မိုခါ ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီ မေ ၁၄ နံနက်ခင်းသည် မိခင်၊ ညီနှင့် နှမဖြစ်သူတို့ကို နောက်ဆုံး မြင်တွေ့ရသည့်အချိန်ဖြစ်လိမ့်မည်ဟု ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ၈ နှစ်သား အိုစ်မာန် မတွေးမိခဲ့ပေ။
သူတို့ မောင်နှမ ၄ ယောက် အိမ်ရှေ့ အုန်းပင်များကြား ဆော့ကစားနေချိန် နေအိမ် မျက်နှာချင်းဆိုင် ဘင်္ဂလားပင်လယ်အော်ဘက်တွင် မိုးသား၊ မုန်တိုင်းများ တရိပ်ရိပ် ထိုးတက်လာရာ နံနက်စာ ချက်ပြုတ်နေသော မိခင်က သူတို့ကို အဘွားဖြစ်သူ၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
မုန်တိုင်းအတွင်း ဧရာမလှိုင်းလုံးကြီးများကြောင့် အဘွား၏အိမ် ပြိုကျသွားခဲ့ပြီး သူနှင့် ၇ နှစ်အရွယ် ညီဖြစ်သူ မာမတ်နူရ်တို့ကို ပြုတ်ထွက်လာသည့် အိမ်ခေါင်မိုးက ကယ်တင်လိုက်သလို ဖြစ်သွားသည်။ ထို့နောက် နေအိမ်အနီးရှိ ကုက္ကိုပင် သစ်ကိုင်းကို သူတို့ ဖက်တွယ်ထားလိုက်ကြသည်။
“ကျွန်တော်တို့ လွင့်သွားတဲ့ အချိန်မှာ အမေက အိမ်မှာ ကျန်ခဲ့တာ။ အဲဒီမှာ ကျွန်တော့်အမေ၊ ကျွန်တော့်ညီ၊ ပြီးတော့ ကျွန်တော့်နှမ သေသွားပါတယ်” ဟု သူက မျက်ရည်သုတ်ရင်း ပြောသည်။
သူ့မိခင် ၃၅ နှစ်အရွယ် လိုင်လာဘေဂေါမ်၊ ညီဖြစ်သူ ၇ နှစ်အရွယ် အိစ္စမိုင်လ်၊ နှမဖြစ်သူ ၂ နှစ်အရွယ် အစ္စမီဂျာဟန်တို့၏ ရုပ်အလောင်းများကို မုန်တိုင်းအပြီး နောက်တစ်ရက်တွင် သူတို့ကျေးရွာအနီးရှိ ပုစွန်ကန်ဘေးတွင် ရှာဖွေတွေ့ရှိခဲ့သည်။
ဖခင်ဖြစ်သူ အသက် ၄၀ အရွယ် အဒူဂေါ်ဖုရ်မှာ ထိုဖြစ်ရပ်ဆိုးကြောင့် စိတ်ဝေဒနာ ခံစားနေရသည်။
မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကလေးငယ် ၃၃ ဦး အပါအဝင် ၉၈ ဦး သေဆုံးခဲ့သည်ဟု မြေပြင်စာရင်း ကောက်ယူနေသည့် ကျောင်းသားလူငယ်များနှင့် အလင်းရောင် လူငယ် ပရဟိတအသင်းက ထုတ်ပြန်ထားသည်။
လေဘေးသင့်သူအများစုမှာ မုန်တိုင်းအပြီး ၁ လကြာသည်အထိ လူသားချင်း စာနာမှု အကူအညီများ မရရှိသေးပေ။ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အချိန်မီ မပေးနိုင်ပါက သေဆုံးမည့် ကလေးငယ်ဦးရေ တိုးလာနိုင်သည်ဟု လေ့လာသူများက သုံးသပ်သည်။
လူသစ်ကလေး အုစ်မာန်
မိုးသည်းထန်သည့် ၂၀၁၅ မေ ၈ နံနက်ခင်းတွင် သိန်းနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်ရာ ပင်လယ်ကမ်းစပ်ရှိ ဖော်ဒီရာဒဲလ် ကျေးရွာတွင် အိုစ်မာန် မွေးဖွားခဲ့သည်။
မြို့တော် စစ်တွေနှင့် မိနစ်ပိုင်းသာ ကွာဝေးသည့် ထိုစခန်းတွင် သူ့အတွက် မွေးစာရင်း မရှိ၊ ကျမ်းမာရေး စောင့်ရှောက်မှု မရှိ၊ လုံလောက်သည့် ပညာသင်ကြားခွင့် မရှိ၊ ပြင်ပ ထွက်ခွာခွင့် မရှိ။
ကလေးငယ်တစ်ဦး၏ ရပိုင်ခွင့်များ ဘာတစ်ခုမျှ မရှိသည့် အမိုးဖွင့် အကျဉ်းထောင် ငရဲခန်းတွင် သူ့မိဘများ၏ သားဦး ဖြစ်လာသည်။
ထို့နောက် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံမှု၊ ဆင်းရဲမွေတေမှု၊ ရောဂါဘယနှင့် ပညာသင်ကြားခွင့် ဆုံးရှုံးမှုများကို နိုင်ငံမဲ့ဘဝဖြင့် အသက်ရှင်နေထိုင်ရသည့် သိန်းနှင့်ချီသည့် ရိုဟင်ဂျာကလေးငယ်များနည်းတူ အိုစ်မာန် ဆက်တိုက်ရင်ဆိုင်ရတော့သည်။
သူတို့၏ မိဘများသာမက အဘိုးအဘွားများပါ ဖော်ဒီရာဒဲလ် ကျေးရွာတွင် မွေးဖွားခဲ့ကြသည်။ သို့သော်လည်း နိုင်ငံမဲ့များအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဒုက္ခသည်စခန်းသို့ ရောက်သွားကြရာတွင်လည်း ပြင်ပသို့ ထွက်ခွာခွင့် မရကြပေ။ အိုစ်မာန်ကဲ့သို့ နိုင်ငံမဲ့ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်ပြင်ပတွင် တွေ့ရှိပါက အဖမ်းခံကြရပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲ ထောင်ချခံနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။
“ဒီ ဒုက္ခသည်စခန်းကနေပြီးတော့ သဲချောင်းအပြင်ဘက်၊ စစ်တွေမြို့အထိကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ စစ်တွေမြို့ထဲမှာ ဘာတွေရှိတယ်ဆိုတာကိုလဲ ကျွန်တော် မသိပါဘူး” ဟု အိုစ်မာန်က ပြောသည်။
အမိုးဖွင့် အကျဉ်းစခန်း
ထောင်ပေါင်းများစွာသော နိုင်ငံမဲ့ ရိုဟင်ဂျာမိသားစုများသည် စစ်တွေလေဆိပ် အနောက်ဘက်မှ စတင်ပြီး စစ်တွေနည်းပညာတက္ကသိုလ်အထိ ဘင်္ဂလားပင်လယ်အော် ကမ်းခြေတစ်လျှောက် စခန်းများရှိ ဓနိမိုး၊ ထရံကာ တဲအိမ်ငယ်များတွင် နေထိုင်ကြသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဖြေလျှော့မှုအနည်းငယ် ရရှိခဲ့ပြီး စစ်တွေမြို့သို့ သွားလာခွင့်ရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့် မရသေးပေ။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာအရေးအခင်းတွင် နေအိမ်နှင့် ပိုင်ဆိုင်မှုများ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြင်ကွင်းကို ထိုအချိန်က စစ်တွေမြို၊ ဘုမေရပ်ကွက် (၁၂) တွင် နေထိုင်သည့် ၈ တန်းကျောင်းသား ကိုဇော်မင်းထွန်း မေ့ပျောက်နိုင်မည် မဟုတ်ပေ။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဖခင်၏ ဝင်ငွေဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်ကြီး မီးထဲပါသွားသလို အစိုးရရှေ့နေတစ်ဦးဖြစ်လိုသည့် သူ့ငယ်ဘဝ အိပ်မက်သည်လည်း ပြာကျ ပျက်စီးခဲ့ရသည်။
ထိုအရေးအခင်းပြီးနောက် သူနေထိုင်ရာ ရပ်ကွက်တစ်ခုလုံး မီးလောင်ပြာကျခဲ့ရပြီး ဘုမေရပ်ကွက် (၁၅) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ၇ မိုင်ကျော် ကွာဝေးသည့် သက္ကယ်ပြင်ကျေးရွာ အလယ်တန်းကျောင်းတွင် သွားရောက် ပညာသင်ကြားခဲ့ရသည်။
၂၀၁၆ တွင် ဆယ်တန်းအောင်မြင်ခဲ့ပြီး မူလတန်းနှင့် အလယ်တန်းပြ ကျောင်းဆရာအဖြစ် ရိုဟင်ဂျာကလေးငယ်များကို ပညာသင်ကြားပေးရင်း တက္ကသိုလ်တက်ခွင့် စောင့်ဆိုင်းခဲ့ရသည်ဟု အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်သည့် ကိုဇော်မင်းထွန်းက ပြောပြသည်။
“အဲဒီ အချိန်တုန်းကဆိုရင် ကျွန်တော်တို့ကို အစိုးရကိုယ်တိုင်က ကျောင်းတက်ခွင့်မပေးတာ။ ဘာအကြောင်းပြချက်မှ မပေးဘူး။ ဘာပြောသလဲဆိုတော့ လုံခြုံရေးအကြောင်းပြချက်၊ မင်းတို့အတွက် လုံခြုံရေးမရှိလို့ ဆိုပြီးတော့ အဲဒီလိုမျိုး ပြောတယ်” ဟု သူက နာကြည်းစွာပြောပြသည်။
“ဘယ်မှ သွားလို့မရဘူး၊ ဒီမှာပဲ နေရမယ်၊ ဒီမှာပဲ စားရမယ်ပေါ့။ ပိတ်လှောင်ခံထားရတဲ့ အခြေအနေမျိုးပေါ့။ နောက်ပြီးတော့ စိတ်ထဲမှာလည်း နာတယ်၊ ဘယ်သူ့ကို ဒေါသထွက်ရမယ် မသိဘူး၊ ဒီနိုင်ငံဟာ ငါတို့အတွက် ငရဲပြည်လားလို့ ဆိုပြီးတော့တောင် အတွေးဝင်တယ်”
ထို့နောက် ၂၀၁၇ မှ စတင်ပြီး သူနှင့် တက်ကြွလှုပ်ရှားသူ ရိုဟင်ဂျာကျောင်းသားများ၏ ကြိုးပမ်းမှုကြောင့် ၂၀၂၂ မေတွင် ရိုဟင်ဂျာများ တက္ကသိုလ်တက်ရောက်ခွင့် စတင်ရရှိခဲ့သည်။
သို့သော်လည်း ဥပဒေ၊ ဘူမိဗေဒ၊ စီးပွားရေးစသည့် ဘာသာရပ်များ သင်ယူခွင့် မရသလို ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ် စသည့် တက္ကသိုလ်များတွင် တက်ရောက်ခွင့် မရရှိကြသေးပေ။
ထို့ပြင် နိုင်ငံသားဖြစ်ခွင့် စိစစ်ရေး သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်သူများကိုသာ ကျောင်းသားကတ် ထုတ်ပေးမည်ဟူသော စည်းကမ်းချက်ကြောင့် အခက်တွေ့ရပြန်သည်ဟု ကိုဇော်မင်းထွန်းက ပြောပြသည်။
“NVC မကိုင်ရင် ကျောင်းသားကတ် မပေးဘူး။ ကျောင်းသားကတ် မရှိရင် စာမေးပွဲဖြေခွင့် မပေးဘူး။ အဲဒါကို ဆန့်ကျင်ပြီးတော့ NVC နောက်မှ ကိုင်မယ်။ အရင်ဆုံး စာမေးပွဲ ဖြေမယ်ဆိုတဲ့ အခြေအနေကို ရောက်သွားပါတယ်” ကိုဇော်မင်းထွန်းက ပြောပြသည်။
အနာဂတ်မဲ့နေသည့် ကလေးငယ်များ
ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်အရေအတွက်မှာ ၇ သိန်း ၂ သောင်းကျော်သည်ဟု UNICEF က ၂၀၁၈ တွင် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် ၁ သိန်း ၈ သောင်းကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် ၅ သိန်း ၃ သောင်းကျော် ရှိသည်ဟု ဆိုသည်။
သို့သော်လည်း နှစ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ် တစ်ခုကျော် ပိတ်လှောင်ခံထားရသည့် ထိုကလေးငယ်များ၏ အနာဂတ်ကို နှစ်နိုင်ငံအာဏာပိုင်များသာမက နိုင်ငံတကာကပါ မျက်ကွယ်ပြုထားကြသည်။
အသက် ၄၀ အရွယ် Aejia Ruhul Amin သည် ရခိုင်ပြည်နယ်တွင် ၂၀၁၇ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ်ဇားဒုက္ခသည်စခန်းသို့ ထွက်ပြေး လွတ်မြောက်လာခဲ့သည့် သိန်းနှင့်ချီသည့် ရိုဟင်ဂျာများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
သူသည် ရခိုင်ပြည်နယ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ မဖြစ်ပွားမီက ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့တွင် အထက်တန်းပြ ကျောင်းဆရာဖြစ်သည်။
ကော့ဘ်ဇားဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာကလေးငယ်များ ပညာတတ်ဖြစ်လာရန် အကြောင်းမရှိဟု Aejia Ruhul Amin က ပြောသည်။
“ဘင်္ဂလားဒေ့ရှ်အစိုးရ လုပ်ပေးတဲ့ ပညာရေးစနစ်က Level အဆင့်ပဲရှိတယ်။ အတန်းစနစ်မရှိဘူး။ ကလေးတွေရဲ့ ပညာရေးစနစ်က Level 4 ဆိုရင် အဆုံးသတ်သွားပြီ။ သူတို့ လုပ်ပေးတဲ့ ပညာရေးစနစ်ကို အားမရဘူး။ ကျွန်တော့်ကလေးတွေရဲ့ ပညာရေးက ကောင်းလာမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။
သူ့တွင် ၅ နှစ်အရွယ် သားနှင့် ၃ နှစ်ခွဲအရွယ် သမီးရှိသည်၊ စားဝတ်နေရေးနှင့် ကလေးငယ်များ၏ ပညာရေး ပြည့်ပြည့်စုံစုံ သင်ကြားပေးနိုင်ရေးတို့ကြားတွင် ခက်ခက်ခဲခဲ ရှင်သန်နေရသည်ဟု AeJias Ruhul Amin က ဆက်ပြောသည်။
“ကလေးပညာရေးကို တော်တော်လေး စဉ်းစားရခက်တဲ့ အခြေအနေဖြစ်နေတယ်။ ဒီလောက် ပြုစု ပျိုးထောင်ပြီးမှ ပညာရေးကိစ္စကို ပြည့်ပြည့်စုံစုံ မပေးနိုင်ဘူးဆိုရင် အဲဒီကလေးတွေအတွက် အနာဂတ်ဆိုတာ ဘာမှ မရှိနိုင်ဘူးလေ” ဟု သူက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ကော့ဘ်ဇားဒုက္ခသည်စခန်းတွင် ကျောင်းနေရမည့် ကလေးငယ် ၄ သိန်းကျော် ရှိပြီး ၃ သိန်းခန့်မှာ သင်ကြားရေးစင်တာများတွင် ပညာသင်နေသည်ဟု ထိုဒုက္ခသည်စခန်းတွင် ပညာရေးဆိုင်ရာ အကူအညီပေးနေသည့် UNICEF က ၂၀၂၂ မေတွင် ထုတ်ပြန်ထားသည်။
ထိုကလေးငယ်များကို Learning Competency Framework Approach (LCFA) စနစ်ဖြင့် သင်ကြားပေးနေပြီး ရိုဟင်ဂျာကလေးငယ်များအတွက် အရေးပေါ်အစီအမံသာ ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနိုင်ရန် ရိုဟင်ဂျာကလေးငယ် ၁၀,၀၀၀ ပါဝင်သည့် Myanmar Curriculum Pilot စီမံကိန်းကို ၂၀၂၁ နိုဝင်ဘာတွင် UNICEF နှင့် မိတ်ဖက်အဖွဲ့အစည်းများက စတင်နေသည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဘင်္ဂလားဒေ့ရှ်ကျောင်းဆရာများက သင်ကြားပေးနေသည့် UNICEF ၏ စမ်းသပ်မှုမှာ အောင်မြင်နိုင်ခြေ နည်းပါးသည်ဟု Aejia Ruhul Amin က ထောက်ပြသည်။
“ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကလေးတွေရဲ့ ပညာရေးလမ်းကြောင်းဟာလည်း အနာဂတ် နတ္တိဖြစ်နေတယ်။ မြန်မာပြည်က ရိုဟင်ဂျာကလေးတွေရဲ့ အနာဂတ်ဟာလည်း နည်းတူပါပဲ” ဟု သူက ပြောသည်။
ကျောင်းဆရာ ဖြစ်လိုသည့် အိုစ်မာန်
ကော့ဘ်ဇားရှိ ကလေးငယ်များ ခံစားနေရသကဲ့သို့ပင် ရခိုင်ပြည်နယ်စခန်းများရှိ ရိုဟင်ဂျာကလေးများသည်လည်း မသေချာသည့် အနာဂတ် အိပ်မက်ကိုယ်စီနှင့်သာ ဖြစ်သည်။
ဇွန် ၁ တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် အာဏာသိမ်းစစ်တပ်က ညွှန်ကြားထားသော်လည်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် စာသင်ကျောင်းများမှာ ပြန်လည် ထူထောင်နိုင်ခြင်း မရှိသေးပေ။
ဖော်ဒီရာဒဲလ်ကျေးရွာရှိ ရိုဟင်ဂျာကလေးအများစုမှာ အစ္စလာမ်ဘာသာရေးကျောင်းတွင်သာ ဘာသာရေးကျမ်းစာများကို သင်ကြားကြပြီး သာဒါးပိုင်ရှိ အစိုးရအလယ်တန်းကျောင်းတွင် တက်ရောက်နိုင်သူ အနည်းငယ်ရှိသည်ဟု အိုစ်မာန်၏ အိမ်နီးချင်း အသက် ၂၄ နှစ်အရွယ် ဟာဘီဘူလာက ပြောသည်။
“အိုစ်မန်က စာတော်တယ်။ ဉာဏ်ကောင်းတယ်။ ပုံမှန် ဘာသာရေးကျောင်းလာတယ်။ သူက ကျောင်းမှာဆိုရင် ခေါင်းဆောင်မှုပညာကို ဝါသနာပါတယ်။ သူတို့ သူငယ်ချင်းတွေနဲ့ ကစားကြတဲ့ အချိန်တိုင်း အိုစ်မန်က ဦးဆောင်ပြီး ဆော့ကြတာပဲ” ဟု သူက ပြောသည်။
မိုခါဆိုင်ကလုန်းကြောင့် ဖော်ဒီရာဒဲလ်ကျေးရွာတွင် ကလေး ၇ ဦး သေဆုံးသွားရာ အနာဂတ်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု သူက ဆက်ပြောသည်။
“(ဆုံးသွားတဲ့ထဲမှာ) ဆူဟာနာဘီဘီလို့ ခေါ်တဲ့ ၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကတော့ စာအရမ်းတော်တယ်။ ကျွန်တော်တို့ လူမျိုးတွေထဲက အနာဂတ်ခေါင်းဆောင်တွေ သေသွားရသလိုမျိုးကို ခံစားနေရပါတယ်” ဟု သူက ပြောသည်။
စာတော်ပြီး ဉာဏ်ကောင်းသော၊ ကျောင်းဆရာဖြစ်လိုသော အိုစ်မာန်၏ အိပ်မက်ကို ယခင်က သူ့မိဘနှစ်ပါး ဖော်ဆောင်ပေးနိုင်သေးသည်။
ယခုအခါ ရိုဟင်ဂျာကလေးငယ်များ၏ အနာဂတ်ရည်မှန်းချက်များသည် မုန်တိုင်းကြောင့် ပြိုကျသွားသည့် စာသင်ကျောင်းများကဲ့သို့ပင် ပြန်လည် တည်ဆောက်ရန် မလွယ်ကူတော့ပေ။
မုန်တိုင်းကြောင့် မိခင် သေဆုံးခြင်း၊ ဖခင် စိတ်ဝေဒနာခံစားနေရခြင်းတို့ကြောင့် အိုစ်မာန်၏ ပညာရေးကို ဆက်လက်တာဝန်ယူရမည်ဟု အိုစ်မာန်၏ အဘိုး အသက် ၅၁ နှစ်အရွယ် ကော်ဘိရ်က ပြောသည်။
“ပြုစု စောင့်ရှောက်ဖို့ စိတ်ညစ်နေရတယ်။ တစ်နေ့စာ တစ်နေ့ ရှာဖွေစားနေရတော့ သူ့ကို ပညာတတ်တစ်ယောက် ဖြစ်လာဖို့ ငွေကြေး မတတ်နိုင်ပါဘူး။ ပညာတတ်ဖြစ်ဖို့က အထောက်အပံ့တွေ အများကြီး လိုဦးမှာ” ဟု သူက ပြောသည်။
ထက်မြက် ဉာဏ်ကောင်းသော အိုစ်မာန်လေးသည်လည်း ယခုပညာသင်နှစ်တွင် ကျောင်းပြန်တက်ရေး မဖြစ်နိုင်တော့ပေ။
“ကျွန်တော် ဒီစခန်းရဲ့ ပြင်ပကို လျှောက်လည်ချင်တယ်။ ပညာတတ်တစ်ယောက်၊ ကျောင်းဆရာတစ်ယောက် ဖြစ်ချင်တယ်။ ဒါမှ စာသင်ဖို့ ခက်ခဲနေတဲ့သူတွေကို၊ ကျွန်တော်တို့ လူမျိုးတွေကို ကူညီနိုင်မှာပါ” ဟု အိုစ်မာန်က ပင်လယ်ကမ်းစပ်ဘေးရှိ ပြိုလဲနေသည့် နေအိမ်တစ်လုံးကို ငေးကြည့်ရင်း ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)