သတင်း

မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် သက်တမ်းကုန်ဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရသူ နိုလင်းဟေဇာမှာ သက်တမ်းကုန်ဆုံးပြီဖြစ်သဖြင့် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ယမန်နေ့ (မေ ၃၁) တွင် ထုတ်ပြန်ကြေညာသည်။

နိုလင်းဟေဇာ၏ ကုလအထူးကိုယ်စားလှယ်သက်တမ်းမှာ ဇွန်လ ၁၂ ရက်နေ့တွင် ကုန်ဆုံးပြီဖြစ်ကြောင်း ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အတည်ပြုသည်ဟု AP သတင်းဌာနက ရေးသားသည်။

စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် မြန်မာ့အရေးဖြေရှင်းရေး ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်ရာ တာဝန်ထမ်းဆောင်ချိန် လပေါင်း ၂၀ သာ ရှိပြီး သူ့အလျင် ကုလအထူးကိုယ်စားလှယ်ဖြစ်သူ Christine Schraner Burgener ၏ သက်တမ်းထက်ဝက်ပင် မရှိပေ။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ ရာထူးသက်တမ်း ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းအတာအထိ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်ခဲ့ကာ ဆိုးရွားလှသည့် သွေးထွက်သံယိုမှုများလည်း နေ့စဉ် ပေါ်ပေါက်နေသည်။

နိုလင်းဟေဇာသည် ကုလအထူးကိုယ်စားလှယ်အဖြစ် အရှေ့တောင်အာရှနိုင်ငံအချို့သို့ သွားရောက်ကာ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီး မြန်မာ့အရေးဖြေရှင်းရန် ကြိုးပမ်းခဲ့သည့်နည်းတူ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း ထိတွေ့ဆက်ဆံခဲ့သော်လည်း ထူးထူးခြားခြား အောင်မြင်မှုမရခဲ့ပေ။

ဒီမိုကရေစီအရေး လှုပ်ရှားသူနှစ်ဦးအပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ​ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း နိုလင်းဟေဇာ မြန်မာနိုင်ငံရောက်လာခဲ့သည်။ သို့သော် ပထမဆုံးအကြိမ် နေပြည်တော်ရောက်လာသည့် ကုလအထူးကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်။ ဖမ်းဆီးထောင်ချခံထားရသည့် NLD ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း အာဏာသိမ်းစစ်တပ်က ခွင့်မပြုခဲ့ပေ။

ကုလအထူးကိုယ်စားလှယ်၏ နေပြည်တော်ခရီးစဉ်သည် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာ ရောက်မရောက် အငြင်းပွားမှုများ၊ ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာပြည်သူများ ခံစားနေရသည့်ဒုက္ခများ လျော့ပါးသက်သာစေရန်အလို့ငှာ နေပြည်တော်သွားရောက်ခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်းမဟုတ်ကြောင်း နိုလင်းဟေဇာက ခရီးစဉ်အပြီး ထုတ်ဖော်ပြောဆိုခဲ့ရာ စစ်ကောင်စီက အပြုသဘောမဆောင်သည့် တစ်ဖက်သတ်ပြောဆိုမှုဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာပါ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ကာ ကုလသမဂ္ဂအနေဖြင့် ၎င်းတို့ကို အသိအမှတ်ပြုမှသာ တွေ့ဆုံဆွေးနွေးရေးနှင့် အခြားသောလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည်ဆိုသည့်သဘော ထည့်သွင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမှသာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ်သွားရောက်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီက ၎င်း၏လုပ်ရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂထံ သုံးကြိမ်တိုင်ကြားခဲ့သည်ဟု နေပြည်တော်ခရီးစဉ်အပြီး တစ်လအကြာတွင် နိုလင်းဟေဇာက ထုတ်ဖော်ပြောဆိုခဲ့သည်။

စင်ကာပူနိုင်ငံသူ နိုင်လင်းဟေဇာသည် ကုလသမဂ္ဂ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၌ တာဝန်ထမ်းဆောင်နေစဉ် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က နေပြည်တော်သို့ သွားရောက်ကာ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံဖူးသဖြင့် ကုလအထူးကိုယ်စားလှယ်အနေဖြင့် တစ်စုံတစ်ရာဆောင်ကြဉ်းနိုင်လိမ့်မည်ဆိုသော ထင်မြင်ယူဆချက်များရှိခဲ့သော်လည်း လက်ရှိအချိန်၌ နိဋ္ဌိတံသွားပြီဖြစ်သည်။

ကုလအထူးကိုယ်စားလှယ်အနေဖြင့် နေပြည်တော်သွားရောက်ကာ စစ်ကောင်စီဥက္ကဋ္ဌနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သော်လည်း ရလဒ်တစ်စုံတစ်ရာ မရခဲ့ကြောင်း ထိုခရီးစဉ်အပြီး၌ NUG ၏ ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးက မှတ်ချက်ပြုဖူးသည်။

“စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိမှုအတွက် အသုံးချခံဖြစ်သွားတာ တွေ့ရပါတယ်။ စစ်ကောင်စီဘက်က ဘာမှ လိုက်လျောမှုမရဘဲ လက်တွေ့ကျတဲ့ကိစ္စတွေ ဘယ်လိုဆောင်ရွက်မလဲဆိုတာ မေးစရာရှိပါတယ်”

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် နေပြည်တော်ခရီးစဉ်အပြီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသွားရောက်ကာ ရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့ပြီး ရာထူးသက်တမ်းမကုန်ဆုံးမီ မေလဆန်းပိုင်း၌ တရုတ်နှင့် အိန္ဒိယသို့ သွားရောက်ကာ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

သို့သော် ဒေါက်တာနိုလင်းဟေဇာမှာ မြန်မာ့အရေးနှင့် ပတ်သက်၍ လပေါင်း ၂၀ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အောင်မြင်မှုတစ်စုံတစ်ရာ မရဘဲ ကုလအထူးကိုယ်စားလှယ်ရာထူးကို လက်ပြလိုက်ရပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button