အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ဖြူတွင် အထိနာစစ်တပ်က လေကြောင်းတိုက်ခိုက်၊ ၃ ဦးသေ ၅ ဦးဒဏ်ရာရ 

ယမန်နေ့က ကျောက်ဖြူမြို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆယ်ကျော်သက်များအပါအဝင် အမျိုးသမီးသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီးနောက်  လေကြောင်းတိုက်ခိုက်ရာ အမျိုးသမီး သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်၊ ည ၈ နာရီကျော်က တောင်ငူနှင့် အလယ်ရွာသစ်ကို ဗုံးကြဲရာတွင် မဝိုင်းစုဌေး (၁၆ နှစ်)၊ ဒေါ်စုစုမ (၄၇ နှစ်)နှင့် ဒေါ်အောင်မသာ (၇၄ နှစ်)တို့ သေဆုံးသည်။ မစိုးဝင်းရီ(၁၅ နှစ်)၊ မပန်းအိခိုင်(၁၆ နှစ်)၊ ဦးသိန်းရွှေ(၅၃ နှစ်)၊ ဦးအောင်ရီဝင်း(၄၃ နှစ်) နှင့် ဦးသင်္ချီအောင် (၅၅ နှစ်)တို့ ဒဏ်ရာရသွားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သေသွားတဲ့လူတွေက ပွဲချင်းပြီးသေသွားတယ်။ ဒဏ်ရာရသူထဲမှာ ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်တာတို့၊ နဖူး၊ လက်တို့မှာ ဒဏ်ရာရတာတွေ ရှိတယ်။ ဒဏ်ရာရသူထဲမှာ ဦးအောင်ရီဝင်းဆိုတဲ့ ပြိုင်းစေ့ကေရွာက စစ်ဘေးရှောင်တစ်ယောက်လည်းပါတယ် “ဟု ၎င်းကဆိုသည်။ 

နိုဝင်ဘာလ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာရှိ အာရက္ခတပ်တော်( AA) သိမ်းပိုက်ထားသည့် ရေဒါစခန်း(မိုးလေဝသတိုင်းတာရေးစခန်း)ကို အာဏာ သိမ်းစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သောကြောင့် AA ဘက်က ဆုတ်ခွာခဲ့ရသည်။

ယင်းနောက် AA ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ရေဒါဝင်းအတွင်း အလံများကိုင်ဆောင်ကာ မှတ်တမ်းဓာတ်ပုံရိုက်နေသည့် စစ်သားများသေဆုံးသွားပြီးနောက် ထိုသို့လေကြောင်းတိုက်ခိုက်မှုပြု လုပ်လာခြင်းဖြစ်သည်။

ထို့ပြင်  နိုဝင်ဘာလ ၁၇  ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲကလည်း  ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေ ကျေးရွာကို  ဗုံးနှစ်လုံးဖြင့် ကြဲချခဲ့သည်။ တပြိုင်တည်းတွင် လိပ်တင်ကျေးရွာကိုလည်း လေကြောင်းဗုံးကြဲရာ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ 

ထို့နောက် ၁၀ မိနစ်အကြာတွင် ဆူဆိုက်ဒရုန်းတစ်စီးဖြင့်လည်း ယင်း စာသင်ကျောင်းအား နေ့လယ်တွင် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားသည်။

“စာသင်ကျောင်း၌ စာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများမှာ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့၍ အသက်သေဆုံး၊ ဒဏ်ရာရမှု မရှိခဲ့သော်လည်း ၎င်းစာသင်ကျောင်းအနီးရှိ ဝက်နှစ်ကောင် သေဆုံးခဲ့ကာ စာသင်ကျောင်းအဆောက်အအုံမှာ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသော မစိုးဝင်းရီ(၁၅ နှစ်) ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ထိုနေ့ညနေ ၄  နာရီခွဲခန့်တွင် စစ်တပ်က Y-12  လေယာဉ်ဖြင့်  အမြင့်ကျွန်းတံတားအနီး  ဗုံးအလုံး ၆၀ ခန့် လာရောက်ကြဲချခဲ့သည်။ ထို့နောက်  မင်းရပ်တိုက်နယ်၊ မင်းရပ်ရွာနှင့် သံချောင်းရွာအနီးဝန်းကျင် နေရာများကို ည ၈ နာရီ ၁၇ မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၁၀ မိနစ်ခန့်အကြာတွင် ဇင်ချောင်းကမ်းခြေအနီး နေရာယူထားသည့် စစ်သင်္ဘော နှစ်စီးကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ညနေပိုင်းတိုက်ခိုက်မှုများအတွင်း ထိခိုက်၊ သေဆုံးဒဏ်ရာရမှု အသေးစိတ်အခြေအနေကို လောလောဆယ်မသိရသေးကြောင်း AA က ဆိုသည်။ 

တရုတ်ရင်းနှီးမြုပ်နှံမှုများရှိရာ ကျောက်ဖြူမြို့နယ် AA လက်ထဲမရောက်သွားစေရန်အတွက် ကြည်း ၊ရေ၊ လေဖြင့် ခုခံနေပြီး AA သိမ်းပိုက်ပြီးသော သိုင်းချောင်းရွာနှင့်သိုင်းချောင်းဆည်ကဲ့သို့နေရာများကိုလည်း စစ်တပ်က ပြန်ရယူထားသည်။

AA နှင့်စစ်ရေးရင်ဆိုင်နေရသော ကျောက်ဖြူ၊ စစ်တွေမြို့တို့တွင် အာဏာသိမ်းစစ်တပ်က ရေကြောင်းဖြင့် စစ်အင်အားတိုးမြှင့်နေသည်။

အလားတူ ဂွနှင့်သံတွဲမြို့အနီး ပင်လယ်ပြင်တို့တွင်လည်း စစ်သင်္ဘောများ သွားလာလှုပ်ရှားမှု ပိုမိုတွေ့လာရပြီး ကင်းထောက်လေယာဥ်များဖြင့် လှည့်ပတ်ကင်းထောက်မှုများပြုလုပ်လာသည်ကို တွေ့ရကြောင်း AA က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တပ်သည် ရှမ်းမြောက်ဒေသရှိ တအာင်း(TNLA)နှင့် အပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်နယ်မြေများကို လေကြောင်းဖြင့်တိုက်ခိုက်မှု ဆက်တိုက်ရှိနေသည်။

စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ရာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့နှင့် AA ထိန်းချုပ်ရာ ဂွ၊ သံတွဲ၊ အမ်း၊ တောင်ကုတ်တို့တွင်လည်း ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားရာ AA ထိန်းချုပ်သည့် ထိုမြို့များကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

လက်ရှိတွင် AA သည် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နှင့် ရခိုင်-ဧရာဝတီတိုင်းအစပ်တို့တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ လေလာတောင်၊ ကပစ ၁၆ အနီး တိုက်ပွဲဖြစ်နေကာ နတ်ရေကန် ဗျူဟာကုန်းအနီးတို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

အလားတူ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး နှင့် လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာများအနီးတွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ သိမ်းပိုက်ရန် ကျန်ရှိသောမြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။

မကြာသေးခင် ရှမ်းမြောက်တွင် စစ်ပွဲများရပ်တန့်သွားသည့် နောက်ပိုင်း AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်တို့ကို စစ်တပ်က ဗုံးကြဲမှုများဆက်တိုက်ရှိနေသည်။  

အောက်တိုဘာလကုန်မှစတင်၍  ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တောတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးများအပါအဝင်သေဆုံးသူ  နှစ်ဒါဇင်ထက်မနည်းရှိကာ ဒဏ်ရာရသူ ဆယ်ချီရှိနေသည်။ 

နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်လေယာဉ် နှစ်စီးက ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်း ရော့ကတ် နှစ်လုံးစီဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၌ နွားတင်းကုပ်ရွာ၌ လူ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်၊ ဘာထလေချောင်းအတွင်း သွားလာနေသော အရပ်သား သုံးဦး သေဆုံးကာ ဒဏ်ရာရသူ လေးဦး ရှိသည်။ ထိုနှစ်ရွာမှ အရပ်သားနေအိမ်အချို့နှင့် စက်လှေ ငါးစီး ထိခိုက်ပျက်စီးခဲ့သည်။ 

ရခိုင်တွင် AA ထိုးစစ်စတင်သော ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး( HDCO) ၏ အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Related Articles

Back to top button