇွန် ၁၃ တွင် ထုတ်ပြန်ပေးသွားရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပြီး ၁၀ တန်း အဖြေလွှာများကိုမူ ဇွန် ၅ မှ ဇွန် ၁၆ အထိ စစ်ဆေးသွားမည်ဖြစ်သော်လည်း အောင်စာရင်းထုတ်ပြန်ပေးမည့်ရက် အတိအကျ မသိရသေးပေး။
ကျောင်းများပြန်ဖွင့်နိုင်ရန်အတွက် လတ်တလောတွင် ကန့်သတ်စောင့်ကြည့်နေရာ(Community Based Facility Quarantine) အဖြစ်အသုံးပြုနေသည့် အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်း၍ ဇွန် ၁၅ နောက်ဆုံးထားကာ ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးရန်လည်း ပြည်ထောင်စုအစိုးရက တိုင်းနှင့်ပြည်နယ်အစိုးရများထံ ပြီးခဲ့သည့်ရက်ပိုင်းက အကြောင်းကြားစာပေးပို့ထားသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကန့်သတ်စောင့်ကြည့်နေရာအဖြစ် သတ်မှတ်ထားသော အခြေခံပညာကျောင်း စုစုပေါင်း ၆၀၂၁ ကျောင်း ရှိသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ ယင်းအကြောင်းကြားစာတွင် ရေးသားထားသည်။
၂၀၁၉/၂၀ ခုနှစ် ပညာသင်နှစ်စာရင်းများအရ အခြေခံပညာကျောင်းသား၊ ကျောင်းသူဦးရေမှာ ကိုးသန်းကျော်ရှိပြီး ဆရာ၊ ဆရာမဦးရေမှာ လေးသိန်းကျော် ရှိသည်။ အခြေခံပညာအထက်တန်းကျောင်းသီးသန့်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းပေါင်း ၆၀၀၀ကျော် ရှိသည်။